ငြိမ်းချမ်းအေး - လူဖြစ်ရင်ပြီးပြီ


ငြိမ်းချမ်းအေး - လူဖြစ်ရင်ပြီးပြီ
မိုးမခ - ဇွန် ၃၊ ၂၀၁၅

‘လူမှောင်ခိုကူးမှုကြောင့် အတိ ဒုက္ခရောက်သူများကို လူသားချင်းစာနာထောက်ထားမှု ရှုထောင့်မှ နိုင်ငံတကာနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားရန် အသင့် ရှိ’ ပါတဲ့..။  မလက္ကာရေလက်ကြား ပင်လယ်ထဲက လှေစီးဒုက္ခသည်တွေ အတွက် ဗမာပြည် အစိုးရ နိုင်ငံရေးခြားရေး ဝန်ကြီး ဌာနက မေလ (၁၉) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်ပါ။

ဒါက ဘာနဲ့ တူသလဲ ဆိုတော့ ဒေသခံတွေမပါဘူး၊ ဘယ်ကမှန်းမသိတဲ့ လူအုပ် အယောက် ၁၀၀ လောက် လာပြီး တိုက်ဖျက် မီးရှို့ လုပ်တာကို မြို့ခံ လူထောင်ချီက အသာလက်ပိုက်ကြည့်ပြီး နောက်မှ လူသားချင်းစာနာထောက်ထားလို့ ဒုက္ခသည်စခန်းမှာသွား ခေါက်ဆွဲခြောက်ဝေတဲ့ စောင့်ရှောက်ပုံမျိုးနဲ့ တူနေပါတယ်။

ဒီ ကိစ္စရပ်ကြီး တခုလုံးကို သုံးသပ်ရင် ‘ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ’ မှာ ‘ရိုဟင်ဂျာ ဘင်္ဂါလီတော့မပါ’ ဆိုတဲ့ စိတ်အခံကနေ ‘စ’ စကားပြောရပါမယ်။

ပြီးရင် နိုင်ငံသားတွေ၊ ဌာနေ လူမျိုး တိုင်းရင်းသားတွေ၊ နိုင်ငံမဲ့တွေ စတဲ့ တည်ဆောက်ထားတဲ့ လူမှု-နိုင်ငံရေး သတ်မှတ်ချက်တွေကို ကျော်ရပါမယ်။

သူတို့ကို ဆောက်တည်ယူထားတဲ့ ဖွင့်ဆိုချက် မဟုတ်တဲ့ ရင်းခံ သဘော ‘လူ’ ဖြစ်ကြောင်း လက်ခံရပါမယ်။  လူသား ဂုဏ်ရည် သိက္ခာ အခွင့်အရေးနဲ့ အညီ ဆက်ဆံဖို့က လူ ဖြစ်ရုံနဲ့ ရပါပြီ။  တရားမဝင်၊ တရားဝင်၊ နိုင်ငံသား ဘာ သတ်မှတ်ချက်မှ မလိုပါ။  လူ တစ်ယောက်ကို ဘာအကြောင်းနဲ့မှ တရားမဝင်ဘူး သတ်မှတ်လို့ မရပါ။  လူ ဖြစ်တည်မှုကို ငြင်းလို့ မရပါ။

လူ ဖြစ်ပြီ ဆိုတာနဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ စီးပွား၊ ကျန်းမာ၊ ပညာ ဘဝလုံခြုံမှုပေးနိုင်စွမ်းတဲ့ သူတို့နဲ့ ဆိုင်တဲ့ နေရာ လိုပါပြီ။  ဒီနေရာကို ရှာရပါပြီ။  ကိုယ့်နေရာက ဒီလို လူမှု-စီးပွား-ဘဝ-အသက် လုံခြုံမှု မပေးစွမ်းနိုင်တော့ဘူး ဆိုရင် (ဆိုတဲ့ အချိန်) နေရာသစ်ကို ရှာခွင့် ရှိရပါမယ်။  တရားဝင်၊ တရားမဝင်၊ ခိုးကူး၊ နယ်စပ်ဖြတ်ကျော်၊ လှေစီး ဘာ သတ်မှတ်ချက်တွေကို မှ ကနဦး စဉ်းစားစရာမလိုပါ။

ဒီအဆင့်ဆိုရင် ဒီလူတွေ ပင်လယ်ထဲ ဘာကြောင့် ရောက်ရသလဲ ဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ပါပြီ။

ဒီဖြစ်စဉ် အတွက် မူလ ထွက်ခွာရာဒေသ၊ ကမ်းဆိုက်ရာဒေသ အားလုံးမှာ တာဝန်ရှိပါတယ်။  လူသားဂုဏ်ရည်နဲ့ ထိုက်တန်တဲ့ ပြုမူ ဆက်ဆံမှုမျိုး၊ အသက်လုံခြုံမှုပေးမှု မျိုး လုပ်ကို လုပ်ရပါမယ်။

