သစ်ကောင်းအိမ် - ငွေလရောင်ရဲ့ တိမ်းရှောင်သူ (အပိုင်း - ၅)
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၁၅
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၁၅
ကျနော် ၅ တန်းစာမေးပွဲဖြေဆိုပြီးသည့် နှစ်တွင်တော့ အနော်မာမြစ်တဖက်ကမ်းကို လှမ်းမျှော်ရည်စူး၍ အဖေနဲ့အမေက ကျနော်တို့ တခြံကျော်ရှိ တိုက်ကြီးကျောင်းမှာ ကိုရင်ဝတ်ပေးပါသည်။
ထိုစဉ်က ကျနော်တို့ ရပ်ကွက်ရွာဦးရှိ ဘိုးဘွားအစဉ်ဆက် ကိုးကွယ်ဆည်းကပ်ခဲ့သော ကျောင်းထိုင်ဘုန်းဘုန်းမှာ ကျောင်း ဝန်းကျယ်ကြီးတခုလုံး တပါးတည်း အုပ်စိုးခြယ်လှယ် သီတင်းသုံးနေထိုင်လေရာ ကျောင်းကြီးပေါ် မောင်မဆော့ပေမယ့် အလှူပြီးသည့်ညမှာပဲ ကျနော်ကိုရင်အား လက်ခံစောင့်ရှောက်မည့်သူမရှိသဖြင့် တခြံကျော်ရှိ ကိုယ့်အိမ်ကိုယ်ပြန်ကာ သီ တင်းသုံးနေထိုင်ရပါသည်။
အဖေရယ် အမေရယ် အိမ်ရယ်နဲ့ ကျနာ် တခါမှ ခွဲမအိပ်စဖူး.. အိမ်ရှေ့ခန်းက သီးသန့်ခင်းကျင်းပေးထားသည့်အိပ်ရာပေါ်က သင်္ကန်းနံ့ စူစူးပေါ် လူးလိမ့်လို့ ကြမ်းတပြေးကြီးပေါ်မှာ အလွမ်းကြီးကြီး …ကျမ်းကြီးကြီး ညတညပါ မေမေရယ်….
ဘယ်အမျိုးသမီးနဲ့မှ တမိုးတည်းအောက်မအိပ်ရဆိုတော့
ကျနော် ငရဲရောက်ရတော့မှာလား …
အမေ့မေတ္တာတရားမှာ
တရားဦးမနာဘဲ
ဈာန်နဲ့ ပျံကြွနိုင်သူ
ရဟန္တာ..
ကောင်းကင်မှာ
ဘယ်နှပါးများ ရှိပါလိမ့် …။
(ဆက်လက်ဖော်ပြပါမည်)
ဓာတ်ပုံ - အောင်ထက်