မြဒေါင်းနွယ် - သူမ၏ ချစ်သူ
(မိုးမခ) မေ ၂၉၊ ၂၀၁၅
သူမ၏ မိဘများနှင့် မောင်နှမများပြီးလျှင် သူမတွယ်တာရသည်မှာ သူတဦးတည်းသာ ဖြစ်သည်။ သူမဘဝတွင် သူသာလျှင် အရှင်သခင်ဖြစ်ပါသည်။
(၁)
သို့သော်သူ့အတွက်တော့ ဤမျှနှင့်တင်းတိမ်နိုင်ခြင်းမရှိသည်မှာ သေချာလှပါသည်။ သူမ၏ချစ်ခြင်းမှန်သမျှ သူ့အပေါ်တွင် စုပုံထားခဲ့သော်လည်း သူကတော့မူ သူမအတွက် သစ္စာဆိုတာလေးတောင် ထားရှိခြင်းမရှိခဲ့ပါချေ။ သို့သော်လည်း သူမက နာကျင်စရာဟု မတွေးခဲ့ဖူးချေ။ သူမချစ်ခြင်းတို့ သူ့အပေါ် ပြိုဆင်းခယနေသည့်တိုင် သူကတော့ သူမဆီကို ဖုန်းကလေး တချက်ဆက်ဖို့တောင် ဝန်လေးခဲ့သူပင်။ သူမဘဝတွင် အချစ်ဦးမဟုတ်ခဲ့သည့်တိုင် သူသည် သူမ၏ ချစ်ခြင်းဟူသမျှကို သိမ်းကျုံးယူငင်နိုင်စွမ်းရှိသူ ဖြစ်ပါ၏။
သူမ ချစ်ရခြင်းမှာ ပျော်မွေ့ပါ၏။ သို့သော် သူမချစ်သူ သူကတော့မူ သူမကိုချစ်သလားဟုပင် မသေချာပါ။ သူမ သူ့ကို သတိ ရနေချိန်တွင် သူက သူတက်နေသောသင်တန်းတခုခု၌ သူ့ကောင်မလေးဟုသတ်မှတ်လျှင်ရလောက်သည့် ကောင်မလေးနှင့် ပျော်မွေ့နေမည်။
သူမကို ကောင်းစွာမေ့လျော့နေပေမည်။ သို့ဆိုလျှင် ဘာကြောင့်သူ့ကိုသူမချစ်နေသေးလဲဟု မေးစရာရှိပါသည်။ သူမ သူ့ကိုအလွန်အမင်းမြတ်နိုးမှုဟုကြောင့် ဖြေရပေလိမ့်မည်။သူမ သူ့ကို အလွန်အမင်းကို တန်ဖိုးထားပါသည်။ တန်ဖိုးထားပါသည်။ ချစ်ပါသည်။
သူက သူမကိုမေ့လျော့နေချိန်တွင် သူမကတော့ သူ့ကို သတိရစွာ အသက်ရှင်နေသည်။ သူပျော်ရွှင်နေချိန်တွင် သူမနာကျင် နေပါသည်။သူမကသူ့ကိုချစ်နေအချိန်တွင် သူကအခြားတယောက်ကို ချစ်သူအဖြစ် သတ်မှတ်ခဲ့လေပြီ။ ဒါဆို သူမတို့ လမ်း ဆုံးကိုရောက်သွားပြီလား။ ဟင့်အင်း မရောက်ပါ။ သူမ သူ့ကိုခွင့်လွှတ်ဦးမည်။သူမအပေါ်စိတ်ပြန်မလည်တောင် သူမက တော့မိုက်မဲစွာ၊ ရူးသွပ်စွာ ချစ်နေချင်ပါသေးသည်။ သူသည် သူမအတွက် အဆိပ်တခွက်ဖြစ်မည်ဆိုလျှင်တောင်မှ ပျော်ရွှင် စွာ တဟုန်ထိုးမော့သောက်မိမှာပါ။ ထိုမျှအထိ သူမ သူ့ကို ချစ်ပါသည်။
