ငြိမ်းချမ်းအေး - အခွင့်ထူးခံ ဓလေ့ကိုဖျက်ပါ

ငြိမ်းချမ်းအေး - အခွင့်ထူးခံ ဓလေ့ကိုဖျက်ပါ
(မိုးမခ / Friday Times) ဖေဖော်ဝါရီ ၂၅၊ ၂၀၁၅

ဒီဆောင်းပါးကတော့ အရင် မိုးမခဆောင်းပါးဟောင်းတွေပါ အာဘော်တွေကို အခြေခံပြီး အရင်တပတ်က ပြည်တွင်းဂျာနယ် အတွက် ရေးခဲ့တာပါ။  မျက်မှောက်ရေးရာ ထိပ်တန်းသတင်းတခုခု အခြေခံမဟုတ်ပေမဲ့ ဒီအကြောင်းအရာ ဆက်စပ်အ တွက် အခြေခံကျကျ များများပြောဖို့လိုအပ်တယ်ထင်လို့ပါ။  မိုးမခ စာဖတ်သူများမှာလည်း ကိုယ်တွေ့ ခံစားချက် အတွေ့ အကြုံ ဖြစ်ဖြစ်၊ သီးခြားအမြင်ဖြစ်ဖြစ် ပြန်ပြောစရာရှိရင် ကြားချင်ပါတယ်ခင်ဗျာ။
×××××××××

မြန်မာ့ဓလေ့မှာ လူတန်းစား ဇာတ်စနစ်ဆိုတာမရှိပါ။ နိုင်ငံစတည်ထောင်ချိန်မှာ ပျူ၊ မွန်တို့ကတဆင့် မွေးစားလိုက်တဲ့ အိန္ဒိ ယက အယူဝါဒ ဗုဒ္ဓတရားကြောင့် ဇာတ်ခွဲခြားမှုဆိုတာ သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါ။  ဒါ့အပြင် အင်္ဂလိပ်စနစ်မှာလို သူကောင်းမျိုးဆိုတာတွေ သတ်သတ်မှတ်မှတ် သားစဉ်မြေးဆက် ရာထူး ရာခံ ဂုဏ် ဘွဲ့အမည်ကို အမွေဆက်ခံ၊ မျိုးဆက် အလိုက် စံစားခွင့်ရှိတဲ့ ဓလေ့လည်း မရှိပါဘူး။  ဆိုတော့ မြန်မာ့ဓလေ့မှာ ယေဘုယျ ကြည့်ရင် လူတန်းစား ခွဲခြားမှု၊ အခွင့်ထူး ခံလိုမှု လုံးဝမရှိသလောက်ဘဲလို့ ရိုးရာဓလေ့အရ ယူဆနိုင်စရာ ရှိတယ်။ ဒါပေမဲ့ ဒါဟာ အပြည့်အဝ မမှန်ပါဘူး။

မြန်မာ့ဓလေ့ မှာ အခွင့်ထူးခံကို သူ့နည်း သူ့ဟန်နဲ့ သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်စနစ် ကတည်းက တည်ရှိ၊ ကျင့်သုံး အရိုးစွဲနေခဲ့ကြတယ်။  မြန်မာတွေဟာ မင်းအစိုးရကို ရန်သူမျိုး ငါးပါး ထဲမှာ ထည့်ထားပေမဲ့ လူတိုင်းက မင်းမှုထမ်းတော့ ဖြစ် လိုကြတယ်။  ပဒေသရာဇ်ခေတ် ရှင်ဘုရင်ဟာ ရေမြေ့ရှင်ဖြစ်သလို မင်းမှုထမ်း၊ ဝန်ကြီး၊ မှူးမတ်တွေကလည်း အာဏာစက် ပြင်းတယ်။  ဒါကြောင့် မြန်မာတွေဟာ မင်းအစိုးရနဲ့ မင်းမြှောက်ကပ်ပါးတွေကို ရန်သူ အသွင်ထားပြီး အခွင့်ထူးခံတွေကို မုန်းသလောက် ကိုယ်တိုင်တော့ ဘဝရပ်တည်ရေးအလို့ငှာ အခွင့်ထူးခံ ဖြစ်လိုကြတယ်။ ကိုယ်မဖြစ်နိုင်ရင်တောင် ကိုယ့်သား သမီးတော့ ဖြစ်စေချင်ကြတယ်။  မင်းမှုထမ်းကို အာ မခံနိုင်တော့ ကိုယ်ကိုယ်တိုင် ဘုရင်အခစား၊ ရာထူးယူဖို့ ကြိုးစားရတယ်။  ဒါမှ လူရိုသေ ရှင်ရိုသေဖြစ် မင်းနဲ့အောက်ဆွဲတသိုက်ရဲ့ အနှိပ်စက်ခံလွယ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ပါ။  ဒီလိုနဲ့ အခွင့်ထူးခံဓလေ့ ဟာ သန္ဓေတည်လာခဲ့တယ်။

