ငြိမ်းချမ်းအေး - အောင်ဆန်းသွေးဆိုတာ အမွေခံနိုင်မှ ရတယ်


ငြိမ်းချမ်းအေး  - အောင်ဆန်းသွေးဆိုတာ အမွေခံနိုင်မှ ရတယ်
(မိုးမခ) ဖေဖော်ဝါရီ ၀၈၊ ၂၀၁၅

ခါတော်မီ အောင်ဆန်းချစ်ကြပုံများ အတင်းအဖျင်း မင်းသမီး ဗိုက်ကြီးတဲ့ သတင်း လိုက်နေကျ အဝါရောင် စာနယ်ဇင်းက အစ အောင်ဆန်းပုံတင် လုပ်စားနေကြတယ်။  အောင်ဆန်းသမီးက လာဘ်ရွှင်စေသလို အောင်ဆန်းပုံလည်း ဇီးကွက်ရုပ် ဖြစ်ရတယ်။

ပေါ်ပင်များ ဆီလီကွန်ရုပ်ကို ထိုင်ကန်တော့ရုံနဲ့ အောင်ဆန်းကို ကြည်ညိုရာ မရောက်ဘူး။

အောင်ဆန်းလမ်းစဉ်ကို လိုက်မှ အောင်ဆန်း ကို ရိုသေမြတ်နိုး ဦးထိပ်ထားရာ ရောက်တယ်။

အဘ တွေကို ထိုင် ရှိခိုးလိုက်၊ အမေ ဆိုလည်း ပြေး ကန်တော့ လိုက်၊ အခု အရုပ်လည်း ကုန်း ဦးချ လိုက် လုပ်ရင် ကျွန် စိတ် ပဲ ဝင်မယ်။  စစ်ကျွန် ပဲ ဆက်ခံလိုမယ်။  အောင်ဆန်းလို သခင် စိတ် ဝင်မှာ မဟုတ်။

အောင်ဆန်းရဲ့ မကြောက်တရား အနိုင်မခံ လမ်းစဉ် “ငါသာလျှင် ငါ့ကံ ၏ အရှင်သခင်၊ ငါသာလျှင် ငါ့ စိတ် ၏ အကြီးအကဲ” စိတ်ဓာတ် အတိုင်း ခေါင်းဆောင် မလို၊ အမေ အားမကိုး လမ်းပေါ်ထွက်ကာ စစ်ကျွန်ပညာရေးကို တော်လှန်နေတဲ့ ကျောင်းသားများကို ဝန်းရံခြင်းက အောင်ဆန်း ရာပြည့် ကို အနှစ်သာရ ရှိရှိ ပုံဖော်နိုင်ခြင်း ဖြစ်ပါမယ်။

ကယ်တင်ရှင် ဘယ်သောအခါမှ မရှိ၊ မပေါ်၊ ကိုယ်ထူမှ ကိုယ်ထ၊ ကိုယ်ထမှ ကိုယ်ရ၊ ကိုယ်လွတ်မြောက်မယ့် အောင်ဆန်းလမ်းကို ကျောင်းသားတွေက အပြည့်အဝ အမွေဆက်ခံနေတယ်။

ပညာအငတ်ဘေး ကျရောက်နေတဲ့ ကျောင်းသားတွေ ထလော့ ထလော့၊ စစ်ကျွန်ပညာရေး လွတ်မြောက်ဖို့ ထလော့ ထလော့ ဆိုပြီး နိုင်ငံအနှံ့ ကြွေးကြော်နေကြတယ်။  ကျောင်းသားအပေါင်း စုရုံးကြ၊ လူထုအများလည်း ဝန်းရံကြတယ်။

"ကျောင်းသားခေါင်းဆောင် ဘယ်သူလဲဟေ့"

"Everybody is the leader of himself” (လူတိုင်း ကိုယ့်ကိုယ်ကို ခေါင်းဆောင်နေကြတာပဲ။) ဒါ သခင်တို့ရဲ့ ဘိုးအေကြီး သခင်ဘသောင်း စကား။  

ဒီစကားလမ်းစဉ်တိုင်း လိုက်တာက သခင်အောင်ဆန်းနဲ့ လူငယ်များ။

ကျွန်အောင်ဆန်းနဲ့ လူငယ်များ မဟုတ်ခဲ့လို့ လွတ်လပ်ရေး ယူနိုင်ခဲ့တယ်။

အခုလည်း စစ်ကျွန်ခံမယ့် ကျွန်ကျောင်းသားများ မဟုတ် သခင်ကျောင်းသားများ ဖြစ်တာမို့ သူများတွေ လက်ပိုက်၊ ဦးညွတ် နေချိန်မှာ လမ်းပေါ်မှာ ပြည်သူနဲ့အတူ လက်ရုန်းတွေကို ဆန့်တန်းနေကြတယ်။  

ခေါင်းဆောင်မလို၊ နဖားကြိုးထိုးခံ မဟုတ်၊ ကိုယ့်ကြိုးကို ကိုယ် ဆွဲ၊ ကိုယ် ဇာတ်ကို ကိုယ်က ကြတယ်။

ဒါဟာ အောင်ဆန်း စိတ်ဓာတ်၊ ဒါဟာ အောင်ဆန်း အကျင့်၊ ဒါဟာ အောင်ဆန်း တရား၊ ဒါဟာ အောင်ဆန်း လမ်းစဉ်။

ဒါထက် ပို အောင်ဆန်း ကို ဂုဏ်ပြုနိုင်တာ ဘာရှိမလဲ။

လူကို မကိုးကွယ်၊ အရုပ်ကို မရှိခိုး၊ တရားကို ကိုးကွယ် တရားကို ဦးညွတ် မျက်မှောက်ပြု အောင်ဆန်းဇာနည် စိတ်မွေးကြပါ။  လက်တွေ့ အောင်ဆန်းလမ်းစဉ်ကို ကျင့်သုံးနေတဲ့ လူငယ်များကို ဝိုင်းဝန်းပေးကြပါ။

ဆီလီကွန် အောင်ဆန်း ထက် လမ်းပေါ်က တကယ့် အောင်ဆန်းလေးများကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တနိုင် ဝိုင်းဝန်း ထောက်ခံမှု ပေးကြပါ ခင်ဗျာ။

အောင်ဆန်း ရှိရင်လည်း ဒီစကားပဲ ပြောပါလိမ့်မယ်။

ငြိမ်းချမ်းအေး
၀၇ ဖေဖော်ဝါရီ၊ ၂၀၁၅


(ဝေဖန်ရန် - nyeinchanaye81@gmail.com)