ငြိမ်းချမ်းအေး - အမိမဲ့သား ရေနည်းငါးပမာ
(မိုးမခ) ဖေဖော်ဝါရီ ၀၃၊ ၂၀၁၅
လတ်တလော ကျောင်းသားအရေး ဒီချုပ် ရပ်တည်မှု ဖြစ်စဉ်ကို အခု ဒီချုပ်ယိမ်းကသူများ ပြန်ဖာတဲ့ အထဲမှာ ကြောက်စရာ အကောင်းဆုံး အကြောင်းပြချက်က ကျောင်းသားလှုပ်ရှားမှုမှာ NLD ရဲ့ နိုင်ငံရေး ပယောဂ မပါဘူးဆိုတာ ရှင်းအောင်လို့ မထောက်ခံတဲ့ ရပ်တည်ချက် ပြတာပါ ဆိုတာပါ။ ဆရာများ အဖွဲ့ချုပ် ကလည်း ထုတ်ပြန်ချက် တခုမှာ ဒီသဘောမျိုး ဆိုထားတယ်။
တကယ်တော့ ကိုယ့်စကား ဘယ်ရောက်လို့ ဘယ်ရောက်မှန်းမသိ၊ ဘယ်အတိုင်းအတာ အထိ သက်ရောက်စေမှန်း မသိကြဘူး။
ဒီမိုကရေစီ ကျာင်းသားလှုပ်ရှားမှုကို နိုင်ငံရေးအရ ထောက်ခံမှု မပြုဘူး၊ အင်အားကြီးတဲ့ အတိုက်အခံ ဒီမိုကရေစီပါတီက လက်ရှောင်တဲ့ အကြောင်း တရားဝင် သိစေခြင်းဟာ တဖက် စစ်တပိုင်းအစိုးရ အာဏာပိုင် လက်ထဲကို ကျောင်းသားတွေကို ဝကွက် အပ်ခြင်း သဘောပါ။ လုပ်ချင်သလိုလုပ်၊ ငါတို့တော့ လက်ရှောင်တယ်၊ ပြီးရင် ပေါက်ကောင် အတူတူဖွင့်မယ်နော် ဆိုပြီး မီးစိမ်းပြခြင်းပါ။ တဖက် ဖိနှိပ်လိုသူက ဒါကိုနင်း ခပ်တင်းတင်း ဆက်ဆံလို့ တရားဝင် ရသွားတဲ့ အခြေပါ။
အရင်ကကော ကျောင်းသားသပိတ်ကို ဒီချုပ်နဲ့ ၈၈ မျိုးဆက် အပါအဝင် လူကြီး နိုင်ငံရေးသမားများက တရားဝင် အပြည့်အဝ ထောက်ခံမှု ရှိလို့လား၊ ခပ်ဆိတ်ဆိတ်ပဲ အားလုံးနေ နေကြတာမလား ဆိုရင် မှန်ပါတယ်။ ဒါပေမဲ့ တရားဝင် ပြောမှု၊ ရပ်တည်မှု ဘက်ကို ပြခြင်း အတိုင်းအတာ အတိမ်အနက် ထိရောက်မှုက ကွာပါတယ်။
ကိုယ့်ပါတီဝင် တယောက်ကို ပါတီစည်းကမ်းအရ လုပ်ထုံးလုပ်နည်းအရ အရေးယူချင်ဦး လက်ရှိ အနေအထား နိုင်ငံရေး အခင်းအကျင်းမှာ ဒီကိစ္စဟာ ပါတီတွင်းပဲ ဖြစ်ရမှာပါ။ ဒါကို အခု တရားဝင် လူသိရှင်ကြားလုပ်တယ်။ ဒီလို လုပ်တဲ့ အတွက် ဒီချုပ်ရဲ့ တရားဝင် ရပ်တည်ချက်ကိုပါ ထုတ်ပြသလို ဖြစ်သွားခဲ့တယ်။