ဒီသဘောကို အင်္ဂလိပ်ကိုလိုနီခေတ် အထိ ဆက်သယ်လာခဲ့ကြတယ်။  အင်္ဂလိပ်များကလည်း “လစ်ဘရယ်လ်ဒီမိုကရေစီစနစ်” လို့ ကြွေးကြော်ပေမဲ့ ကမ္ဘာမှာ (အဲဒီခေတ်) လူတန်းစား အခွဲခြားဆုံး၊ လူမျိုးရေး အခွဲခြားဆုံး၊ လူ့အခွင့်အရေးကို အချိုးဖောက် ဆုံးလူတွေ ဖြစ်ခဲ့တယ်။  အင်္ဂလိပ်တွေဟာ တိုင်းပြည်မှာ ကောင်းမွန်မျှတတယ်လို့ ယေဘုယျ ယူဆနိုင်စရာရှိတဲ့ လစ်ဘရယ် လ် ဒီမိုကရေစီအကျင့်၊ အကြံ၊ ဓလေ့ထုံး တရားဥပဒေတွေနဲ့ ကောင်းမွန်တဲ့ တိုင်းပြည်အုပ်ချုပ်ရေးစနစ်ကို တည်ထောင်ပေး၊ သက်ဦးဆံပိုင် ပဒေသရာဇ်မင်းဆိုးလက်ထဲက မြန်မာနဲ့ အခြားတိုင်းရင်းသားတွေကို လွတ်အောင်လုပ်ပေးခဲ့ပေမဲ့ တဖက်မှာ လည်း “ငါတို့သာ လူဖြူ အရှင်သခင်ကြီးများ” ဆိုပြီး ဘုရားထူး၊ လက်အုပ်ချီ အခွင့်ထူးဆက်ခံတယ်။  ဒါကြောင့် အုပ်ချုပ်ရေး မှာ အရာရောက်တဲ့ မင်းမှုထမ်းရဲ့ အခွင့်ထူးခံဓလေ့က မပျောက်သွားဘဲ အင်္ဂလိပ်လူမျိုးမဟုတ်တဲ့ တိုင်းရင်းသား မြန်မာနဲ့ အခြားလူမျိုးစုတွေလည်း အချင်းချင်း ဆက်ဘုရားထူးခိုင်း၊ လက်အုပ်ချီခိုင်းနဲ့ အခွင့်ထူးဆက်ခံခဲ့ကြတယ်။

စာရေးဆရာ သိန်းဖေမြင့်ကို သူ့အဖေက အင်္ဂလိပ်ကျောင်းထားတာဟာ သူ (ဖခင်) မြေတိုင်းစာရေးဘဝကလာသမျှ မြေ တိုင်းဗိုလ် ဝန်ထောက်တွေကို လက်အုပ်ချီ၊ ဘုရားထူးခဲ့ရလို့ ငါ့သား ပညာတတ်၊ ဘွဲ့ရ၊ ဝန်ထောက်ဗိုလ်ဖြစ်ရင် ဘုရားထူး လွတ်မှာပဲဆိုပြီး အဲဒီစိတ်၊ မျှော်မှန်းချက်နဲ့ အင်္ဂလိပ်ကျောင်းပို့ခဲ့ခြင်းဖြစ်တယ်လို့ ဆရာသိန်းဖေမြင့် ရေးခဲ့ဖူးတယ်။  ကိုလိုနီ ခေတ် သာမန် မိသားစု၊ အဖိနှိပ်ခံ နင်းပြား မိသားစု တိုင်းလိုလို မှာ ဒီသဘော ရှိခဲ့ကြတယ်။  မထူးဆန်းပါဘူး၊ နားလည်ပေး နိုင်စရာပါပဲ။ အခွင့်ထူးခံစိတ်ကိုတော့ မနှစ်မြို့ဘူး။ ဒါပေမဲ့ အဲဒီစနစ်ပျောက်အောင်လည်း မကြံစည်နိုင်ဘူး။ ဒါကြောင့် အခွင့် ထူးခံဖြစ်အောင်ပဲလုပ်ဆိုတဲ့ သဘောပါပဲ။

