နေ၀န်းနီ (မန္တလေး) - အတိတ်မှတ်တိုင်များဆီသို့ လွမ်းဆွတ်ခြင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅
တစ်ချိန်က သူငယ်ချင်းတစ်စု အတူပျော်ရွှင်ခဲ့တဲ့ ရတနာပုံကျောင်းတော်ရဲ့ကြီးရဲ့ ဘွဲ့နှင်းသဘင်အခန်းမဆောင်ရှေ့တွင် လူငယ်လေးများကိုကြည့်ရင်း တက္ကသိုလ်ကျောင်းသားဘဝပုံရိပ်များက ကျွန်တော့်အတွေးထဲတွင် ထိုခဏလေးမှာပင်စိုးမိုး သွားလေသည်။
ကျွန်တော်တို့ ရတနာပုံတက္ကသိုလ်ကြီးကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စုတွင်တည်ရှိလေသည်။ကျောင်းတော်ကြီး၏ အရှေ့ဘက်တွင် အိုးဖိုကျေးရွာ၊ အနောက်ဘက်တွင် တောင်သမန်ကျေးရွာ၊ မြောက်ဘက်တွင် ထန်းတောကျေးရွာတို့ရှိသည်။ အမိတက္ကသိုလ်ကြီး၏ အရှေ့၊ အနောက်၊ မြောက်ဘက်တွင် တောင်သမန်အင်းကြီးက ဝိုင်းရံလျက်ရှိလေသည်။ ရတနာပုံတက္ကသိုလ်သည် မန္တလေးတိုင်းဒေသကြီး ဒေသကောလိပ်မှစ၍ မြစ်ဖျားခံ အခြေတည်ခဲ့သည်။
၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရတနာပုံကောလိပ် {မန္တလေး} လို့ အဆင့်မြှင့်ပြောင်းလဲ ဖွင့်လှစ်ခဲ့သည်။နောက်တော့ တဖြည်းဖြည်းကျောင်းသားဦးရေများလာသဖြင့် ၂၀၀၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာတော့ ရတနာပုံ တက္ကသိုလ်ဆိုပြီး အဆင့်တိုးမြှင့်၍ တောင်သမန်ကျေးရွာအုပ်စုတွင် တည်ဆောက်ဖွင့်လှစ်ခဲ့လေသည်။ အမိတက္ကသိုလ်သည် {၈၃.၂၆} ဧက ကျယ်ဝန်းလေသည်။ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် မိခင်ကျောင်းတော်ကြီး၏ သမိုင်းကျောင်းကိုရှင်းပြပေးတဲ့ဆရာကြီးရဲ့အသံကိုပြန်လည်ကြားရောင်ရင်း သူငယ်ချင်းတစ်စုအတူ ပျော်ရွှင်ခဲ့တဲ့ အမိတက္ကသိုလ်ကြီးရဲ့ စာသင်ခန်းရှေ့မှ တစ်ခန်းပြီးတစ်ခန်း ဖြတ်လျှောက်လာခဲ့သည်။
မှတ်မှတ်ရရ {၁၈၊၂၊၂၀၀၄} ည ၁၂ နာရီမှစ၍ တောင်သမန်အင်းကြီးအတွင်းမှရေများတားကိုကျော်၍ကျောင်းဝင်းထဲသို့ ရေများဝင်လာပြီး {၁၉၊၂၊၂၀၀၄} နံနက်တွင် ရတနာပုံတက္ကသိုလ် ကျောင်းဝင်းကြီးထဲသို့ရေများဝင်ရောက်လာပြီးလှေများနှင့် ကျောင်းတက်ခဲ့ရသည့်ပုံရိပ်များက မေ့နိုင်ဖွယ်မရှိပေ။ ဟိုတုန်းက မြေညိုညိုလမ်းလေးမှာ တစ်ယောက်ပုခုံးကို တစ်ယောက်ဖက်ပြီးစရင်းနောက်ရင်း သီးချင်းတွေအော်ဆိုပြီး ကျောင်းတက်ခဲ့ရတဲ့နေ့ရက်များနဲ့ ကျောင်းတော်ကြီး၏ နီညိုရောင်ဆေး သားများက ရင်ထဲမှာ ထင်ကျန်နေစဲပါ။ ဆိုင်ကယ်စတင်း (န်)၊ မုန့်ကင်တင်း (န်) နဲ့ ဦးကုလားထန်းရည်ဆိုင်မှာလည်း ကျွန်တော်တို့ခြေရာများစွာကျန်ရစ်ခဲ့ပေသည်။
တနေကုန်စာကျက်လိုက်ကျောင်းတက်လိုက်နဲ့ စိတ်ဖိစီးမှာများလာတဲ့အခါ သူငယ်ချင်းတစ်စု လေအေးတွေကိုရှူရှိုက် ပင်ပန်းသမျှတွေအပန်းဖြေဖို့ တောင်သမန်တံတားပေါ်ဖြတ်လျှောက်ပြီး တံတားက အကြော်ဆိုင်လေးမှာ ရေနွေးသောက်ရင်းအကြော်စားခဲ့အပန်းဖြေခဲ့သည်။ဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုကြားမှာသူငယ်ချင်းတွေခင်ခင်မင်မင်ရင်းရင်းနှီးနှီး နဲ့ ပျော်ရွှင်စွာ တစ်ယောက်အခက်ခဲကိုတစ်ယာက်ကူညီကြ နားလည်မှုတွေနဲ့ပေးဆပ်ရင်း ကျွန်တော်တို့ရဲ့ အနာဂတ်အတွက် ရတနာပုံ ဆိုတဲ့မန္တလေးတက္ကသိုလ်ကြီးမှာ ပညာတွေရှာဖွေခဲ့ကြတယ်။
ရည်မှန်းချက်တွေကိုလည်းအမိတက္ကသိုလ်ကြီးက အကောင်ထည်ဖော်ပေးသည်။ ကျွန်တော် စာရေးဆရာတစ်ယောက်ဖြစ်အောင်လည်း အမိတက္ကသိုလ်ကြီးက မြေတောင်မြှောက်ပေးခဲ့သည်။ကျောင်းနံရံကပ်စာစောင်တွင် စာတို၊ ကဗျာတိုလေးများ ရေး ၊ ရတနာပုံတက္ကသိုလ် ရဲ့ နှစ်လည်မဂ္ဂဇင်းတွင် ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးလေးများကိုရေးရင်းနဲ့ အမိတက္ကသိုလ်ကနေ စာရေးဆရာဘဝကို အစပြုလာခဲ့သည်။ မခွဲခွာချင်ပေမယ့်လည် ကျွန်တော်တို့တွေ အချိန်ရဲ့ခေါ်ဆောင်ရာကိုလိုက်ပါလာရ သည်။ ရင်ထဲမှာမချိပေမယ့်လည်း အစဉ်သတိရလျက်ရှိသည်။ တမြေ့မြေ့ဟောင်းနေပေမယ့် လွမ်းမောစရာတက္ကသိုလ်နေ့ များကို ဆယ်နှစ်ဆယ်မိုးကြာခဲ့ပေမယ့် ကျွန်တော့်ရဲ့ ခေါက်ရိုးကျိုးအတွေးများနဲ့အတူ အမိတက္ကသိုလ်မြေကို ကျွန်တော် အလွမ်းတွေနဲ့ခယလို့....။