ချစ်ဝင်းမောင် - သန့်ရှင်းစွာကစားပါ

ချစ်ဝင်းမောင် - သန့်ရှင်းစွာကစားပါ
(သူ့ဖေ့စ်ဘွခ်) စက်တင်ဘာ ၂၉၊ ၂၀၁၅
“Rule of the Game" အတိုင်း ပြိုင်ကြပါ။ ခြေမထိုး၊ ချက်အောက် မထိုးကြပါနဲ့။ ဒိုင်လူကြီးကလည်း ပြိုင်ပွဲစည်းမျဉ်းအတိုင်း လိုက်နာပါ။ ဘက်မလိုက်ပါနဲ့။ မတရားမှုကို မျက်ကွယ်ပြုထားရင် ဒါဟာသန့်ရှင်းတဲ့ ပြိုင်ပွဲဖြစ်လာမှာ မဟုတ်တော့ပါဘူး။”

ကျွန်တော် သုဝဏ္ဏကွင်းထဲ ဘောလုံးပွဲ သွားကြည့်တိုင်း အမြဲလိုလို တွေ့ရတတ်တဲ့ မြင်ကွင်းတခု ရှိပါတယ်။  ဘောလုံးပွဲ မစတင်မီ ကွင်းထဲ နှစ်ဖက်အသင်းသားတွေ ဘယ်၊ ညာတန်းစီပြီး မထွက်ခွာမီ ဘောကောက် လူငယ်လေးဦးက ကြီးမားတဲ့ အ၀ါရောင် ပိုစတာကြီးတစ်ခုရဲ့ ထိပ်စွန်းလေးဖက်ကိုကိုင်ပြီး ထွက်လာတဲ့ မြင်ကွင်းပါ။  အ၀ါရောင် အောက်ခံပေါ်မှာ ဖီဖာ အမှတ်တံဆိပ်နဲ့ ရေးထားတာက “FAIR PLAY” ဆိုတဲ့ စာသားပါ။  ဘောလုံးပွဲ ကြည့်ကြသူတိုင်း ဒီမြင်ကွင်းကို မြင်ဖူးကြမှာပါ။  တဆက်တည်းမှာ ဖီဖာရဲ့ ပွဲထွက် ဂီတသံ ဟိန်းထွက်လာပြီး ဘောလုံးသမားတွေနဲ့ ဒိုင်လူကြီးလေးဦး ကွင်းထဲကို ညီညီညာ ညာ တန်းစီဝင်ရောက်လာတဲ့ မြင်ကွင်းဟာ ဘောလုံးပြိုင်ပွဲရဲ့ လှပတဲ့မြင်ကွင်း တခုပါ။

ဘောလုံးပြိုင်ပွဲရယ်မှ မဟုတ်ပါဘူး။  တဖက်နဲ့တဖက် ယှဉ်ပြိုင်ရတဲ့ အားကစားပွဲတိုင်း (Rule of the Game) အတိုင်းက စားဖို့ ဒိုင်လူကြီးတွေ ထားရှိပါတယ်။  ယှဉ်ပြိုင်ခြင်းမှာ စည်းကမ်းရှိရမှာ ဖြစ်သလို “သန့်ရှင်း မျှတစွာကစားဖို့” နှစ်ဖက်ကစား သမားများကလည်း သဘောတူကြပါတယ်။  ဘောလုံးပြိုင်ပွဲ များမှာတော့ ဒါကိုသတိပေးတဲ့အနေနဲ့ ပြိုင်ပွဲမစတင်မီ “သန့် ရှင်း မျှတစွာကစားပါ” (Fair Play) ဆိုပြီး ပိုစတာနဲ့ ဆော်သြပါတယ်။  ဒါ ဖီဖာ (ကမ္ဘာ့လောလုံးအဖွဲ့ချုပ်) က ချမှတ်ထားတဲ့ စည်းမျဉ်းတခုပါ။

“Fair Play” လို့ ဘယ်လိုပဲ လှုံ့ဆော်မှုတွေရှိနေပါစေ ဒီကနေ့ ကမ္ဘာ့ဘောလုံးပြိုင်ပွဲတွေမှာ Fair Play မဖြစ်တဲ့ ပြိုင်ပွဲတွေ အများကြီးကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။  သိပ်မကြာခင် ရက်ပိုင်းတုန်းကပဲ အင်္ဂလိပ် ပရီးမီးယားလိဂ် (ချဲလ်ဆီးနဲ့ အာဆင်နယ်) ကစားတဲ့ပွဲမှာ ချဲလ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာနဲ့ အာဆင်နယ် ကစားသမား ကိုစီရယ်နီတို့ ဥပဒေပ ကစားရာက တွန်းထိုးရန်ဖြစ်ကြလို့ အာဆင်နယ်ကစားသမားခမျာ ဒိုင်လူကြီးရဲ့ အနီကတ်နဲ့ ကွင်းထဲက ထွက်ခဲ့ရတယ်။  ဒီပွဲကို မျက်မြင်ကြည့်လိုက်ရတဲ့ပရိသတ်ကတော့ ပထမဦးဆုံး ရန်စသူက “ဒီယေဂိုကော်စတာ” ဖြစ်တယ်ဆိုတာ သိကြ တယ်။  ဒိုင်ကတော့ ကိုစီရယ်နီကိုပဲ အနီကတ် ပြစ်ဒဏ် ချမှတ်ခဲ့တယ်။ ဒါက ဥပမာတခုပါ။

“Fair Play” ဆိုတာ နှစ်ဖက် ကစားသမားတွေနဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။  နှစ်ဖက်ပရိသတ်နဲ့လည်း သက်ဆိုင်ပါ တယ်။ ကျွန်တော်တို့ ဘောလုံးပြိုင်ပွဲတွေမှာ မကြာခဏ မြင်တွေ့ရတာက ပရိသတ်ချင်း ရန်ဖြစ်ကြတာ၊ ခဲလုံးတွေ၊ ရေဘူး တွေနဲ့ ပစ်ပေါက်ကြတာ၊ ရုန်းရင်းဆန်ခတ် ဖြစ်ကြတာတွေကိုပါ။  များသောအားဖြင့် ကိုယ့်အသင်း အရေးနိမ့်နေချိန်မှာ တဖက်အသင်း ကစားသမားကို ပရိသတ်တွေက ပွဲကြည့်စင်ပေါ်ကနေ ပစ္စည်းတွေနဲ့ ပစ်ပေါက်ကြတာပဲဖြစ်တယ်။  တလော က မန္တလေးမြို့၊ သီရိမန္တလာကွင်းမှာ မြန်မာအမျိုးသမီးနဲ့ ထိုင်းအမျိုးသမီးအသင်းတို့ ကစားကြတော့ ပရိသတ်အချို့ ကွင်းထဲ ကို ရေဘူးတွေနဲ့ ပစ်ပေါက်ခဲ့တာ ရှိခဲ့ပါတယ်။  အရှေ့ဥရောပက (ဆားဘီးယား၊ မွန်တီနီဂရိုး၊ ဘော့စနီးယား၊ ဆလိုဗေးနီးယား) စတဲ့ နိုင်ငံတွေမှာလည်း ဘောလုံးပြိုင်ပွဲတွေမှာ ပရိသတ် ရုန်းရင်းဆန်ခတ်မှုတွေ မကြာခဏဆိုသလို ဖြစ်တတ်ပါတယ်။  ဘောလုံးပွဲက အမျိုးသားရေးနဲ့ ဆိုင်လို့ မျိုးချစ်စိတ် လွန်ကဲမှုက ဒီလိုရုန်းရင်းဆန်ခတ်မှုကို ဖြစ်စေပါတယ်။  မြန်မာနိုင်ငံမှာတော့ ဒီအဖြစ်မျိုး မကြာခဏ ကြုံခဲ့ကြပြီး (ပြီးခဲ့တဲ့ နှစ်နှစ်ကျော်က ကမ္ဘာ့ဖလားခြေစစ်ပွဲ) မှာ ကွင်းထဲ ခဲနဲ့ပေါက်လို့ ဖီဖာက သုဝဏ္ဏ ကွင်းကို ပိတ်တဲ့ ပြစ်ဒဏ်တောင် ချမှတ်ခဲ့ပါသေးတယ်။