ဆိုချင်တာက ပဒေသရာဇ်ခေတ်က သန္ဓေတည်ခဲ့တဲ့ အခွင့်ထူးခံဓလေ့ဟာ ကိုလိုနီခေတ် လစ်ဘရယ်လ်ဒီမိုကရေစီလို့ ဆို သည့်တိုင်အောင် မပျောက်ခဲ့ပါဘူး။

ပြီးတော့ ဂျပန် အကူအညီယူ အင်္ဂလိပ်ကို တော်လှန်ခဲ့ကြတယ်။  ကိုယ့်မင်းကိုယ့်ချင်း တပိုင်းတစ စဖြစ်တဲ့ ဂျပန်ခေတ်မှာ အရင်ခေတ် “သခင်ပေါက်စ ထောင်ခြောက်လ” ဘဝနဲ့ အနစ်နာခံ နိုင်ငံရေး၊ နယ်ချဲ့ဆန့် ကျင်ရေး လုပ်ခဲ့သူတွေ အခွင့်ထူးခံ တန်း ဖြစ်ခဲ့တယ်။ သခင်တွေ ဈေးကောင်းလာခဲ့တယ်။  ဘီအိုင်အေ ဗိုလ်တွေ ဈေးကောင်းလာခဲ့တယ်။  ခေါင်းပေါင်းကို မြို့အုပ်ပေါင်း၊ ဘီအေပေါင်းရှိခဲ့သလို၊ ပုဆိုး၊ အင်္ကျီအဆင်ကို မြို့အုပ်၊ ဘီအေ အတွက် သီးသန့် ရှိခဲ့သလို ဘီအိုင်အေ စစ်ဗိုလ်တွေအတွက် သီးသန့်ဝတ်စားဆင်ယင်မှု ဖက်ရှင်တောင်ဖြစ် ရေပန်းစားလာခဲ့တယ်။ သမက်ဖမ်းခံရတယ်။  အဲဒီတုန်း က အဲဒီလို အခွင့်ထူးခံသခင်နဲ့ ဘီအိုင်အေဗိုလ်တွေကို လိုက်နှိမ်နင်းရတာကိုက မနည်းခဲ့ဘူး။

ပြီးတော့ အားလုံးသိတဲ့ အတိုင်း ဂျပန်တော်လှန်ရေးဖြစ်၊ အင်္ဂလိပ်ပြန်ဝင်လာတယ်။  နိုင်ငံရေးနည်းနဲ့ပဲ လွတ်လပ်ရေး ရလာတယ်။  ပြည်တွင်း စစ်ဖြစ်တယ်။  လွတ်လပ်ရေး အရှိန် မသေသေးလို့ နိုင်ငံရေး သမား (သခင်ဟောင်း) သြဇာ ရှိလျက် ပဲ။  ပြည်တွင်းစစ်ကြောင့်လည်း စစ်ဗိုလ်က တိုင်းပြည်မှာ အခွင့်ထူးခံဖြစ်လျက်ပဲ။  ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်လျက်ပဲ။  အထူးအခွင့်အရေး ပါမစ်ဆိုတာတွေကလည်း ရတာကိုး။  အခွင့်ထူး မခံတဲ့ သခင်လေးမောင်၊ သခင်ဝတင်လို လူနည်းစု ပြည်သူ့နိုင်ငံရေးသမားတွေကျ သမိုင်းမှတ်ကျောက်တင် ခံနိုင်တယ်။

ဒါပေမဲ့ တိုင်းပြည်ဓလေ့ အရတော့ အခွင့်ထူးခံ ဓလေ့ဟာ ဒီမိုကရေစီ အစိုးရခေတ်၊ ကိုယ်လူမျိုးချင်း အုပ်ချုပ်ရေးစနစ်မှာ ပျောက် မသွား၊ လျော့မသွားတဲ့အပြင် ပိုတောင်တိုးလာ၊ အမြစ်တွယ်လာခဲ့တယ်။ အစိုးရနဲ့ သင့်မြတ်သူ တစု လိုင်စင်စီး ပွားရေးနဲ့ ကျိကျိတက်ချမ်းသာတဲ့ စနစ် စတင်လာခဲ့တယ်။

