လင်းနွေးအိမ် - ကျောင်းသားဆို စိတ်နဲ့တောင်မပြစ်မှားနဲ့

Photo  - မိုးစက် မြင်းခြံ

လင်းနွေးအိမ် - ကျောင်းသားဆို စိတ်နဲ့တောင်မပြစ်မှားနဲ့
(မိုးမခ) ဇန်န၀ါရီ ၃၁၊ ၂၀၁၅


သာဂိရေ-

ဒီနေ့ငါပြောချင်တာက ကျောင်းသားဆိုစိတ်နဲ့တောင်မပြစ်မှားနဲ့ ဆိုတဲ့စကားပါသူငယ်ချင်းရေ။ ဘာလို့လဲဆို မင်းတို့ငါတို့ဟာ ဗမာပြည်မှာလူလာဖြစ်ခဲ့ကြရပြီ။ ငါတို့လူလာဖြစ်ရတဲ့ကာလကလဲ ၂၀ ရာစုနှောင်းပိုင်း တပါတီစနစ်အောက်မှာဆိုတော့ လူသန်းပေါင်းများစွာကို ဒီလိုနေ၊ ဒီလိုလုပ်၊ ဒီလိုစား၊ ဒီလိုသွားဆိုပြီး၊ လက်တဆုပ်စာလူတစုကစီမံညွှန်ကြားမှုအောက်မှာလူဖြစ်ခဲ့ရတာလေ။ ဒါတွေငါသိပြီး သားပါလို့မင်းပြောလိမ့်မယ်။ မှန်တယ်သူငယ်ချင်း။ မင်းလဲသိတယ်။ ငါလဲသိတယ်။ လူအများစုလဲ သိတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် နိုင်ငံတကာကလဲသိတယ်ပေါ့ကွာ။

ဒါပေမယ့်ငါပြောချင်တာက ဒို့ဗမာပြည်ရဲ့ ခေတ် ၄ ခေတ်၊ စံနစ် ၄ မျိုးနဲ့ ဒို့ပြည်သူတွေရဲ့ရုန်းကန်မှုပါ။ ဒီလိုပါကွာ။ သီပေါမင်းကာလထိပဒေသရာဇ်စနစ်နဲ့နေထိုင်ကြီးပြင်းခဲ့ရတဲ့ခေတ်ကနေ ဗြိတိသျှအစိုးရ ကလာပြီးသိမ်းပိုက်လိုက်တော့ အရင်းရှင်ကိုလိုနီခေတ်ကိုပြောင်းသွားပါလေရော။ အဲဒီကနေ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေနဲ့တိုင်းရင်းသားပြည်သူတွေရဲ့ရုန်းကန်မှုကြောင့် လွတ်လပ်ရေး ရပြီး၊ အရင်းရှင်ကိုလိုနီခေတ်ကနေပါလီမန်ဒီမိုကရေစီခေတ်ရောက်၊ နောက်တော့ အားလုံးသိတဲ့ အတိုင်း ၁၉၆၂ ခုနှစ်ကျတော့ စစ်တပ်ကအာဏာသိမ်းပြီး တပါတီအာဏာရှင်အောက်ရောက်ရတာ ပေါ့။ ဒီခေတ်စနစ်တွေပြောင်းသွားတာကိုကြည့်တဲ့အခါ ပဒေသရာဇ်ခေတ်ကနေ ဗြိတိသျှတွေရဲ့ အရင်းရှင် ကိုလိုနီခေတ်ကိုပြောင်းတဲ့ဟာမှာ ပြည်သူတွေဆန္ဒနဲ့ပြောင်းခဲ့တာမဟုတ်သလို၊ ပါလီမန် ဒီမိုကရေစီ ခေတ်ကနေ တပါတီစနစ်ကိုပြောင်းတာကလဲ ပြည်သူတွေရဲ့ဆန္ဒနဲ့ပြောင်းခဲ့တာမဟုတ် ဘူး။ ဗြိတိသျှအရင်းရှင်ကိုလိုနီခေတ်ကနေ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်ကိုပြောင်းခဲ့တဲ့ အပြောင်းအလဲကပဲ ပြည်သူတွေဆန္ဒနဲ့လှုပ်ရှားရုန်းကန်ပြောင်းလဲခဲ့တာတွေ့ရတယ်။

