နေအိမ်များဖျက်ဆီးခံရသည့် ဆင်ဖုံတောင်ခြမ်း သက်ဆိုင်ရာမှဖြေရှင်းမှုမရှိသည့်အတွက် နေအိမ်များပြန်လည်ဆောက်သွားမည်ဟုဆို
နေအိမ်များဖျက်ဆီးခံရသည့်
ဆင်ဖုံတောင်ခြမ်း သက်ဆိုင်ရာမှဖြေရှင်းမှုမရှိသည့်အတွက် နေအိမ်များ ပြန်လည်ဆောက်သွားမည်ဟုဆို
ဟန်သစ်နိုင်၊
မိုးမခ၊ သြဂုတ် ၁၈ရက်၊ ၂၀၁၅ခုနှစ်
ရန်ကုန်တိုင်းဒေသကြီး
မင်္ဂလာဒုံမြို့နယ်တွင်း ဆင်ဖုံတောင်ဘက်ခြမ်းရှိ နေအိမ်များ ဖျက်ဆီးခံခဲ့ရမှုနင့် ပတ်သက်ပြီး
သက်ဆိုင်ရာမှဖြေရှင်းပေးမှု တစ်စုံတရာမရှိသေးသည့် အတွက် နေအိမ်ဖျက်ဆီးခံခဲ့ရသည့် ရွာသားများက
မိမိတို့မူလနေရာတွင် မကြာမီအိမ်များပြန်လည် တည်ဆောက်ပြီး နေထိုင်သွားမည်ဖြစ်ကြောင်း
သြဂုတ်လ ၁၆ရက်နေ့က နေ့လည်ပိုင်းက ရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်။
ဇွန်လ ၁၂ရက်နေ့တွင်ဆင်ဖုံရွာတောင်ခြမ်းရှိ
အိမ်ခြေ ၄၈လုံးကို မြေပိုင်ရှင်ဖြစ်သူဟုဆိုသူက
လူမိုက်များငှားရမ်း၍ ဖျက်ဆီးခိုင်းခဲ့သောကြောင့် နေစရာမရှိ၍ရွာသားများက ဒက္ခိဏာရုံကျောင်းတိုက်တွင်
ယခုထိနေထိုင်နေရကြောင်း၊ အိမ်များဖျက်ဆီးခံရမှုနှင့် ရွာသားများကို ဓါး၊ တုတ်၊ သံထည်ပစ္စည်းများ
နှင့်ပစ်ခတ်ခဲ့သောကြောင့် ဒဏ်ရာများရရှိခဲ့၍ အမှုဖွင့်ထားသော်လည်း သက်ဆိုင်ရာမှအချက်အလက် မစုံသေး၍
စုံစမ်းဆဲဟုသာပြောကြောင်း၊ အခင်းဖြစ်သောနေရာကို မြေပိုင်ရှင်ဖြစ်သူမှ အထောက်အထားခိုင်လုံ မှုမပြနိုင်
လျှင် သြဂုတ်လအတွင်း မူလနေထိုင်သူရွာသားများမှ အိမ်များပြန်ဆောက်၍ နေထိုင်သွားမည်ဖြစ်ကြောင်း
ရွာသားများထံမှသိရသည်။
“အခုချိန်အထိ အခင်းဖြစ်မှုအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးရော
မြို့မရဲစခန်းရော ထိထိရောက်ရောက်ဖြေရှင်းပေးမှု၊ အရေးယူမှုဘာမှမရှိသေးဘူး၊ ပိုင်ဆိုင်သူဟုဆိုသူကလည်း
ပိုင်ဆိုင်မှုအထောက်အထားခိုင်ခိုင်လုံလုံမပြမချင်း ဥပဒေလမ်းကြောင်းအရရင်ဆိုင်ပြီး မူလနေရာတွင်
ပြန်ဆောက်နေထိုင်သွားမယ်” ဟု ဆင်ဖုံရွာတွင်နေထိုင်သူ ကိုဇော်နိုင်ကပြောသည်။
ဆင်ဖုံတောင်ဘက်ခြမ်းသည် ရန်ကုန်စက်မှုဇုန်မြေနေရာဟုသတ်မှတ်ထားသဖြင့်
၎င်းမြေနေရာကို ဝယ်ယူထားသော ပိုင်ရှင်ဖြစ်သူ ဦးထွန်းထွန်းဝင်းဆိုသူက ဇွန်လ ၁၂ရက် မနက်ပိုင်းတွင်
လူမိုက်များ ၃၀၀ကျော်ငှားရမ်းပြီး ဆင်ဖုံတောင်ခြမ်းရှိ နေအိမ် ၄၈လုံးအား ဘူဒိုဇာစက်များဖြင့်ဖျက်စီးခိုင်း
ခဲ့စေခဲ့သည်။ ရွာသားများနေစရာမရှိသဖြင့် ဒက္ခိဏာရုံ ဘုန်းကြီးကျောင်းမှ ယခုထိနေထိုင်ခွင့်ပြုထားသည်။
လူမိုက်များမှ ဓါး၊ တုတ်၊ ကုံးသီးများဖြင့် ပစ်ခတ်ရိုက်နှက်သောကြောင့် ရွာသားများသည်
မျက်စိ၊ ကျောကုန်းနှင့် လက်များတွင် ဓါးဒဏ်ရာများရရှိခဲ့သဖြင့် မြောက်ဥက္ကလာ ဆေးရုံတွင်ကုသခံခဲ့ရသည်။
ဇွန်လ ၁၃ရက် မနက်ပိုင်း တွင်လည်း လူမိုက်များမှထပ်မံ၍ ဘုန်းကြီး ကျောင်းအတွင်းရှိ ရွာသားများအားဝင်ရောက်ရိုက်နှက်
ပြီး ဘုန်းကြီး အဆောင်များရှိ မှန်များပါပစ်ခတ် သွားသည်။ ၄င်းအမှုဖြစ်စဉ်ကို သက်ဆိုင်ရာမှ
ယခုအချိန်ထိ ထိရောက်စွာ ဖြေရှင်းပေးမှုမရှိသေးပေး။ အကူအညီပေးသူပြည်သူ့စေတနာအဖွဲ့မှဆိုသူများလည်း
ယခုထိဖျက်ဆီးခံရွာသားများနှင့် အတူရှိနေဆဲဖြစ်သည်။