နောက်ဆုံးတော့ သိတဲ့အတိုင်း စစ်အာဏာရှင်စနစ်ဆိုးအောက် တိုင်းပြည်ကျခဲ့ရတယ်။  နိုင်ငံရေးသမား အခွင့်ထူးခံ ပျောက် သွားတယ်။  စစ်ဗိုလ် အခွင့်ထူးခံသာ ကျန်ခဲ့ပြီး ထင်တိုင်းကြဲ ဗိုလ်ကျတော့တယ်။  အုပ်စိုးသူ စစ်ဗိုလ်များနဲ့ အပေါင်းအပါ လူတစုသာ တိုင်းပြည်ရဲ့ စီးပွားနဲ့ အရင်းအမြစ်အားလုံးကို အလုံးစုံ ချုပ်ကိုင်ရင်း သူကြွယ်ကြီးတွေဖြစ်ကုန်တယ်။  စစ်အာ ဏာရှင်စနစ် အသွင်ပြောင်းတဲ့ ဖားတပိုင်း၊ ငါးတပိုင်း အခုခေတ်ကျ စစ်ဗိုလ် အခွင့်ထူးခံ၊ စီးပွားရေးသမား အခွင့်ထူးခံ အပြင် နိုင်ငံရေးသမား အခွင့်ထူးခံဆိုတာပါ ထပ်တိုး ပြန်ပါလာပြန်တယ်။  နိုင်ငံရေးသမားများ (လွှတ်တော်အမတ်များ) လုပ်ပိုင်ခွင့်နဲ့ အာဏာ အထိုက်အလျောက်ရှိတော့ တိုင်းပြည်မှာ လူတွင်ကျယ်လာတယ်။  ပြည်သူအများငတ်နေချိန်မှာ လွှတ်တော်အမတ် မင်းများ ခပ်တည်တည်ပဲ ကိုယ့်ဘာသာ လစာတွေ တိုးယူခဲ့သေး မဟုတ်လား။ 



တိုင်းပြည်မှာ အခွင့်ထူးခံ သဘောဟာ ဆိုခဲ့တဲ့ လူတန်းစား မင်းမှုထမ်း (စစ်သား)၊ မင်းမြှောက်ကပ်ပါး (စီးပွားရေးသမား)နဲ့ နိုင်ငံရေး သမား (အုပ်ချုပ်ရေး အာဏာပိုင်) မှာချည်း ရှိတာ မဟုတ်ပါဘူး၊ ကျန်ပါသေးတယ်။  မြန်မာ့ဓလေ့ လူမှု အသိုင်း အဝန်းဟာ ရာစုနဲ့ချီ အရိုးစွဲ ဘာသာရေးကိုင်းရှိုင်းလာမှုကြောင့် ဘာသာရေးအဖွဲ့အစည်းပုဂ္ဂိုလ်များကလည်း သြဇာကြီး၊ အရေးပါ၊ အရာရာ အခွင့်ထူးခံတွေပဲ ဖြစ်ပါတယ်။

လူမှုရေး သဘောကြောင့်ဖြစ်တဲ့ အခွင့်ထူးခံတွေလည်း ရှိပါသေးတယ်။  မြန်မာ့ဓလေ့မှာ သမားတော် ဆေးဆရာဟာ အသက်သခင် ကျေးဇူးရှင်ဖြစ်တဲ့အတွက် မိဘ၊ ဆရာ လိုပဲ ပူဇော်လေ့ရှိကြတယ်။  ဒါကြောင့် ဆရာဝန် လူတန်းစား ကလည်း လှုမှုအသိုင်းအဝန်းမှာ အခွင့်ထူးခံပဲ။  ဆရာဝန် အခွင့်ထူးခံဖြစ်စေဖို့က တိုင်းပြည်ရဲ့ ပညာရေးစနစ်ဆိုးကြောင့်လည်း ပါပါ တယ်။  (၁၀) တန်း အမှတ်အများဆုံးရတဲ့ သူက ဆေးကျောင်းတက်တော့ အလိုလိုစိတ်ထဲ ငါသာအတော်ဆုံးဆိုတဲ့ ဘဝင် က ရှိရော၊  ကျန်တဲ့သူတွေကလည်း ဟုတ်မှာပါပဲလေဆိုတဲ့စိတ်နဲ့ နေရော၊ ဆရာဝန်ဖြစ်တော့လည်း ဆိုခဲ့တဲ့အတိုင်း ဓလေ့ အရ လူမှုရပ်ဝန်းမှာ မြှောက်စား နေရာပေးခြင်း ခံရပြန်ရော။  ဒီလိုနဲ့ ဆရာဝန် အခွင့်ထူးခံ လူတန်းစားကလည်း အမြစ်တွယ် ပြန်ခဲ့ပါတယ်။