သာဂိရေ-

အဲတော့ ငါပြောနေတဲ့ခေါင်းစဉ်ကိုပြန်ကောက်ရင် ကျောင်းသားဆို စိတ်နဲ့တောင်မပြစ်မှားနဲ့ ဆိုတဲ့ ကိစ္စမှာ၊ ဗြိတိသျှကိုလိုနီအောက်နေလွတ်မြောက်ဖို့ကြိုးပမ်းခဲ့တဲ့သူတွေနဲ့ တပါတီအာဏာရှင် အောက်ကလွတ်အောင်ကြိုးပမ်းခဲ့တဲ့သူတွေထဲမှာထိပ်ဆုံးကပါနေတာ ကျောင်းသားတွေဖြစ်နေလို့ပဲ။ ဗမာပြည်အကြပ်အတည်းဆိုက်နေပြီ၊ ဒုက္ခပင်လယ်ဝေနေပြီဆိုရင် ရှေ့ဆုံးကနေ အနာခံပြီးရုန်းကြွတာ ကျောင်းသားတွေဖြစ်နေလို့ပဲ။ ဒီနေရာမှာစကားစပ်တုန်းတခုပြောချင်တာက လွတ်လပ်ရေးကြိုးပမ်းမှု ကာလက ရုန်းကန်ခဲ့တဲ့ကျောင်းသားတွေကိုပြန်ကြည့်တော့ ကိုကြီးနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း၊ ကိုရာရှစ် စသဖြင့်အဲလိုကျောင်းသားတွေက တဦးချင်းထူးခြားတဲ့စရိုက် လက္ခဏာတွေတွေ့ရသလို အရည်အချင်းတွေပြည့်နေတာလဲတွေ့ရတယ်။ ကမ္ဘာသုံးဘာသာစကား ဖြစ်နေတဲ့ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားတော်ကြသလို၊ နိုင်ငံရေးမှာလဲ ကမ္ဘာနဲ့ဖြန့်ကျက်ပြီးကြည့် တတ်ကြတယ်။ ဒို့နှစ်ဆယ်ရာစုနှောင်းပိုင်းကာလ ကျောင်းသားတွေမှာကျတော့ ကမ္ဘာကြီးနဲ့ ဆက်ဆံမယ့် အင်္ဂလိပ်စကား၊ အင်္ဂလိပ်စာမကျွမ်းကျင်ကြတော့ဘူး၊ ကမ္ဘာနဲ့ ဖြန့်ကျက်စဉ်းစား တတ်မှုမှာလဲ ကျောင်းသားအများစုက အားနည်းသွားတယ်။ ဒါဘာဖြစ်လို့လဲ။ နောက်ဆုံးတွေ့ရတဲ့ အချက်တချက်က ပညာရေးပဲသူငယ်ချင်း။ ကိုကြီးနုတို့ ကိုအောင်ဆန်းတို့က ဗြိတိသျှခေတ် ပညာရေးစနစ်နဲ့လူဖြစ်ခွင့်ရခဲ့ပြီး၊ ငါတို့နှစ်ဆယ်ရာစုနှောင်းပိုင်းကျောင်းသားတွေက တပါတီ အာဏာရှင်ခေတ်ရဲ့ ကြွေးသလောက်စား၊ ပေးသလောက်ယူပညာရေးနဲ့လူဖြစ်ခဲ့ရတယ်ဆိုတာပါပဲ။

သာဂိရေ-

ဒါပေမယ့် ဒို့လူမျိုးတွေရဲ့ မျိုးရိုးဗီဇသန်စွမ်းမှုကြောင့်ထင်တယ်။ ဒီလောက် ပုံစံခွက်ထဲကြီးခဲ့ရပေမယ့် ကြိုးစားဖေါက်ထွက်ဖို့အမြဲကြိုးပမ်းခဲ့ကြတယ်။ အထူးသဖြင့် ကျောင်းသားတွေပေါ့။ ကြည့်လေ။ ၁၉၆၂ ခုနှစ်မှာ စစ်ခေါင်းဆောင်ဗိုလ်နေဝင်းက အဲဒီခေတ် တတိယနိုင်ငံတွေမှာပျိုတိုင်းကြိုက်တဲ့ နှင်းဆီလို ဖြစ်နေတဲ့ ဆိုရှယ်လစ်စနစ်ကိုသူတို့ထူထောင်မယ်လို့ပြောလိုက်တော့ နိုင်ငံရေးသမား တွေမှာ ထောက်ခံတဲ့လူကထောက်ခံ၊ မှုန်ဝါးတဲ့လူကမှုန်ဝါး၊ မှိုင်းမိတဲ့လူကမိနဲ့ဖြစ်နေတဲ့အချိန်မှာ ဒါဟာ တပါတီအာဏာရှင်စနစ်ပါပဲလို့ပြောလိုက်တာကျောင်းသားတွေပဲ။ အဲတော့ အဲဒီအချိန်က နိုင်ငံရေး သမားတွေရဲ့ရပ်တည်မှုနဲ့ ကျောင်းသားတွေရဲ့ရပ်တည်မှု ဘယ်ဟာကမှန်ခဲ့လဲဆိုတာ အခုချိန်မှာ တိတိကျကျသမိုင်းမှတ်တမ်းလို့ရပြီလေ။ မင်းလဲလက်တွေ့ပဲဥစ္စာ။ အဲတော့ကွာ ကြားထဲကအကြောင်း တွေသိပ်များများမပြောတော့ပါဘူး။ ဒီခေတ်ကစာရှည်ရင်သိပ်ဖတ်ချင်တာမဟုတ်တဲ့လူတွေထဲမှာ ငါလဲပါသွားပြီသူငယ်ချင်းရေ။ အဲတော့ တိုတိုပဲပြောတော့မယ်။ ကျောင်းသားတွေ နိုင်ငံရဲ့စနစ်တွေကို ဝေဖန်ထောက်ပြ ရုန်းကန်ထကြွမှုမှန်သမျှကိုပြန်ကြည့်ရင် ငါတို့တိုင်းပြည် ငါတို့လူ့အဖွဲ့အစည်း အတွက် စေတနာ၊ အနစ်နာတွေနဲ့ပြောခဲ့၊ လုပ်ခဲ့တာတွေချည်းပဲတွေ့ရတယ်။ အခုလဲတွေ့ရပြန်ပြီ သူငယ်ချင်းရေ။ ကျောင်းသားတွေ ဒီမိုကရေစီပညာရေးတောင်းနေတာ။ ခေတ်အဆက်ဆက် ကိုင်စွဲလာတဲ့ ဗကသများ အဖွဲ့ချုပ် ရဲ့ မူ ၅ ချက်မှာလဲ ဒီမိုကရေစီပညာရေးဆိုတဲ့ အချက်က ပါတယ်လေ။ ကမ္ဘာ့နိုင်ငံတွေကို ပြန်ကြည့်တော့လဲ ဒီမိုကရေစီပညာရေးစနစ်နဲ့ တည်ဆောက်နေ တဲ့နိုင်ငံတွေရဲ့တိုးတက်မှုတွေ တွေ့ရတာကိုး။

