ငြိမ်းချမ်းအေး - မြားဆိပ်ပြေ၊ ရွှေအိုးထမ်း၊ မျက်ကန်းမြင်၊ ပြည်တော်ဝင်ရစေဖို့
(မိုးမခ) ဖေဖော်ဝါရီ ၀၃၊ ၂၀၁၅
NLD က ပြောစရာ ဖြစ်အောင် သိပ်လုပ်တတ်တယ်။ ကျောင်းသားနဲ့ ဆွေးနွေးပွဲမှာ အစိုးရအတိုင်း တသံတည်းထွက်တဲ့ ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်ကို လွှတ်ခဲ့တယ်။ ဆွေးနွေးပွဲမှာ ကျောင်းသားဘက်ကရပ် ထောက်ခံပြောတဲ့ ကိုယ့် ပါတီကလူ ပညာရှင် အစစ်၊ တသက်လုံး ပညာရေး အလုပ် လုပ်လာသူကိုကျ ပါတီကို ကိုယ်စားမပြုဘူး၊ ခွင့်မပြုဘဲ တက်လို့ အရေးတောင် ယူမယ် ဆိုတယ်။
ကိုယ့်လူတွေ သူ့ဘက်သား ဖြစ်နေမှတော့ အောင်မင်း တို့က ဆွေးနွေးပွဲ လာတက်တဲ့ ကျောင်းသားတွေကို တခါတည်း ဖမ်းမချုပ်တာပဲ သဘောထားကြီးလှချည်ရဲ့ ဆိုပြီး ကျေးဇူးတောင် တင်ရမလို ဖြစ်နေတယ်။
မေ့မေ့ သားသား၊ မီးမီးများကလည်း အမြင်မတော် မဖြစ်သင့်တာ တခုခု ဖြစ်လို့ ပြောရင် မက်ခရို ကိုကြည့်ရတယ် တို့ဘာတို့ ပါးစပ်နဲ့ မဆန့်တဲ့ ကြားဖူးနားဝ စကားလုံးကြီးတွေ လာဆိုကြဦးမယ်။
ဝါ ဝါ ပြီးပဲ ချတတ်တဲ့ ကိုယ့်ပါတီ မူဝါဒနဲ့ ရပ်တည်မှုကျ ပြန်မသုံးသပ်ချင်ကြဘူး။ စင်မြင့်နိုင်ငံရေး၊ ဓာတ်ပုံ နိုင်ငံရေး၊ ဖက်ရှင် နိုင်ငံရေးမှာပဲ နတ်ကရာ ကျီးမော့ချင်နေကြတယ်။
အရေးယူမယ် ဆိုတယ်၊ ယူပါ။ ကိုယ့်တပ် ကိုယ်ချနင်းကြပါ။ ဒီလိုနဲ့ တသက်လုံး ဝန်းရံလာတဲ့ လူမျိုးစု ခေါင်းဆောင်တွေ အပါအဝင် တဖြည်းဖြည်း ဘေးရောက်ကုန်တာ မျက်မြင်ပါ။ နောက်ဆုံး လုံးပါးပါးပါမယ်။
ကျောင်းသားတွေ အရေးလည်း ရင်လေးဖွယ်ပါ။ အစိုးရဘက်မှာက ငြိမ်းချမ်းရေးပွဲစား ဘိလပ်ပြန် မောင်သောင်းဖေ ပညာသေများ (ပညာရှင်မဟုတ်ပါ)၊ NLD အပါ ပါတီစုံက လွှတ်တော်ကိုယ်စားလှယ်များ ရှိနေမှတော့ ကျောင်းသားမှာ လူထုအားမှတပါး အခြား အားကိုးစရာမရှိပါ။
အခုတော့ ကျတ်ပြေးကို ဆွေးနွေးပွဲ ခေါ်သွားတော့ လူထုက လိုက်ပြီးတော့တောင် ဝန်းရံဖို့ အားနည်းဦးမယ်။ တကယ် ရင်လေးဖွယ်ပါ။