နောက်တမျိုး စစ်အာဏာရှင်ခေတ်မှာ တလွဲဆံပင်ကောင်း မတော်မတည့် အခွင့်ရေးပေးခဲ့တဲ့ ကျောင်းသားအခွင့်ထူးခံ ဆို တာလည်း ရှိပါသေးတယ်။  အဲဒီစနက်က အခုခေတ်အထိလည်း လုံးလုံး မပျောက်သေးပါဘူး။  ကျောင်းသားဆိုရင် ဆူဆူပူပူ အစိုးရ ဆန့်ကျင်မှာ စိုးတော့ တလွဲမြှောက်စား ပစားပေးတတ်ကြတယ်။

ကျောင်းသားကို “နိုင်ငံရေး မလုပ်နဲ့၊ လူမသတ်နဲ့၊ ကျန်တာကြိုက်တာလုပ်” ခွင့်ပြု လူမိုက်လုပ်ခွင့် အာဏာ ရပ်ထဲရွာထဲမှာ အပ်နှင်းကြတယ်။  ကျောင်းသားနဲ့ ပညာရေးစနစ်ကိုဖျက်စီးချင်တော့ “မဖြေတဲ့သူနဲ့ သေတဲ့လူပဲကျတယ်” ဆိုတဲ့ စာမေးပွဲ စနစ်၊ “မြင်မြင်သမျှ ပါမောက္ခ၊ တွေ့သမျှလူ ပါရဂူ” စာချိုးရတဲ့ ဘွဲ့စနစ် စတဲ့ ဝမ်းဖောဝမ်းရောင် ပညာခေတ်ကြီးကို စနစ် တကျတည်ဆောက်ခဲ့ရင်း ကျောင်းသားကို ဦးကျိုး၊ အညွန့်ကျိုးအောင်ဖျက်ဆီးခဲ့ကြရင်း ကျောင်းသားအခွင့်ထူးခံ ဓလေ့ကို လည်း တွင်စေခဲ့ရတယ်။

ဒီလို အခွင့်ထူးခံသမျှထဲမှာ အဆိုးဆုံးကတော့ အားလုံးသိတဲ့အတိုင်း စစ်ခွင့်ထူးခံများနဲ့ သူတို့ရဲ့အပေါင်းအပါ စီးပွား သောင်းကျန်း ခရိုနီများပါပဲ။  အခု ဒီမိုကရေစီအစိုးရဆိုပြီး ခပ်တည်တည်အော်နေပေမဲ့ စစ်ဗိုလ်များ နေရာတိုင်းမှာ ယူနီ ဖောင်းဝတ်တမျိုး၊ ချွတ်တမျိုးနဲ့ နေရာကောင်း၊ ရာထူးကောင်းများယူလျက် အခွင့်ထူးခံလျက်၊ သူတို့နဲ့ အပေါင်းအပါ တ သိုက်သာ ကောင်းစားလျက်မျက်မြင်ပါပဲ။

တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် ရာစုဝက်ကျော် လက်ရှိတိုင်အမြစ်တွယ်နေခြင်းနဲ့အတူ စစ်တပ် ထုံး အထက်-အောက် မတရား ဖိနှိပ်မှု၊ ကြောက်ရမှု၊ စီနီယာ-ဂျူနီယာဓလေ့နဲ့ အခွင့်ထူးခံလိုမှုက တိုင်းပြည်ရဲ့ အုပ်ချုပ်မှုယန္တရား နယ်ပယ် အသီး သီမှာ စိမ့်ဝင်နေတယ်။  စစ်တပ်သာ အရာရာကြီးစိုးရာဖြစ်ခဲ့တော့ လက်နက်ကိုင်အဖွဲ့အစည်းချင်းမှာကို စစ်ဗိုလ်ငယ် အဆင့်က ရဲမှူးအဆင့်ကို နိုင်တယ်။  ရဲရာထူးကြီးကြီးဆိုတာက စစ်တပ်ကလာသူအတွက်သာ ဖြစ်တယ်။  အခြား အရပ် ဘက် အုပ်ချုပ်ရေး ရာထူးကြီးများမှာလည်း စစ်တပ်က သူများသာ နေရာအများစု ယူထားခဲ့တော့ စစ်တပ်စရိုက် သီးသန့် အခွင့်ထူးခံခွင့် (Privilege) ရယူမှုက တိုင်းပြည်မှာ တဦးချင်းသဘောမဟုတ်ဘဲ ဓလေ့ဖြစ်နေတယ်။

