ဖိုးထက် - မရိုးသားသားရင် အယ်ဒီတာ မလုပ်နဲ့

ဖိုးထက် - မရိုးသားသားရင် အယ်ဒီတာ မလုပ်နဲ့
(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၅

“စာမဖတ်ချင်ရင် အယ်ဒီတာ မလုပ်နဲ့” တဲ့။ ဆရာကြီး လူထုစိန်ဝင်းရဲ့ “စကားမာရသွန် ၂”  စာအုပ်ကို ဟိုလှန် ဒီလှောလုပ်ရင်း အဆိုပါ ခေါင်းစဉ်ကို ကျွန်တော် ပြန်တွေ့သည်။ ဖတ်ပြီးသား။ မေ့နေပြီ။ ပြန်စဉ်းစားလို့ မရတော့။  ဒါကြောင့် ပြန်ဖတ်မိပြန် သည်။

သတင်း၊ ဂျာနယ် အယ်ဒီတာဆိုတာ စာဖတ်ကို ဖတ်ရမယ်တဲ့။ အချိန်မရရင်လဲ အပိုအလုပ်တွေလျှော့ပြီး စာဖတ်ချိန်ကို ဖန်တီးရမယ်တဲ့။ လုံးဝမှန်ကန်တယ်လို့ စိတ်ချ မယုံကြည်ရတဲ့ သတင်းဆိုရင် လုံးဝမထည့်နဲ့တဲ့။ စာနယ်ဇင်းမှာ သိက္ခာဆိုတာ အသက်ဝိညာဉ်တဲ့။ ခဏ ခဏ သိက္ခာကျနေရင် စာဖတ်သူပရိတ်သတ်ရဲ့ ယုံကြည်မှု မရတော့ဘူးတဲ့။ ယုံကြည်မှုဆိုတာ မရရင် လေးစားမှုလည်း မရတော့ဘူးတဲ့။ အချက်အလက်ပေါ်မှာ သံသယဖြစ်နေရတဲ့သတင်းဆိုရင် အယ်ဒီတာက သတင်း ထောက်ကို ပြန်မေးရမယ်တဲ့။ သတင်းထောက်ကို မေးလို့မသိရင် သက်ဆိုင်ရာနေရာတွေကို မေးမြန်းရမယ်တဲ့။ အယ်ဒီတာ ဟာ သတင်းထောက်မဟုတ်ဘူးတဲ့။ ဒီတော့ “ကိုယ်တွေ့” ရဖို့ ခက်တယ်တဲ့။ ဒါကြောင့် “စာတွေ့” များများရအောင် အယ်ဒီတာဟာ စာဖတ်ကို ဖတ်ရမယ်တဲ့။ “Must” တဲ့။

တိုက်တိုက်ဆိုင်ဆိုင် မြန်မာပြည်မှ နာမည်ကြီး၊ ဈေးကွက်ရှိ ဂျာနယ်တစောင်က မပြည့်စုံ မလုံလောက်သော ဓာတ်ပုံတပုံ ဖော်ပြမိသောကြောင့် အများပြည်သူ ပရိတ်သတ်၏ အငြိုအငြင်ခံနေရတာ သတိရမိသည်။ ၎င်းဂျာနယ်၏ အယ်ဒီတာက လူတော်တစ်ယောက်ဖြစ်တာ အငြင်းပွားစရာ မလိုဘူး ထင်ပါသည်။ သို့သော် ဒီလူ စာဖတ် မဖတ်ဆိုတာကတော့ သူများ တွေတော့ မသိ။ ကျွန်တော် သံသယ၀င်သည်။ အပိုအလုပ်တွေ သိပ်လုပ်နေတယ်လို့ ထင်သည်။ ဆိုရှယ်နက်ဝပ်တွေပေါ်မှာ အချိန်တွေဖြုန်းနေသော သူများစာဖတ်သည်ဟုဆိုလျှင် သူများတွေတော့ မသိ။ ကျွန်တော် မယုံကြည်။ စာဖတ်သည်ဆို လျှင်တောင် လူအထင်ကြီးအောင် quote လေးတွေကို ရှာကြံဖတ်သောသူသာ ဖြစ်ဖို့များသည်။  ရှိစေတော့။ သူ့ဘာသာ သူ့စိတ်နဲ့သူ။ ခေတ်ကြီးနဲ့ လူတွေကို တားလို့ရကောင်းသော ပညာဉာဏ်တွေ၊ စွန့်လွှတ် စွန့်စားမှုတွေရှိသော အကောင်လည်း မဟုတ်။