ဒီတော့ သူငယ်ချင်းသာဂိရေ- ကျိန်းသေတာကတော့ မင်းတို့ငါတို့လိုလူလတ်ပိုင်းရောက်သွားတဲ့သူ တွေဟာ မိသားစုကိစ္စတွေ၊ သားရေး၊ သမီးရေးတွေ၊ ကျန်းမာရေးတွေနဲ့ဘဝရုန်းကန်နေရပြီဆိုတော့ ကျောင်းသားတွေလိုမပေါ့ပါးတော့ဘူး။ စိတ်သွားတိုင်းကိုယ်မပါတော့ဘူး။ နောက်ပြီး ကျောင်းသားတွေ လို အနာခံဖို့ကိုလဲတွန့်ဆုတ်ရင်တွန့်ဆုတ်နေတော့မယ်။ စသဖြင့် အခက်အခဲတွေ၊ အကြောင်းတရား တွေအမျိုးမျိုးပေါ့ကွာ။ ဒါပေမယ့် ရွေ့လျားမှုမရှိရင် အလုပ်လို့မခေါ်သလို၊ ရွေ့လျားဖို့ဆိုရင်လဲ စွမ်းအင်သုံးရတယ်ဆိုတာတော့ ငါတို့ မင်းတို့သိပါတယ်။

မိသားစုတစုထမင်းဝဝ ခါးလှလှနေရဖို့တောင်ဘယ်လောက်ရုန်းကန်ရလဲဆိုတာဒီလိုအသက်အရွယ် ရောက်လာချိန်မှာ မင်းလဲသိပါတယ် သာဂိရေ။ အခုဟာကမိသားစုသန်းပေါင်းများစွား ထမင်းဝဝ ခါးလှလှနေရပြီး တစိမ်းတရံစာလူမျိုးခြားနိုင်ငံခြားတွေကြားမှာ ပွဲလည်တင့်အောင်နေရဖို့အတွက် ရုန်းကြွရတဲ့ကိစ္စကွ။ စွမ်းအင်ဘယ်လောက်လိုမလဲ၊ ရွေးလျားမှုနှုန်းဘယ်လောက်နဲ့မှရမလဲ။ မင်းပဲတွက်ကြည့်။ အဲဒီစွမ်းအင်တွေ က ကျောင်းသားတွေမှာရှိတယ်။ ကျောင်းသားတွေကလဲ သူတို့မှာရှိထားတဲ့စွမ်းအင်ကိုသုံးတယ်။ ဒါကြောင့် ငါတို့အနေနဲ့ ကျောင်းသားတွေနဲ့ပတ်သက်ရင် သူတို့မှာစွမ်းအင်တွေရှိနေအောင်၊ ကုန်သွားရင်လဲ ပြန်ပြည့်လာအောင်တတ်နိုင်သလောက် ဝိုင်းပံ့ပိုးရမှာဖြစ်တဲ့အပြင်၊ ကျောင်းသားဆိုစိတ်နဲ့တောင်မပြစ်မှားနဲ့လို့ပြောချင်တာပါသူငယ်ချင်းရာ။

စာလဲတော်တော်ရှည်သွားပြီး၊ မင်းအတွက်လဲ အင်တာနက်ဖိုးတော်တော်ကုန်တော့မယ်။ နှုတ်ဆက်တယ်သူငယ်ချင်းရေ။

လင်းနွေးအိမ်

ဇန်နဝါရီ ၂၈ ရက်။ ၂၀၁၅။