ဒီလိုနဲ့ တိုင်းပြည်မှာ ဗိုလ်ကြီးရယ်၊ ဗိုလ်မှူးရယ်၊ တိုင်းမှူးရယ်၊ အဘဝန်ကြီးရယ်နဲ့ သူတို့ရဲ့ အဆက်အနွယ်များသာ တန်းစီတာက စလို့ ရထား လက်မှတ်၊ လေယာဉ်လက်မှတ် အလယ် ဖုန်း၊ မြေ၊ သစ်၊ စီးပွား ပါမစ် အဆုံး လက်ဝါးကြီးအုပ် အခွင့်ထူးခံလာခဲ့ကြတယ်။  အခုဆိုရင် အာဏာရ နိုင်ငံရေးသမားဆိုသူများပါ ပါလာပြီပေါ့။

ဒီ အခွင့်ထူးခံ ဓလေ့ အသားကျနေတဲ့ စနစ်ဆိုး ရေရှည်နေမှုက တိုင်းပြည်မှာ လူတန်းစား နှစ်မျိုးကို မွေးထုတ်ပေးလိုက်ပါတယ်။  ဒါကတော့ အာဏာရှိသူများနဲ့ အာဏာမဲ့နေသူများ၊ အာဏာကို အလွဲသုံးစား လုပ်နေသူများနဲ့ အာဏာအလွဲသုံးစား လုပ် ခြင်းကို ခံနေရသူများ၊ လုပ်ပိုင်ခွင့် ရှိသူများနဲ့ လုပ်ပိုင်ခွင့်မဲ့နေသူများ၊‘စံစား’ နေရသူများနဲ့ ‘ခံစား’ နေရသူများ၊ ဖိနှိပ်နေသူများ နဲ့အဖိနှိပ်ခံများ၊ အခွင့်အရေး ရနေသူများနဲ့ အခွင့်အရေး ဆုံးနေသူများ၊ ထိုင်ရာမထ လိုတရနေသူများနဲ့ ဖောင်စီးရင်း ရေငတ်နေသူများ၊ မိုက်ရိုင်းရင်း ထွားကြိုင်းနေသူများနဲ့ရိုးသားရင်း ကျုံလှီးနေသူများ၊ အလျှံပယ် ဖြစ်နေတဲ့ ဘဝများနဲ့ ကုန်း ကောက်စရာမရှိတဲ့ဘဝများ၊ ဓနအင်အားကို အလွဲသုံးစား လုပ်နေသူများနဲ့ ဓနအင်အား မဲ့နေသူများ၊ ထားစရာ မရှိလောက် အောင် ‘ဟန်’ နေသူများနဲ့ စားစရာကို မရှိဖြစ်နေတဲ့ ‘ခံ’ နေရသူများ စသဖြင့် “ရှိသူများ” နဲ့ “မရှိသူများ” လူတန်း စားနှစ်ခုပေါ့။  နောက်တနည်းပြောရရင် “အခွင့်ထူးခံ နေသူများ” နဲ့ “အခွင့်ရေးမဲ့နေသူများ” ပဲ ဖြစ်ပါတယ်။