မြန်မာပြည်၏ လက်ရှိစာနယ်ဇင်းများကို ကျွန်တော် ပြန်တွေးကြည့်မိတော့ အားရသည်။ ကျေနပ်သည်။ ပီတိဖြစ်သည်။ အများစုက ပြည်သူလူထု နင်းပြားတွေဘက်က ရပ်တည်သည်။ မှန်သည့်ဘက်ကို ရပ်ကြသည်။ ဆွသင့် ဆွထိုက်သော အနာဟောင်းများကို ပြန်ဆွပေးကြသည်။ စစ်အစိုးရခေတ်ကလို အေးချမ်းမေ ကလေးမွေးပြီဟု စာလုံးမည်းကြီးနှင့် ခေါင်း စဉ်တပ်ကာ ဈေးခွေးမကြီး အေးချမ်းမေ ကလေးမွေးတာကို သတင်းလုပ်ရေးသလိုမျိုး အလွန်အဆင့်အတန်းမရှိသော သတင်းရေးနည်းမျိုးတွေ မတွေ့ရတော့။ ကောင်းလေစွတကား။

စာနယ်ဇင်းသတင်းလောကကို ဤဒွန္နယာရှိ အစိုးရတိုင်း ကြောက်ကြသည်။ လူ့အခွင့်အရေးရှေ့ဆောင် ဒီမိုကရေစီ ဘိုးအေ နိုင်ငံကြီးများသော်မှ ခါးပိုက်ဆောင်သတင်းစာတွေ ရှိတတ်ကြသည်။ အာဏာရှင် အစိုးရ၊ ဖားတပိုင်း ငါးတပိုင်း အစိုးရ၊ သူခိုးတစ်ပိုင်း အာဏာရှင်တပိုင်းအစိုးရများဆိုလျှင် ပြည်သူလူထု ပိုက်ဆံများဖြင့် ပြည်သူလုထုအတွက်ဟုဆိုကာ သူတို့ အစိုးရကောင်းတာလေးတွေကိုဘဲ သတင်းလုပ်သည်။ အတိုက်အခံကို ရိသဲ့သဲ့လုပ်သည်။ လက်သီးပုန်းထိုးသည်။ ပြီးမှ မှားလို့ဟု ဘွာတေးလုပ်သည်။ မြန်မာပြည်မှ လက်ရှိအစိုးရသတင်းစာများကို ကြည့်လော့။ အလွန်တရာမှ သိက္ခာမဲ့ပြီး အခွက်ပြောင်လွန်းကြသောကြောင့် ပြည်သူလူထုက အစိုးရသတင်းစာများဆိုလျှင် အဘယ်သို့ သဘောထားကြသနည်း ဆိုတာ ဋီကာချဲ့ဖို့ မလိုပြီ။ နာရေးသတင်းနှင့် မဖြစ်မနေထည့်ကြရသော အလုပ်ခေါ်ကြော်ငြာများအတွက်ကလွဲပြီး ဘာ တခုမှ ယုံကြည်လို့မရသော စာရွက်ကြီးတွေလို့ဘဲ ကျွန်တော်တို့မြင်သည်။ ဖဆပလအစိုးရ နောက်ပိုင်း အစိုးရသတင်းစာ များသည် ဆည်၊ တာတမံ ကြော်ငြာ၊ ဒင်းတို့ ဘယ်သွား၊ ဘာစားဆိုတာကို သတင်းလုပ်နေတော့သည်။ ပြီးတော့ လက်ရှိ ပြန်ကြားရေး ၀န်ကြီးတို့၏ အတိုက်အခံကို ပယ်ပယ်နယ်နယ် အောက်တန်းကျကျ တိုက်ခိုက်သောသူများ၏ ကလောင် အမည် အမျိုးမျိုးဖြင့် အကုသိုလ်ပွားစရာ နေစရာများသာ ဖြစ်သည်။ (မောင်မင်းကြီးသား ငြင်းရဲလျှင် ငြင်းစေ။) ရှိစေတော့။ ပြီးပြီးသား ကိစ္စပြီးစေ။ အခုတော့ အောက်တန်းခပ်ကျကျ ပေါ်ပေါ်တင်တင်ကြီး မတိုက်မခိုက်ကြတော့တာဘဲ ကျေးဇူးတင် ရမည့် မောင်မင်းကြီးသားများပါပေ။
အခု ကိုယ့်ဖဲ ကိုယ်ချိုး၊ ကိုယ်ချိုး ကိုယ်ဝေ အစိုးရခေတ်ရောက်တော့ စာနယ်ဇင်းတွေကို မချစ်သော်လည်း အောင့်ကာ နမ်းရ သည့်သဘောဖြင့် အောင့်သက်သက်ဖြင့် ခွင့်ပြုကြရသည်။ ဒင်းတို့ခံတွင်းတွေ့သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ ခေတ်ကြီးမှာ စာနယ်ဇင်းတွေကို မထိ၊ မတို့ရက်။ “စစ်တပ်ကိုမထိနဲ့ မီးပွင့်သွားမယ်” ဆိုသည့် သဘောတရားများကို စာနယ် ဇင်းလောကကို သိစေသည်ကလွဲလို့ ကျန်သည့်ကိစ္စများကို ရူးချင်ယောင်ဆောင်ကြသည်။ မကြားချင်ယောင်၊ မမြင်ချင် ယောင် ဆောင်ကြသည်။ ထို့ကြောင့် လက်ရှိ မြန်မာစာနယ်ဇင်းလောကတွင် အစိုးရကိုသော်လည်းကောင်း၊ အတိုက်အခံကို သော်လည်းကောင်း၊ ကြားနေသူများကိုသော်လည်းကောင်း စိတ်ရှိတိုင်း ရေးနိုင်ကြသည်။ ဝေဖန်နိုင်ကြသည်။ ခံတွင်းတွေ့ နိုင်သည်။ “ထွီ” ဟု တံတွေး ထွေးပစ်နိုင်ကြသည်။ ထိုအခါ စာဖတ်သော၊ ဗဟုသုတ ပြည့်ဝသော၊ ရပ်တည်ချက်မှန်ကန်သော သူများ၏ ဆောင်းပါးများ၊ အက်ဆေးများ၊ ဝေဖန်ရေးများမှာ ပြည်သူလူထု ကျွန်တော်တို့အတွက် ဖတ်လို့မငြီး။ အားရလို့ မဆုံး။ လက်ခုပ်တီး အားပေးလို့မဆုံး။