ဘာပဲဖြစ်ဖြစ် သိတတ်သူများ အားလုံး ကျောင်းသားလူငယ်တွေဘက်က ရပ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နိုင်သလောက် ဆက်လက် အားပေး ထောက်ခံသမှု ပြုကြပါ။ တကယ့်ပညာရှင်တွေနဲ့ အတူ ရပ်တည်ကြပါ။
နိုင်ငံရေး သဘောဆိုရရင်တော့ အရင် ဆိုခဲ့ဖူးသလိုပါပဲ။ (၁၉၂၀) ဆယ်စုနှစ် ဝံသာနုခေတ်မျိုးဆက် လူကြီးနိုင်ငံရေးသမားတွေ (၁၉၃၀) ဆယ်စုနှစ် အရောက် အင်္ဂလိပ် ပေးတဲ့ လွှတ်တော်ထဲရောက်သူရောက်၊ ကွဲသူကွဲ ဖြစ်တဲ့ အချိန်မှာ (၁၉၃၆) ဒုတိယ ကျောင်းသားသပိတ်က မွေးထုတ်လိုက်တဲ့ လူငယ် ခေါင်းဆောင်တွေကသာ နောက်ဆုံး လွတ်လပ်ရေး လမ်းကြောင်းကို အောင်မြင်သည့်တိုင်အောင် ဖော်ဆောင် နိုင်ခဲ့ပါတယ်။
အခုလည်း ဒီ လူငယ်မျိုးဆက်ကိုပဲ အားထားရတော့မှာပါပဲ။ ဒီမိုကရေစီပညာရေး အတွက် တိုက်ပွဲဝင်ခြင်းဟာ တိုင်းပြည် ဒီမိုကရေစီ ခရီးအတွက်ပါ ကျွဲကူးရေပါ အထောက်အကူ အများကြီး ဖြစ်နိုင်မှာပါ။ ဆက်လက် ဝန်းရံ ထောက်ခံပေးကြပါ။
လူထု ရဲ့ မျိုးဆက်တဆက်ပြီး မျှော်လင့်ချက်တွေ ထားခဲ့ရတဲ့ ဘဝကို စာနာနားလည်ပါတယ်။ ပြည်သူ့ဘဝ အောက်မှာ မြေကြီးခံနေလို့ရယ်၊ မခံရင် အဝီစိကို ဒေဝဒတ် ငယ်ထိပ်ပေါက်သည်အထိ ဆင်းနေရပြီးပြီ ဆိုတာလည်း သဘောပေါက်ပါတယ်။ ဒါပေမဲ့ ခိုင်မာ စနစ်ကျ ဝါဒဖြန့်ချိရေး ကောင်း၊ မှိုင်းတိုက် သွေးခွဲ သွေးထိုးကောင်းတဲ့ အင်အားကြီး စနစ် အဖွဲ့အစည်းတခု ကို တော်လှန်ရတာဟာ အချိန်ကြာရင် ကြာသလောက် အလဲလဲ အကွဲကွဲတွေ ဖြစ်တာ ဓမ္မတာ ပါပဲ။
အခြေခံလူထု စိတ်မပျက်၊ မူမပျက်၊ ခြေလှမ်းမပျက်ဘဲ လက်ရှိ နိုင်ငံရေး နဲ့ ပြောင်းလဲလာတဲ့ အာဏာပိုင် စစ်အုပ်စုနဲ့ အပေါင်းအပါများ၊ အတိုက်အခံများ သရုပ် ကို မျည်ခြည်မပြတ် စောင့်ကြည့် ဝေဖန်ထောက်ပြ ဆန်းစစ် စောကြောရင်း ကိုယ့်လူတွေ သူ့ဘက်သား မဖြစ်ရအောင် ကိုယ့်တပ်ဦးကို လမ်းတွေ ပြန်တည့်စေ၊ လူတွေ ပြန်စုစေနဲ့ ယုံကြည်ချက် မျှော်လင့်ချက် ကို ရှင်သန် စေဖို့ အရေးကြီးပါတယ်။