တိုင်းပြည်မှာ အခွင့်ထူးခံဓလေ့ ဘယ်လောက် အရိုးစွဲနေသလဲဆိုတာကိုတင်ပြခဲ့တဲ့ သမိုင်းကြောင်းနဲ့ မျက်မှောက် အနေ အထားကိုကြည့်ရင် သိနိုင်ပါတယ်။  တိုင်းပြည်မှာ ရွေးကောက်ပွဲ၊ မဲပုံး၊ နိုင်ငံရေးပါတီ၊ လွှတ်တော်၊ အရပ်သား (ဆိုတဲ့) အစိုးရ ဘာတွေပဲ ရှိရှိ အာဏာရှိသူနဲ့ အပေါင်းအပါ ငတေ၊ ငဇေ တွေသာ မာမြဲ၊ အခွင့်ထူးခံမြဲ ခံနေနိုင်တဲ့ ရင်းမြစ်သဘောကို ပပျောက်အောင်လုပ်နိုင်မှ တကယ့်ဒီမိုကရေစီရဲ့ အနှစ်သာရ ပြည့်ပါမယ်။  နိုင်ငံသား အားလုံး လူမျိုး၊ ဘာသာ၊ ကျား၊ မ၊ လူတန်းစား ဆူကြုံနိမ့်မြင့် မရွေး လူမှုတရားမျှတမှုရှိရှိ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ အခွင့်အရေးတွေ တန်းတူညီမျှ ရရှိ ခံစားနိုင်တဲ့စနစ်တည်ဆောင် ပြောင်းလဲယူနိုင်မှသာ တကယ့်ဒီမိုကရေစီနိုင်ငံ ပီပီသသဖြစ်ပါမယ်။

ဒီလို လက်တွေ့ ဖြစ်နိုင်ဖို့ရာ အရင်ဆုံး ပြောင်းလဲ ယူရမှာကတော့ စစ်အာဏာရှင်စနစ် အသွင်ပြောင်း စစ်ခရိုနီအရင်းရှင်စနစ် သားပေါက်ရာ၊ အခွင့်ထူးခံစနစ် ဆက်လက်တည်တံ့စေရာ (၂၀၀၈) နာဂစ်စစ်ဖွဲ့စည်းပုံပါပဲ။  ဒီအခြေခံစစ်ဥပဒေမှာ စစ်ခေါင်း ဆောင်တယောက်တည်းက စစ်ဗိုလ်အမတ် (၁၆၆) ဦးနဲ့ အရေးပါတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးဝန်ကြီးဌာန ဝန်ကြီးများကို စိတ်ကြိုက် ခန့်နိုင်၊ ဖြုတ်နိုင်၊ ပြောင်းလဲနိုင်တာမျိုး အခွင့်ထူးခံနေခြင်းကအစ၊ ဥပဒေပြုလွှတ်တော်မှာ မရွေး မကောက် မိုးကျရွှေကိုယ်စစ်ဗိုလ်များ ခပ်တည်တည်ဝင်ထိုင် စစ်ခွင့်ထူးခံနေခြင်းမျိုး အလယ်ကနေ တိုင်းရင်းသား လူမျိုးစု များအပေါ် အာဏာ၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အရင်းအမြစ် ခွဲဝေ မမျှတ လူမျိုးကြီးဝါဒ အခွင့်ထူးခံနေခြင်းမျိုး အဆုံးအထိ အစုံစုံကို ပြင်ဆင်နိုင်မှ ဖြစ်ပါမယ်။

ဒါကြောင့် လူမှုတရားမျှတမှု ဒီမိုကရေစီနိုင်ငံမှာ စည်ပင်ရှင်သန် အမြစ်တွယ်စေဖို့ အခွင့်ထူးခံဓလေ့ တိုင်းပြည်ကဏ္ဍစုံမှာ ဖျက်ဖို့ လိုနေကြောင်း၊ စစ်ခွင့်ထူးခံဖြစ်နေတဲ့ (၂၀၀၈) စစ်ဖွဲ့စည်းပုံကို အရင်ပျက်အောင် ဖျက်ရမှာဖြစ်ကြောင်း ဆွေးနွေး တင်ပြလိုက်ကြောင်းပါခင်ဗျား။

ငြိမ်းချမ်းအေး

(မန္တလေး Friday Times News Journal အတွဲ (၁)၊ အမှတ် (၂)၊ ဖေဖော်ဝါရီ (၂၀) သောကြာနေ့ထုတ်တွင် ပုံနှိပ်ခဲ့သည်။  ဇူလိုင် ၂၁၊ ၂၀၁၃ မိုးမခ ဆောင်းပါးဟောင်းကို ကျောရိုးအခြေခံ၍ အသစ်ပြန်လည်ရေးခဲ့ခြင်း ဖြစ်သည်။ ဆောင်းပါးပါ အာ ဘော်ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

ခေါင်းစီးဒီဇိုင်း မူရင်း ဓာတ်ပုံ -  Photo by Gemunu Amarasinghe @ AP.  Non Commercial Use ONLY.