ဒါအတွက် ပြန်ဖြေရှင်းဖို့ ပြောခွင့်ရ ဆိုသူများကို မေးတော့လည်း ဒီထုတ်ပြန်ချက်အတွက် ဖြေဖို့ အဆင်သင့်မဖြစ်သေးပါဘူး ဆိုပြီး တာဝန်လွှဲ ခေါင်းရှောင်တယ်။ အဆင်သင့်မဖြစ်သေးရင် ရပ်တည်မှုကို ထင်ရှားစေတဲ့ ဒီ စာကို ဘာကြောင့် တရားဝင် ထုတ်ခဲ့သေးလဲ။ ဒီလောက်လေးမှ အမြော်အမြင်မရှိ၊ ရှေ့နောက် မဆင်ခြင်တတ်တော့ဖူးလား။ ကိုယ့် ပါတီ အပေါ် ထောင်ကျခံ၊ အဖိနှိပ်ခံ၊ ဘဝတွေ အပျက်ခံပြီး နှစ် (၂၀) ကျော် ဝန်းရံ ခဲ့တဲ့ ကျောင်းသား လူငယ် ဆိုတဲ့ မျိုးဆက် အပေါ် ဒီလောက်တောင် ငဲ့ကွက် မစဉ်းစားမိဘူးလား။
ရဲထွဋ် ထက်ဆိုး တဲ့ နောက်တမျိုး ဖာကြတာကတော့ ကျောင်းသားအရေး တခုတည်း ကွက်ကြည့်လို့မရဘူး။ တနိုင်ငံလုံး အရေး ကြည့်ရတယ်ဆိုတဲ့ “အပင်း” ပါ။ (၈၈) မျိုးဆက်ထဲက တယောက်တောင် ဒီသဘောမျိုး “တရားမဝင်” သူ့စာမျက်နှာမှာ ပြောတယ်။
ပညာရေး၊ လူငယ်အနာဂတ် ကို တိုင်းပြည်ရဲ့ ရေးရာ၊ နိုင်ငံရဲ့ အရေးအရာလို့ မမြင်နိုင်လောက်အောင် ဘာ အပင်းတွေ ပိတ် ဆို့ နေကြသလဲ။
အခု ကျောင်းသားတွေလုပ်နေတာ နိုင်ငံရေး၊ နိုင်ငံရေးမှ နိုင်ငံရေး စစ်စစ်ကြီး။
ပညာရေးက ဒီစနစ်၊ ဒီလူ၊ ဒီမူ အောက်မှာ မရှင်သန် မကြီးထွားနိုင်ဘူး။ ဒါကြောင့် ဒီမိုကရေစီ ပညာလွတ်လပ်ခွင့် တောင်းတယ်။ ဒါဟာ နိုင်ငံရေး အရ ဖြေရှင်းမှ ရတဲ့ တောင်းဆိုချက်။ နိုင်ငံရေး ပယောဂက အပြင်က ကပ်စရာကို မလိုဘူး။ ကျောင်းသားအရေး လုပ်နေတာကိုက နိုင်ငံရေး၊ ဒီမိုကရေစီ ပညာရေး ဆိုတာကိုက နိုင်ငံအရေး။
ဒီအရေးမှာ တိုင်းပြည်ရဲ့ အစဉ်အလာရှိ၊ သြဇာရှိ၊ လူထု ထောက်ခံမှု အပြည့်ရှိတဲ့ အတိုက်အခံပါတီကြီးရဲ့ ရပ်တည်မှုကို လက်တွေ့မပါစေဦး အသံနဲ့ဖြစ်ဖြစ် ရရင်၊ လူငယ်တွေကို မထိနဲ့နော်၊ ငါတို့ သူတို့ ဘက်က ထောက်ခံမှု အပြည့်ရှိတယ် စကားအရာ ဆိုပေးရင်ကို လမ်းပေါ်က ကလေးတွေရဲ့ လုံခြုံမှုက အများကြီး တိုးလာနိုင်မှာပါ။
ဒီသဘောကို ဘာကြောင့်များ မမြင်နိုင်ကြသလဲ။
အခုတော့ အဲဒါနဲ့ ပြောင်းပြန် ဖြစ်ခဲ့တယ်။ ဆိုးကျိုးဆက်က ဘာလဲ။
အခု အောင်မင်းက အမည်ခံ တွေ့ဆုံပွဲမှာ ဆွေးနွေးပွဲတက်တဲ့ ကျောင်းသားအုပ်စုကို အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့တယ်။ တာဝန်မယူနိုင်ဘူး ဆိုတာကို ခပ်တင်းတင်း သိစေတယ်။ တောင်သာ မှ ငါ တခါ ဝင် ကယ်တာ လွန်လှပြီ။ ရှေ့ခရီးတော့ အဆိုး မဆိုနဲ့ သဘော ပေါ်တင် လူမိုက်စကားဆို ကြိမ်းဝါးနိုင်တယ်။