နောက်ပိုင်း အဆင့်မှာတော့ နိုင်ငံသား ဆိုတာ ဘာလဲ၊ တိုင်းရင်းသား ဆိုတာ ဘာကို အဓိပ္ပာယ် ဖွင့်သလဲ၊  တိုင်းရင်းသား ၁၄၄ မျိုး လား၊ ၁၄၅ မျိုးလား၊ ၁၃၅ မျိုးလား၊ တဲ လေးငါးအိမ် နဲ့ အုပ်စုကို လူမျိုးဆိုပြီး ခွဲမထုတ်ဘဲ ပိုကျစ်လစ်တဲ့ လူမှု၊ ဘာသာဗေဒ တွေနဲ့ သတ်မှတ်ပြီး အမျိုး ၅၀ ကျော်ပဲ ယူမလား။  ဘယ်လောက် ခိုင်မာတဲ့ ပညာရပ်ဆိုင်ရာ သုတေသနပြုမှုတွေ ရှိသလဲ။  စစ်ဗိုလ်များ ခေတ်အဆက်ဆက် စိတ် အခန့်သင့်ရင် သင့်သလို၊ မသင့်ရင် မသင့်သလို ဖြုတ်၊ ထုတ်၊ ဖြည့် လိုတိုးပိုလျှော့ လုပ်ခဲ့တာတွေကို ဘယ်လို ဘယ်အချိန် ဘယ်စံ ဘယ် သုတေသန ကို အခြေခံ ပြန် တည်ဆောင် ပြင်မလဲ။  ဒါတွေ ဆွေးနွေးရပါမယ်။

ပြီးရင် စကားလုံးဆိုင်ရာ အငြင်းပွားမှု၊ သတ်မှတ်မှု၊ အဓိပ္ပာယ် ဖွင့်မှုတွေပါ လုပ်ရပါမယ်။

တိုင်းရင်းသား လူမျိုးများ National Races, Races မှာ Race ကို ဇီဝဗေဒ သွင်ပြင် လက္ခဏာ ခြားနားမှု ကို ရည်ညွှန်း အုပ်စု ခွဲမှု လို့ သတ်မှတ်ရပြီး Nationality မှာကျ Race လူမျိုးကို အခြေမခံ  နိုင်ငံသား ကို အခြေခံရမှာမျိုးတွေ ဆွေးနွေးရပါမယ်။

ဇီဝဗေဒ ရုပ်သွင်ပြင် သိပ် မကွဲပြား မခြားနား လှပေမဲ့ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ နိစ္စဓူဝ ဓလေ့ အလေ့အထ (အားလုံးခြုံ - ယဉ်ကျေးမှု) မတူကွဲပြားတဲ့ ‘Ethnic’ ဖွင့်ဆိုမှုတွေ အတွက် ဆွေးနွေးရပါမယ်။  Ethic, Indigenous / Native (ဌာနေတိုင်းရင်းသား) အဓိပ္ပာယ်ဖွင့်ဆိုမှု၊ ရောထွေးနေမှုတွေကိုလည်း ရှင်းလင်းရပါမယ်။

ပြီးတော့မှ ဒီ လူအုပ်စုတွေရဲ့ ဝိသေသလက္ခဏာ (Specific Character)၊ အပေါ်ယံ လက္ခဏာ (Phenomenon) တွေ ကို မူတည်ပြီးတည် ရှိတဲ့ လူမျိုး ဖြစ်တည်မှု Identity (လူ ဖြစ်တည်မှု မဟုတ်ပါ၊ လူ ဖြစ်တည်မှုက လူမှန်ရန် ငြင်းလို့ ကို မရပါ၊ သတ်မှတ်စရာလည်း မလိုပါ - စကားချပ်)  ကွဲပြားမှုတွေ အကြောင်းကို ဆိုရပါမယ်။

ဒီ လှေစီး ဒုက္ခသည်အရေးဟာ ‘လူမှောင်ခိုများ သတိထား’ ဆိုပြီး ဆောင်ပုဒ်ကြီးတွေချိတ် လူမှု၊ စီးပွား၊ နိုင်ငံရေး ကာကွယ်မှု၊ တိုးတက်စေမှု မပေး၊ မပြုလုပ်နိုင်တော့ ဘယ်တော့မှ မအောင်မြင်တဲ့ စီမံချက် သက်သက်မျိုးနဲ့ မရပါ။  တရားမဝင် ရွေ့ပြောင်း အခြေချမှု၊ နယ်စပ်ဖြတ်ကျော်မှု ပြဿနာ သက်သက်လည်း ဖြေရှင်းလို့ မရပါ။  ဆိုခဲ့တဲ့ ဆွေးနွေးမှု အဆင့်တွေကို မဖြစ်မနေ ဖြတ်ကျော်မှသာ အလုံးစုံ အောင်မြင် ဖြေရှင်းနိုင်ပါမယ်။

နိဂုံးချုပ်ရရင် တရားမဝင်တဲ့ လူသားဆိုတာ ဘယ်သူမှ မရှိပါ။  လူ ဖြစ်ရင် ပြီးပါပြီ။  လူသာ ပဓာန ပါ။  နိုင်ငံသားလား၊ ရွှေ့ပြောင်း အခြေချသူလား၊ ခိုးဝင်လား ဆိုတာတွေထက် လူဖြစ်ကြောင်းကို ဘယ်သူမှ ငြင်းလို့ မရကြောင်း၊  လူ မှန်ရန် လူသားဂုဏ်အင်နဲ့ ထိုက်တန်တဲ့ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ၊ နိုင်ငံရေး၊ လွတ်လပ်ခွင့်၊ ခံစားခွင့် ရှိရမှာ ဖြစ်ကြောင်းပါ။

ငြိမ်းချမ်းအေး
မေ ၂၁၊ ၂၀၁၅


(ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)