ပြည်တွင်းချေးငွေ စတင်ထုတ်ချေးသော နိုင်ငံခြားဘဏ်အဖြစ် ယူအိုဘီရပ်တည်

 
ပြည်တွင်းချေးငွေ စတင်ထုတ်ချေးသော နိုင်ငံခြားဘဏ်အဖြစ် ယူအိုဘီရပ်တည်
  ဟန်သစ်နိုင်-။ မိုးမခ မေ  ၆၊ ၂၀၁၅
 ယူအိုဘီ ဘဏ် မိတ်ဆက်ခြင်း အခမ်းအနားကို ၂၀၁၅ ခုနှစ်  မေလ (၆ )ရက်နေ့တွင် ရန်ကုန်မြို့ အလံပြဘုရားလမ်းပေါ်ရှိ Park Royal Hotel တွင် နံနက် (၁၁) နာရီက ပြုလုပ်ခဲ့သည်။

 ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံအစိုးရမှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ပေးအပ်လိုက်သည့် နိုင်ငံခြားဘဏ် ကိုးခုအနက် ယူအိုဘီသည် မြန်မာနိုင်ငံတွင်  ပြည်တွင်းချေးငွေထုတ်ချေးသော ပထမဦးဆုံးနိုင်ငံခြားဘဏ် တစ်ခုဖြစ်သည်။ ယူအိုဘီ ဘဏ်သည်  ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးဝန်ဆောင်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဟုဆိုသည်။

 မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများအနက် ၂၀၁၄ တွင် ဟောင်ကောင်မှ  ၃၁%၊ ထိုင်းနိုင်ငံမှ ၂၈%၊ တရုတ်ပြည်မကြီးမှ ၂၆%နှင့် စင်ကာပူနိုင်ငံမှ ၂၁% တိုးမြှင့်မြှပ်နှံခဲ့ကြသည်ဟု လေ့လာတွေ့ရှိချက်များက ဆိုသည် ။ဆက်လက်၍ တိုးချဲ့ရန်အလားအလာများ လည်းရှိနေသည်ဟု  သိရသည်။

 "ယူအိုဘီသည် အာရှ-ပစိဖိတ်၊ အနောက်ဥရောပနှင့် မြောက်အမေရိကရှိ နယ်မြေများနှင့် နိုင်ငံပေါင်း(၁၉)နိုင်ငံတွင် ရုံးခွဲပေါင်း (၅၀၀)ကျော်ဖြင့် အာရှတွင် ဦးဆောင်နေသော ဘဏ်တစ်ခုဖြစ်တယ်" ဟု မစ္စတာ Ian Wong ကပြောသည်။