သို့သော် စာမဖတ်သော၊ ဗဟုသုတ ပြည့်အောင် မကြိုးစားချင်ကြသော၊ ဆိတ် “ဟိုဒင်း” လို ရပ်တည်ချက် မတည်ငြိမ်သော သူများ၏ ဆောင်းပါးများ၊ ဝေဖန်ချက်များ၊ အက်ဆေးများကတော့ စာဖတ်သူ ပြည်သူလူထုကို “အလာဂျီ” ဖြစ်စေသည်။ တခါတရံ ဆိုရှယ်နက်ဝက်များပေါ်ရှိ professional များ၏စာတွေကိုခိုးချပြီး ခပ်တည်တည် ကိုယ့်ကလောင်နာမည်တပ် သူများ၏ ပြဿနာတွေကလည်း များလာသည်။ ကျင့်ဝတ်တွေ၊ နီတိတွေ ဆိုတာ လူ့လောဘ၊ ဒေါသ၊ မောဟနဲ့ ယှဉ်လာလျှင် နောက်တန်း ရောက်သွားတတ်သည်မို့လား။ အမှားတွေကနေ အမှန်တွေဖြစ်လာဖို့ ကြိုးစားသည့်သတင်းသမားများဆိုလျှင် ပင် ကျွန်တော်က သာဓု သုံးကြိမ် သုံးခါ ခေါ်ချင်သည်။