သူကသေဆိုလျှင်တောင်စဉ်းစားကာသေသင့်သည်ဆိုပါ လျှင်သူမသေပေးလိုပါသည်။ သို့ဆိုလျှင် သူမသည် ရူးသွပ်သူ တယောက်ဟု သတ်မှတ်ကြမည်လား။ ဒီလိုဆိုလျှင် တက်တက်စင်အောင် လွဲပေလိမ့်မည်။ သူမမိသားစုပိုင်ဆိုင်သော အိမ်၊ ခြံ၊ မြေတို့ကို ကိုယ်တိုင်ကျွမ်းကျင်စွာရောင်းချ ဖောက်ကားနေသူတဦးဖြစ်ပါသည်။ သူမသည် ရောင်းရေးဝယ်တာ ကျွမ်းကျင် ပါ၏။ အချစ်ရေးတွင်တော့ ဘဲဥပင် မကွဲသူဖြစ်ပါ၏။ သူမသည် ပွဲစားတယောက်မဟုတ်ပါ။ ဆိုလိုရင်းမှာ ပွဲစားတယောက် လောက်တော့ မလည်ဝယ်ပါဟု ဆိုခြင်းဖြစ်ပါသည်။ သူမ၏ချစ်သူသည် အချစ်ရေးတွင် အလွန်အမင်း လည်ဝယ်သူဖြစ်ပါ သည်။သူ့ Social Network တွင်လည်း သူငယ်ချင်းဟူသည် မိန်းကလေးများသာပင်။ သူမကိုတော့ ဘယ်တော့မှ အရေးလုပ် ၍ စကားပြောလေ့ပင်မရှိပါ။ သူမသည် စင်စစ်တော့ အရူးအနှမ်းမျှသာ။
သူမချစ်မြတ်နိုးသူသည်သူမအပေါ်မချစ်ကြောင်းသိသိကြီးနဲ့ပင်။ရင်ခုန်စွာ၊တပ်မက်စွာ၊သူ့ကိုတိတ်တဆိတ်ရောပေါ်တင်ပါအစွဲအလမ်းကြီးနေသူဖြစ်လေသည်။သူမအပေါ်တစ်ချက်လောက်ဂရုစိုက်ရုံနဲ့သူမသည်အသက်ပျောက်မတတ်ပြေးသွားချင်ခဲ့သူဖြစ်ပါသည်။ရှုံးနေမှန်းသိသိကြီးဖြင့်အနိုင်ခံနေသူမှာသူမပင်ဖြစ်ပါသည်။
(၂)
ဟုတ်ပါသည်။ သူမချစ်သူ မောင့်ကို သူမအရမ်းချစ်ပါသည်ဆိုခြင်းထက်ကို ပိုလွန်ပါသည်။ သူမနှင့် မောင် တကြိမ်သာချိန်း တွေ့ခဲ့ဖူးပါသည်။ မောင့်အနမ်းကို မေ့မရစွာ ရင်ခုန်ပါသည်။ နောက်ပိုင်းတွင် မောင်က မကြာခဏပူဆာသော်လည်း သူမကထပ်တိုးလာမည့်သံယောဇဉ်ကြိုးကို ချည်နှောင်မခံချင်လှစွာ ချိန်းမတွေ့ခဲ့ချေ။ မောင်က ဤသည်ကိုလည်း ကျေနပ်ဟန်မတူ ခဲ့ပေ။ သူမမောင့်ကို ချစ်ပါသည်။ သို့သော် မောင်နဲ့လက်မထပ်မချင်း မောင့်ကို သူမခန္ဓာကိုယ်ကို ပုံမအပ်လိုပါ။ မောင်က အရူးအမဲသားကျွေးမိသူလို တတွတ်တွတ်ပူဆာခဲ့သော်လည်း သူမကတော့ ဘယ်တော့မှချိန်းမတွေ့တော့ချေ။ တကြိမ် တခါမျှတွေ့ဖူးခြင်းသည်လည်း သူမ၌ စွန်းထင်းခြင်းတစုံတရာ မရှိခဲ့ချေ။ သူမ မောင့်ကို ချစ်ပါသည်။ သို့သော် သူမသည် အပျိုစင်စစ်မျှသာ။ မောင်က ပိုင်ဆိုင်လို၍ မကြာခဏချိန်းသော်လည်း သူမချိန်းမတွေ့ခဲ့ပေ။ မောင့်ကို သူမခန္ဓာကိုယ်ကိုမူ ဝကွက်အပ်ခဲ့ခြင်းမရှိခဲ့ပေ။ မောင်က ဤသည်ကို မကျေနပ်ချေ။
