ဆောင်းဖြူ - နှလုံးသားထဲက အလင်းစက်များ
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၅
သူ့အတိုင်းဆို
ဘယ်လိုမှ မရောက်ဖြစ်တဲ့နေရာ
ဧရာဝတီတဲ့
နာဂစ်က သူတို့ဆီကို အရောက်ပို့ခဲ့ပြီ။
လမ်းတွေမှာ ကားတွေတစ်စီးပြီးတစ်စီး
မြစ်ထဲမှာ လှေတွေတစ်စင်းပြီးတစ်စင်း
အဲဒီ ကားတွေ လှေတွေပေါ်မှာ
ဝေမျှဖို့ ရိက္ခာတွေပါတယ်၊ အမိုးအကာတွေပါတယ်
ဆေးဝါးတွေပါတယ်
ပြီးတော့
စာနာစိတ်နဲ့ စေတနာသုံးတန်လည်းပါတယ်။
ဒီမြေဒီရေမှာ
ကယ်ဆယ်ရေးဆိုတာ၊ တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး
အရေးကြုံလာတဲ့အခါ၊ လူမျိုးဘာသာမရွေး
လူကြီးလူငယ်မကျန် ၊ ရဟန်းသံဃာလည်းပါရဲ့
သင်းအုပ်ဆရာလည်းပါရဲ့ ၊ ဗလီဆရာလည်းပါရဲ့။
အားလုံးအားလုံး
ကိုယ့်အသိနဲ့ကိုယ်၊ ကိုယ့်စိတ်ဓာတ်နဲ့ကိုယ်
ငိုနေတဲ့ဘ၀တွေကို ဖေးမကြတယ်
ဝမ်းမီးတွေကို တတ်နိုင်သလောက် ငြှိမ်းသတ်ပေးကြတယ်
လောကဓံလေဟာပြင်ထဲကနေ
အမိုးအကာအောက် ဆွဲသွင်းကြတယ်။
ခရီးဝေးမသွားရဲသူတွေ၊ ရေမကူးတတ်သူတွေ
ယားလို့တောင်မကုတ်အား အလုပ်များသူတွေ
ချမ်းသာသူတွေ ၊ လက်လုပ်လက်စားတွေ
လမ်းပေါ်မှာ၊ မြစ်ထဲ ချောင်းထဲမှာ
လဲနေသူကိုထူပေးဖို့၊ အားငယ်သူကိုဖေးမဖို့
တစ်ရွာဝင် တစ်ရွာထွက် ခရီးဆက်နေကြတယ်။
ရိက္ခာဝေတဲ့အခါ
စိတ်ဒဏ်ရာရနေသူတွေကို မဟောက်ဖို့ မငေါက်ဖို့
ဒုက္ခသည်တွေ၊ အပျက်အစီးတွေကိုနောက်ခံထားပြီး
ဆယ်ဖီဓာတ်ပုံမရိုက်ဖို့
အချင်းချင်းလက်တို့ သတိပေးကြတယ်။
သူတို့ဟာ
ငရဲကာလကို ဖြတ်သန်းလာခဲ့ရတယ်
ချစ်သူခင်သူတွေကို သေကွဲခွဲခဲ့ရတယ်
ပစ္စည်းဥစ္စာတွေကို လက်လွတ်ဆုံးရှုံးခဲ့ရတယ်
ဒီလူတွေကို စိတ်အနာထပ်မဖြစ်အောင်
သတိနဲ့ဆောင်ရွက်ပေးရမယ်။
ကယ်ဆယ်ရေးဆိုတာ
လူသားချင်း စာနာစိတ်နဲ့ လုပ်ကြတာဖြစ်တယ်
ဒီစာနာစိတ်ဟာ ထာဝရဖိတ်ဖိတ်တောက်နေတယ်
“ဧရာဝတီကိုရောက်ပြီးပလား ၊ ငါတို့ကငါးခေါက်ရှိပြီ၊
လူသေအလောင်းတွေ မြင်မကောင်းဘူးကွာ၊
အပျက်အစီးတွေက မိုက်တယ်ဗျာ”
ဒီလို မစာမနာမပြောပါနဲ့
ကယ်ဆယ်ရေးဟာ ဖက်ရှင်မဟုတ်ဘူး
အလှူပစ္စည်းကို အပေါ်စီးကမပေးသင့်ဘူး
ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရှင်ကြီးအဖြစ်
မဏ္ဍပ်တိုင် မတက်သင့်ဘူး
အနိဋ္ဌာရုံကိစ္စကို မြိန်ရေရှက်ရေမပြောသင့်ဘူး။
စာနာစိတ်ဆိုတာ
စကားလုံးက သုံးလုံးတည်းပါ
အဲဒီသုံးလုံးကို ခင်ဗျားတို့ ကျွန်တော်တို့ နှလုံးသားထဲမှာ
အမြဲထည့်ထားနိုင်ရဲ့လား …
ကျွန်တော်တို့ ဆင်ဆင်ခြင်ခြင် တွေးတွေးဆဆ
စေတနာပါပါ လုပ်ဆောင်ကြရမယ်။
ဖြစ်ခဲ့တာတွေဖြစ်ပြီးသွားတော့
နာဂစ်ဟာ
သင်ခန်းစာတွေကို ပေးခဲ့တယ်
သင်ယူစရာတွေကို ထားခဲ့တယ်
ပြီးတော့
စာနာ ကရုဏာစိတ်တွေကို မွေးဖွားပေးခဲ့တယ်။
ဒါဟာ
အဆိုးဆုံးအခြေအနေထဲက
ပေါက်ဖွားလာခဲ့တဲ့ အဖြူရောင်အလင်း
ခင်ဗျားတို့ ကျွန်တော်တို့
ဆ က် လ က် ၀င်း ပ ကြ ပါ စို့ … ။ ။
ဆောင်းဖြူ
၁၀ - ၇ - ၂၀၀၈
( ၂ ၀ ၀ ၈ နာ ဂ စ်ေ ဘး ဒ ဏ် ကူ ညီ မှု ကာ လ ကေ ရး ဖွဲ့ ခဲ့ သ ည့် က ဗျာ ကို ၂ ၀ ၁ ၅ ေ ရ ေ ဘ း ကူ ညီ ေ န ၾက သ ည့် အ ဖွဲ့ အ စ ည်း များ အ တွ က် ေ လ း စ ာ း စြ ာ ေ ဖာ် ပြ ပါ သ ည် )
××××××××××××
မိုးမခတွင် ဖော်ပြထားသည့် ဆောင်းဖြူ၏ ကဗျာများ
၁) မေတ္တာစာ
http://moemaka.com/archives/44201
http://blog.moemaka.com/2015/06/blog-post_734.html
၂) အစ်ကို
http://moemaka.com/archives/44227
http://blog.moemaka.com/2015/06/blog-post_231.html
၃) မြေစာပင်ရဲ့တေး
http://moemaka.com/archives/44296
http://blog.moemaka.com/2015/06/blog-post_281.html
၎) တံခါးများ
http://moemaka.com/archives/44482
http://blog.moemaka.com/2015/07/blog-post_86.html
၅) ၀န်ကြီးများရုံးတစ်နေရာ
http://moemaka.com/archives/44618
http://blog.moemaka.com/2015/07/blog-post_268.html
၆) ရန်ကုန်
http://moemaka.com/archives/44805
http://blog.moemaka.com/2015/07/blog-post_303.html