အခုတော့ မြန်မာနိုင်ငံမှာ အလွန်အထိအခိုက်မခံသည့်ကိစ္စကို ပွန်းရှစေမည့်ကိစ္စကို လုပ်ပြီးကာမှ မှားလို့ပါဟု ဆိုသည်။ ဘွာ တေးလို့ ပြောသည်။ တောင်းပန်ပါသည်ဟုဆိုသည်။ လူဆိုတာ မှားတတ်သည့်အမျိုး။ အခု သူတို့ ဂျာနယ်က တောင်းပန်သည့် ကိစ္စအား အများပြည်သူကို ကျွန်တော်မသိ။ သို့သော် အများပြည်သူထဲမှတယောက်အပါအ၀င်ဖြစ်သည့် ကျွန်တော်က ကျေနပ်သည်။

တကယ်ကျတော့ စာနယ်ဇင်းဆိုတာ အတိုက်အခံဘက်က အမြဲရပ်တည်ဖို့မဟုတ်။ အစိုးရကိုပဲတိုက်နေရလျှင် ပျော်နေရ မည့်သူများလည်း မဟုတ်။ အာဏာပိုင်များဘက်က ကာကွယ်ဖို့လည်း မဟုတ်။ ကုန်ကုန်ပြောရလျှင် ပြည်သူလူထုတရပ်ကြီး တခုလုံး အယူမှား၊ အကောက်မှား ဖြစ်နေလျှင်သော်မှ ထောက်ပြဝေဖန်ရမည်။ လက်ရှိမြန်မာ့နိုင်ငံရေးကို စံထားပြီး ထပ်မံ ပြောရလျှင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် လက်ခုပ်တီးဆောင်းပါးများ ထည့်ပေးဖို့မဟုတ်။ ဒေါ်အောင်ဆန်းစုကြည်၏လုပ်ရပ်များ၊ ခြေလှမ်းများက ပြည်သူလူထု ကောင်းကျိုး၊ နိုင်ငံကောင်းကျိုးကို ထိပါးစေမည်ဟု ယူဆလျှင် ဂေါပဏီတပ်ကြီးနှင့် တယောက်ဘဲ ဖြစ်စေအုံးတော့။ ဝေဖန်ရမည်။ ထောက်ပြရမည်။ ထို့အတူ ၀တ်စုံပြောင်း ၀တ် ၂၀၀၈ စာအုပ်အဟောင်းကြီးကို ရင်မြေကတုတ်လုပ်ကြသည့်အဘများကို အမုန်းမပါဘဲ  ပယ်ပယ်နယ်နယ် ထောက်ပြ ဝေဖန်ဖို့ လိုသည်သာ။ ရိုးသားသားသော၊ ဖြူစင်သော၊ အာဃာတမပါသောစိတ်ထားများဖြင့် အနာဟောင်းများကို ပြည်သူ လူထု မှတ်မိနေအောင် ပြန်ဖော်ပေးနေဖို့ လိုသည်သာ။

သို့သော် စာနယ်ဇင်းသမားဆိုသည်မှာ လူအချင်းချင်း၊ အစုအဖွဲ့အချင်းချင်း၊ ဘာသာတရား အချင်းချင်း အမုန်းပွားစေမည့်၊ ထင်ယောင်ထင်မှား ဖြစ်စေမည့် သတင်းများ၊ အချက်အလက်များကို မှန်နေသည်ဆိုအုံးတော့ သေသေချာချာ စီစစ်ရမည်။ ဝေဖန်ရမည်။ ပိုင်းခြားရမည်လို့ ကျွန်တော် မြင်သည်။ ဥပမာအားဖြင့် (I said example) မွတ်ဆလင် တစ်ယောက်က မြန်မာ ဗုဒ္ဓဘာသာတယောက်ကိုသတ်မိသည်ဆိုသည့် သတင်းဆိုပါစို့။ အမေရိကန်မှာဆိုလျှင် ဒီသတင်းကို စက္ကန့်မခြား သတင်း ခေါင်းကြီး တင်နိုင်သည်။ မြန်မာနိုင်ငံလို၊ သီရိလင်္ကာလိုနိုင်ငံမျိုးတွေမှာကျတော့ ပြစ်မှုကျူးလွန်သူ အဆိုပါ မွတ်ဆလင်နှင့် အသတ်ခံရသူ အဆိုပါ ဗုဒ္ဓဘာသာတို့၏ ဆက်စပ်ပါတ်သက်မှုကို ရှာရတော့မည်။ သိဖို့ ကြိုးစားရတော့မည်။ အရက်ဆိုင်မှာ သောက်ရင်း စားရင်း စကားများသလား။ ကိုယ်ရေး ကိုယ်တာ လူမှုရေး မကျေလည်မှုတွေ ရှိသလော။ သို့တည်းမဟုတ် ဘာ သာရေး ခွဲခြားမှုက စသလော။ ဘာသာရေးခွဲခြားမှုက စသည့်လူသတ်မှုဆိုလျှင်တောင်မှ စာနယ်ဇင်းသမားများ သတိကြီးစွာ ထားဖို့ လိုသည်။ သတင်းအမှန်အတိုင်းကိုရေးပြီးသကာလ တရားဥပဒေအတိုင်းဖြစ်ဖို့ ပြည်သူလူထုကိုယ်စား တောင်းဆို လိုက်ပါသည်ဆိုသည့် မှတ်ချက်မျိုးကို ရေးပေးသင့်လိုက်သည်။