သည်လိုနဲ့ သူမတို့ဇာတ်မျောကြီးက စတင်ခဲ့ခြင်းဖြစ်ပါသည်။ မောင်က ယနေ့ခေတ်တွင် အပျိုရည်ပျက်ခြင်းမှာ အဆန်းမ ဟုတ်ဟုဆိုပါသည်။ သူမကတော့မူ လက်မထပ်မချင်း အပျိုစင်ဘဝကို အပွန်းအပဲ့မခံနိုင်သူဖြစ်ပါသည်။ မောင်နှင့်သူမအကြီး အကျယ်ကို သဘောထားကွဲလွဲကြပါသည်။ ဖုန်းနှင့်ဖြစ်ပါသည်။ အပြင်မှာတောင် မောင်နှင့်သူမ မတွေ့ကြရပါ။ မောင်က ဤသည်ကိုလည်း နည်းနည်းမျှ မကျေနပ်ခဲ့ချေ။ သို့သော်လည်း သူမက တွေ့မည်ဆို နမ်းရုံ၊ ဖက်ထားရုံမျှဖြင့် ကျေနပ်မည် ဆိုလျှင် တွေ့မည်ဟုဆိုခဲ့ပါသည်။ အလိုကြီးသောမောင်က လက်မခံခဲ့ချေ။ သူမအပျိုစင်ဘဝကို ပုံအပ်ပါဟုဆိုလာသည်။
သူမသည် ခေတ်လူငယ်ဖြစ်သော်လည်း ရှေးရိုးဆန်ပါသည်။ မောင့်တောင်းဆိုချက်ကို ခပ်ပြတ်ပြတ်ငြင်းထုတ်ခဲ့ပါသည်။ မောင်က အရွဲ့တိုက်ပါသည်။ သူ့တောင်းဆိုချက်ကို မလိုက်နာနိုင်လျှင် သူမနှင့်ဘယ်သောအခါမျှ မတွေ့ဟုဆိုပါသည်။ သူမကလည်း မောင့်ကိုချစ်နေရရုံမျှဖြင့် ကျေနပ်နိုင်ပါသည်။ မောင့်ဆန္ဒကိုသိသော်လည်း မလိုက်လျောနိုင်ပါ။ ဒီလိုနဲ့မောင် နှင့်သူမ ဝေးခဲ့ကြသည်။ သူမသည် သင်္ကြန်တွင်းတွင်တောင် ဥပုသ်စောင့်သော အပျိုစင်တဦးဖြစ်ပါသည်။ မောင်က ဤအ ချက်ကို မကျေနပ်ချေ။ သို့သော်လည်း ခေါင်းမာသောသူမကို မောင်အနိုင်ယူမရပေ။ ချစ်ရုံသာချစ်တတ်ပြီး သူမခန္ဓာကိုယ်ကို အပွန်းအပဲ့မခံခဲ့သောသူမကို မောင်ကလည်း သူ့ကိုချစ်သည်ဟု မယုံကြည်ခဲ့ချေ။ ဒီလိုနဲ့ မောင်နှင့်သူမ ဝေးသည်ထက် ဝေး လာခဲ့ပေသည်။
(၃)
သူမသည် မောင့်ကိုရူးသွပ်စွာစွဲလမ်းသလောက် စိတ်ဓာတ်ကတော့ မာကျောလေသည်။ မောင်ကလည်း သူမကို ရှိသည်ဟု ပင်မသတ်မှတ်တော့။ မောင့်ကို အလွန်အမင်းချစ်မြတ်နိုးသလောက် သူမ၏အပျိုစင်ဂုဏ်ကိုလည်း မြတ်နိုးလေသည်။ မောင် ကလည်း သူမအချစ်ကို အယုံအကြည်မရှိခဲ့ပေ။ သူများတွေလို တည်းခိုခန်းတွေ၊ ဟိုတယ်တွေခေါ်သွားချင်သူမောင်နှင့် ယခုအချိန်ထိ ရှေးရိုးဆန်စွာ ဗိုင်းကောင်းကျောက်ဖိနေလာသည့် သူမတို့မိသားစုအသိုက်အဝန်း၏ ပဋိပက္ခဖြစ်နေချေသည်။ မောင်က မယုံကြည်ခဲ့သလို၊ သူမကလည်း မောင့်ကိုမယုံကြည်ခဲ့ချေ။ ကံကြမ္မာကို ပို၍ မယုံကြည်ခြင်းဖြစ်ပါသည်။ မောင်နှင့် သေချာပေါက်လက်ထပ်ရမည်မှာ မသေချာကြောင်း သူမကသိနေသကဲ့သို့၊ မောင်ကလည်း သစ္စာရှိလိမ့်မည်မှာ မရေရာ ကြောင်း သူမသိသည်။ ကံကြမ္မာနှင့် အလောင်းအစားလုပ်ကာ၊ အပျိုစင်ဂုဏ်နှင့် မလဲနိုင်ချေ။ မောင့်ကိုချစ်သလောက် လူ လေးသေးသလောက် ခေါင်းမာလှသောသူမကို မောင်က စွန့်ပစ်စပြုလာသည်။
မောင့်စွန့်ပစ်ခြင်းခံရသော်လည်း သူမက ပေကြောင်ကြောင်ပင်။ မောင့်ကို ယခင်ကလိုချစ်ဆဲ။ သို့သော်လည်း မောင်နှင့်တွေ့ ဖို့မကြိုးစားဘဲ မောင့်ဆန္ဒကိုလိုက်လျောဖို့ ခေါင်းမာခဲ့မိလေသည်။ မောင်ကလည်း သူ့အနီးအနားရှိ သူ့ဆန္ဒကိုလိုက်လျော သူများနှင့် ဆက်လက်ခရီးသွားနေသည်။ မောင့်ကို သူမအပေါ်သစ္စာမရှိခြင်းဟုလည်း အပြစ်မဖွဲ့ခဲ့ပေ။ မောင့်ကို ဟိုးယခင် ကလို ချစ်ဆဲသာပင်။ မောင်လိုချင်သောဆန္ဒကိုလည်း မလိုက်လျောနိုင်သည့်အတွက် သူမကခေါင်းမာစွာ ဆက်လက်ပန်း ပန်ဆဲပင်။ မောင့်ဘေးနားမှာ ကောင်မလေးတွေရှိနေတာလည်း သိလျက်နဲ့ပင် မောင့်ကို မေ့ဖျောက်မရဘဲ ချစ်မြဲ ချစ်ဆဲပင်။ မောင့်ကို တမ်းမက်စွာ၊ ခုံမင်စွာတောင့်တနေသောနှလုံးသားကိုတော့မူ မတားဆီးနိုင်ခဲ့ချေ။ မောင်လိုချင်သော အပျိုစင်ခန္ဓာ ကိုယ်ကိုတော့မူ ဝကွက်မအပ်နိုင်ဘဲရှိချေသည်။
မောင်ကလည်း သူမကို မာနကြီးစွာ မဆက်သွယ်ခဲ့ချေ။ သူမကလည်း မောင့်တောင်းဆိုမှုကို မလိုက်လျောနိုင်သည့်နောက်ပိုင်း မောင့်ကို မဆက်သွယ်တော့ချေ။ အလွန်အမင်းကြားလိုလှသည့် မောင့်အသံကိုကြားလိုလှသော်လည်း နာစရာတို့ဖြင့် ကြိုး စားချေဖျက်ပစ်သည်။ မောင့်တောင်းဆိုမှုက တရားလွန်လွန်းသည်ဟု သူမကထင်သည်။ ချစ်သူချင်း တွေ့ခွင့်ပင်မရအောင် မောင်က အလိုကြီးသည်ဟုထင်သည်။ မောင့်ကိုတွေ့လိုလှသော်လည်း မောင့်တောင်းဆိုမှုကို မလိုက်လျောနိုင်သည့်နောက် တွေ့စရာမလိုဟု မှတ်ပိုက်သည်။ မောင်ကလည်း သူမသူ့ကိုမချစ်ဟုထင်သည်။ သူမနှင့်မောင့်ကြားတွင် နံရံတချပ်ခြားလို့နေ သည်။