ဒီနေ့ပွဲမှာလည်း အလားတူပဲ ဆိုဦးမယ်။
အခု သူတို့ ကိုယ်တိုင် ဆွေးနွေးပွဲ တက်ဖို့ ဖိတ်ထားတဲ့ ကျောင်းသားနဲ့ ဦးဆောင်ကော်မတီ လူကြီးတွေကို နေစရာ မရှိ၊ အိပ်စရာ မရှိအောင် ကျတ်ပြေးမှာ ခပ်တင်းတင်း လုပ်ပြနိုင်သွားတယ်။ ဘယ်သူမှ ဂရုစိုက်စရာ မလိုဘူး ဖြစ်သွားတယ်။ ငါ့ ဂွင်ထဲ ဝင်လာပြီ၊ ဘယ်သူ့ မျက်နှာမှလည်း ထောက်စရာ မလိုဘူး ဖြစ်သွားခဲ့ပြီ။
လမ်းပေါ်က ကျောင်းသားအုပ်စုကိုလည်း ဒေသဆိုင်ရာ အာဏာပိုင်များ၊ အစိုးရ လက်ကိုင်တုတ် ပါချုပ် ဆိုတဲ့ ကိုယ့် ပညာ မှ ကိုယ် မရိုသေနိုင်တဲ့ ပုဂ္ဂိုလ်များကလည်း မပြတ် ခြိမ်းခြောက်နေတယ်။ ရှေ့တိုးရင် မင်းတို့ အလွန်၊ ငါတို့ကတော့ တားပြီးပြီ၊ ငါတို့ တာဝန်ကုန်ပြီ ဆိုချည်း ပြောပေးတယ်။
ဒီကနေ့ ဆွေးနွေးခန်းထဲက၊ လမ်းပေါ်က ကျောင်းသားများ အတွက် “အမိမဲ့သား ရေနည်းငါးပမာ” လုံးလုံး ဖြစ်ခဲ့ရပါပြီ။
ကြေကွဲဝမ်းနည်းစရာ နောက်ဆက်တွဲ အဖြစ်ဆိုးတွေ မဖြစ်ရအောင်တော့ လူထုနဲ့ စာနယ်ဇင်း သတင်းယူမှုကိုပဲ အားကိုးရပါတော့မယ်။
လမ်းပေါ်က ကျောင်းသား လူငယ်တွေကို မီဒီယာ (လူထု စာနယ်ဇင်းသမား အပါအဝင်) ဝန်းရံမှု၊ အသိစိတ်ဓာတ်ရှိတဲ့ ဒေသခံတွေရဲ့ စောင့်ရှောက်မှုနဲ့ပဲ အာဏာဆိုတဲ့ ကျားစွယ်ကို သွေးသောက်ထားသူတွေရဲ့ လက်ရဲဇက်ရဲ ဒဏ်က လွတ်ဖို့ ဆုတောင်းနေပါတယ်။
ငြိမ်းချမ်းအေး
ဖေဖော်ဝါရီ ၀၃၊ ၂၀၁၅
ဆွေးနွေးပွဲကို သိန်းစိန် သဘောထားမှတ်ချက်နဲ့ နောက်ရွှေ့လိုက်တယ်ဆိုတာ အချိန်ဆွဲရင်း သပိတ်ဖြိုခွင်းဖို့ ကြံစည်တာပါ။
ဖေဖော်ဝါရီ (၁၂) နောက်ပိုင်း ရောက်တဲ့အထိ လမ်းပေါ်က ကျောင်းသားတွေရဲ့ လုံခြုံရေးကို ဘယ်သူမှ အာမ ခံမယ့် သူမရှိဘူး။
မင်းတို့ ရပ်၊ မရပ်ရင် ငါတို့ တာဝန်မယူဘူး ဆိုတာပဲ ဆီးပြောနေတဲ့သူတွ၊ နံပါတုတ်တွေဝှက်ထားတဲ့သူတွေပဲ ရှိတယ်။
ဒီကြားထဲမှာ အကြမ်းဖက်လို့ရအောင် သူတို့ အကြောင်းပြချက်ရှာပါမယ်။
အခြေအနေက ပိုလို့ စိုးရိမ်ဖွယ် ဖြစ်သွားပါပြီ။
လူထုနဲ့ စာနယ်ဇင်း စိတ်ဝင်စားမှု ဒီရေ မကျအောင် ချီတက်ရာ လမ်းခရီးတလျှောက် မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ ပိုလို့ လိုအပ်နေပါပြီ။