ဆရာ့ ဆရာ စကာ့ စကာကြီးပုံစံဖြင့် ကျွန်တော်က ဝေဖန်ပိုင်းခြားနေပေမယ့် တကယ့် တကယ် စာနယ်ဇင်းအယ်ဒီတာများ၏ အခက်အခဲကို ကျွန်တော်က ခံစားကိုယ်ချင်းစာမိသည်။ ဘယ်အချိန် ဘယ်လိုမျိုး သူတို့ စိတ်ကြိုက် ရွေးကောက်ထားသော ဥပဒေများဖြင့် တရားထစွဲပြီး ထောင်ဘယ်နှစ်နှစ်ကျမယ်မှန်းမသိရသော ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေသော သူများလို့ ကျွန်တော် ခံစားမိပါသည်။

သို့ပေသော်လည်း လူအချင်းချင်း မုန်းတီးရွံရှာစေမည့်သတင်းများကို ခုတုံးလုပ်ပြီး နိုင်ငံရေးကို ပိုမိုရှုပ်ထွေးစေမည့် သတင်း များကိုကျတော့ အယ်ဒီတာများခေါင်း မီးခိုးထွက်အောင်စဉ်းစားကြဖို့ သင့်သည်။ ဆရာကြီးလူထုစိန်ဝင်းပြောခဲ့သလို “စာမ ဖတ်ချင်လျှင် အယ်ဒီတာမလုပ်နဲ့” လို့ ခပ်တင်းတင်းပြောပစ်လိုက်လို့ ကျွန်တော့်မှာ ဆရာကြီးလိုလည်း ပညာကြီးရင့်သူလည်း မဟုတ်။ အရေမရ အဖတ်မရ solid NO, liquil NO အကောင်။ ဒါပေမယ့် ကျွန်တော်က တောင်းပန်ချင်ပါသည်။ မရိုးသား သားရင် အယ်ဒီတာမလုပ်နဲ့လို့။ အထူးသဖြင့် ပြည်သူလူထုအပေါ်မရိုးသားသားရင် အယ်ဒီတာမလုပ်နဲ့လို့ ကျွန်တော် တောင်းပန်ရင်း အယ်ဒီတာမင်းများ မကျေနပ်လို့ လေဖြတ်ချင် ဖြတ်။ လူအစုအဖွဲ့ကြီး အချင်းချင်း အမုန်းမီးပွားစေမည့် သတင်းများ၊ အချက်အလက်များကိုဝေမျှသည့် သူများဆိုလျှင် အယ်ဒီတာမင်းများလို သံသရာလည်နေသည့် လူဝတ်ကြောင် များ မဆိုထားဘိ။ ဘုရားသားတော် သံဃာတော်များဆိုလျှင်တောင်မှ လမ်းမှာ မျက်နှာချင်းဆိုင်မတွေ့မိအောင် ကျွန်တော် ကြိုးစားမိသည်။ အားနာပြီး ကန်တော့ နေရမှာ ကျွန်တော် စိုးရိမ်မိသည်။ ထို့ကြောင့် မရိုးသားသားရင် အယ်ဒီတာမလုပ်နဲ့လို့ ကျွန်တော် ငချွတ်တွားက တောင်းဆိုလိုက်ရပေသည်။

ဖိုးထက်