တကယ် ဒီမိုကရေစီကို မြတ်နိုးတယ် ဆိုရင်၊ ခေါင်းဆောင်ကို ချစ်တယ် ဆိုရင် ခေါင်းဆောင်ကို ဝေဖန်ထောက်ပြ တည့်မတ် ပေးတဲ့ နောက်လိုက်ကောင်းတွေ ဖြစ်ပါစေ။ ဦးဆောင်တဲ့ အဖွဲ့အစည်းကို လိုရာ ပန်းတိုင်အရောက် ခရီးပေါက် ဦးဆောင်ခေါ်ငင် ဆွဲယူသွားနိုင်ဖို့ရာ မူဝါဒတွေ တည့်မတ်ပေးဖို့ လိုပါတယ်။ ဝါးအစည်းပြေသလို ဖြစ်နေပေမဲ့ စိတ်လျော့ စိတ်ပျက်စရာတော့ မဟုတ်ပါ။
တဖက်မှာလည်း အားနည်းချက်တွေ အပြည့်နဲ့ပါ။ သူတို့မှာ အဓိက ပျော့ကွက် အားနည်းချက်ကတော့ လူထု ထောက်ခံမှု မရှိခြင်းပါ။ လူကြိုက်များလှချည်ရဲ့ ဆိုတဲ့ သမ္မတ တက်လုပ်နေသူကိုယ်တိုင် ခရီးထွက်ရင် ကြိုဖို့ မူလတန်း ကျောင်းသား ကလေးတွေကို အဓမ္မ လူဆင့်နေရဆဲ ဖြစ်နေတာက သက်သေပါ။ အွန်လိုင်းက ဒူးမနာသားများကို ကွက်ကြည့်ပြီး သက်သက် ရန်သူ့ အခြေအနေ အင်အားကို သုံးသပ်လို့ မရပါ။
တကယ် အောက်ခြေ လက်တွေ့ မြေပြင်မှာက လူထု အများဟာ ဘဝပေးအသိ၊ ခါးသီးတဲ့ လက်တွေ့ဘဝက ရတဲ့ ခံစားချက် ကနေ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဖိနှိပ်သူ တော်လှန်ရေး အတွေးအခေါ်၊ ခံယူချက်တွေ ရင့်သန် ခိုင်မာ စိတ်အသည်းနှလုံး မှာ စွဲမြဲပြီးသားပါ။
ဆရာဦးဝင်းတင်ရဲ့ ကဏန်းမျက်စိ လိုပဲ အားကြီးသူရဲ့ အားနည်းချက်ကို ရှာတိုက်ရပါမယ်။ ဒီအားနည်းချက်ကတော့ လူထုကြောက်ရောဂါပါပဲ။ လူတစု အာဏာရှင် အကြိုက် ဘာတွေပဲ လုပ်နေနေ လူထု လူအများက စုစုစည်းစည်းနဲ့ အင်အားပြ ဒီမိုကရေစီ ခရီးကြမ်းကို ဆက်လက် လျှောက်လှမ်းနိုင်ရင် နောက်ဆုံးမှာ အဆုံးသတ် အောင်ပွဲခံနိုင်မှာပါ။ အဲဒီ လမ်းမှာ လူထုခေါင်းဆောင်လည်း လူထုဆီ ပြန်လာပါမယ်၊ လူထုပါတီလည်း လူထုရင်ခွင် ခိုလှုံပါမယ်။
အဲဒီ အခါ အာဏာရှင်ရဲ့ မြားဆိပ်လည်း ပြေ၊ ဒီမိုကရေစီ ပညာ ရွှေအိုးလည်း ထမ်းနိုင်၊ ဒီမိုကရေစီ သုခချမ်းသာ အလင်းလည်းရ၊ ခေတ်မီ ဖွံ့ဖြိုး တိုးတက် လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်ခြင်း၊ ညီမျှခြင်း လောကပါလ တရားတွေ ပြည့်စုံတဲ့ ပြည်တော်သစ်ကို ကျနော်တို့ အားလုံး ဝင်နိုင်ကြမှာ မုချပါ။
လူထု ညီဖို့တော့ လိုပါတယ်။
ငြိမ်းချမ်းအေး
၀၂ ဖေဖော်ဝါရီ၊ ၂၀၁၅
(ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေးနိုင်သည်။)