နားလည်မှုတို့ဖြင့် နှောင်ဖွဲ့လိုသော်လည်း မောင်ကလက်မခံချင်ပြန်ပေ။ အပျိုရည်ပျက်ခြင်းမှာ နှစ်ကိုယ်ကြားသာသိမည်ဟုဆို သည်။ သူမကတော့မူ ဆိတ်ကွယ်ရာမရှိကြောင်း ရှင်းပြလိုသည်။ မောင့်ကို အိပ်မက်တွေမှာတွေ့တိုင်း၊ နိုးလာတဲ့အချိန်တိုင်း ကူကယ်ရာမဲ့ ငိုကြွေးရလာသည်။ မောင်မသိသော်လည်း သူမမောင့်ကို ချစ်မြဲ ချစ်ဆဲသာပင်။ မောင်ကလွဲ၍လည်း အခြားတ ယောက် အစားမထိုးနိုင်ခဲ့ချေ။ မောင်ကတော့ သိနိုင်လိမ့်မည်မထင်။ မောင့်ကိုယ်စား မောင့်ဓာတ်ပုံလေးတပုံသာ သူမပိုင် ဆိုင်သည်။ ထိုဓာတ်ပုံလေးမှာလည်း နွမ်းကြေ၍ပင်နေပေပြီ။ မောင်နှင့်သူမ ဝေးခဲ့သည်မှာကြာပြီပဲ။
(နိဂုံး)
မောင်သိတော့မည်မဟုတ်တော့သော သူမချစ်ခြင်းတို့ကို မောင်လိုချင်သေးလျှင် ပေးချင်ပါသည်။ ချစ်ခြင်းကိုပြောခြင်းဖြစ်ပါ သည်။ သူမခန္ဓာကိုယ်မဟုတ်ပါ။ မောင့်ကိုချစ်သော်လည်း မောင်နှင့်လက်ထပ်သည့်နေ့တွင်မှ သူမအပျိုစင်ဘဝကို စွန့်လွှတ် လိုပါသည်။ မောင်နှင့်လက်မထပ်မချင်း၊ တနည်းဆိုရသော် မည်သူတဦးတယောက်နှင့်မဆို လက်မထပ်မချင်း သူမအပျိုစင် ဘဝကို မစွန့်လွှတ်လိုပါ။ မောင်မကျေနပ်ပါကလည်း မတတ်နိုင်ပါ။ မောင်ကသာအလိုရှိသည်ဆိုလျှင် မောင့်ကိုချစ်ခြင်းတွေပေး လိုပါသည်။ မောင်အလိုရှိသော ခန္ဓာကိုယ်ကိုတော့မဟုတ်ပါ။ ရင်ထဲကလာသောနှလုံးသားကို မောင့်တဦးတည်းမူပိုင်အဖြစ်လှူဒါန်းလိုပါသည်။ ယခုခေတ်ကောင်မလေးတချို့တွေလို ခေတ်မမီသော၊ ရှေးရိုးဆန်သောသူမကို မောင်ချစ်လိုပါရဲ့လား။
မဒေါင်းနွယ်ဟူသောခေတ်မမှီတော့သော၊ ဒိတ်အောက်နေသော သို့သော်လည်း မြတ်နိုးစရာ သူမဂုဏ်ပုဒ်ဟုမှတ်ယူသော မိန်းမငယ်လေးသည် သူမ၏ချစ်သူကို အနှိုင်းမဲ့ချစ်မြတ်နိုးလျှက်ရှိနေပေသည်။ တချိန်ချိန်တွင် သူမ၏ချစ်သူကနားလည်လိမ့် မည်ဟု မျှော်လင့်ရင်းဖြင့်သာ ....။ ။
မြဒေါင်းနွယ်
နံနက် ၇း ၀၅ မိနစ်
သြဂတ်စ် ၇ (ကြာသာပတေး) ၂၀၁၄