တကယ်တော့ ဖီဖာကချမှတ်ထားတဲ့ “သန့်ရှင်းစွာ ကစားပါ” (Fair Play) ဆိုတဲ့ စည်းကမ်းအတိုင်းကစားကြရင် ဘာပြ ဿနာမှ မရှိပါဘူး။  ခုလည်း (Fair Play) ပြဿနာက စလာပါပြီ။  မကြာခင် ကျင်းပပြုလုပ်တော့မယ့် “၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ” (သို့မဟုတ်) ပါတီများရဲ့ ပြိုင်ပွဲ၊ အမတ်လောင်းများရဲ့ ပြိုင်ပွဲ (Contests) ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း ရွေးကောက်ပွဲကော်မရှင်က “ဒိုင်လူကြီး” ဆိုရင် ပါတီများရဲ့ အမတ်လောင်းများက ‘ပြိုင်ဘက် အသင်း’ တွေပေါ့။  ဒီပြိုင်ပွဲမှာ တသီးပုဂ္ဂလအပါအ၀င် ပါတီကြီး-ငယ် (၉၀) ကျော် ၀င်ပြိုင်ကြမယ်လို့ သိရတယ်။  ဒါပေမဲ့ အဓိက ပြိုင်ဘက်ပါတီကတော့ နှစ်ပါတီတည်းပါ။  “ပြည်ခိုင်ဖြိုး” နဲ့ “NLD” လို့ လူသိများကြတဲ့ ပါတီကြီးနှစ်ခုပါ။  ရွေး ကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ပြိုင်ဆိုင်မှုက နည်းနည်းတော့ ပြင်းထန်လာပါပြီ။

ဒီအချိန်မှာ လက်ဝှေ့စကားနဲ့ ပြောရရင် “ချက်အောက်ထိုး” တဲ့ပါတီ။  ဘောလုံးစကားနဲ့ပြောရရင် “ခြေထိုးခံ” တဲ့ပါတီ။  ပြိုင် ပွဲစည်းမျဉ်း အပြင်က အနိုင်ရဖို့ ကြိုးစားလာတဲ့ ဖြစ်ရပ်တွေ တွေ့လာရပါပြီ။

(၂၄.၉.၂၀၁၅) နေ့ သတင်းစာ တစောင်မှာပဲ မြို့နယ်တချို့မှာ အဓိက ပါတီကြီးတစ်ခုရဲ့ ကိုယ်စားလှယ်လောင်း ဓာတ်ပုံတွေ၊ မဲဆွယ်ပိုစတာတွေ ဖျက်ဆီးခံရတယ်လို့ သတင်း ဖော်ပြထားတာတွေ့ရပါတယ်။  ပိုပြီးထူးခြားတဲ့ သတင်းတပုဒ်က စစ်ကိုင်း တိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးက ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ မဲဆွယ် စည်းရုံးရေး လုပ်နေတုန်း ပြည်ခိုင်ဖြိုး ပါတီဝင်တဦးက ပါတီဝတ်စုံ ၀တ်ဆင်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးဖို့မလိုကြောင်း ပြောကြားတဲ့အပြင် နှောင့်ယှက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံအရ အင်မတန်ရုပ်ဆိုးတဲ့ လုပ်ရပ်တခုပါ။

ဒါဟာ “သန့်ရှင်းစွာယှဉ် ပြိုင်ပါ” (Fair Play) ဆိုတဲ့ စည်းမျဉ်းကို ဗြောင်ချိုးဖောက်လိုက်တာပဲဖြစ်တယ်။  ဒါလည်း သာဓက တခုပါ။  အလားတူဖြစ်ရပ်မျိုး မြန်မာပြည်အနှံ့ အောက်ခြေတွေမှာဖြစ်နေတာကိုလည်း ကြားနေရပါတယ်။  NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအပုပ်ချထားတဲ့ စာရွက်စာတမ်းတွေကို ဗြောင်ကျကျဝေငှနေတဲ့သူတွေရှိသလို နိုင်ငံ ရေးမှာ ဘာသာရေးကို ခုတုံးလုပ်ပြီး တဖက်ပါတီကို တိုက်ခိုက်နေတာတွေလည်း ရှိနေပါတယ်။

ကိုယ့်ပါတီအနိုင်ရဖို့၊ ကိုယ့်အသင်း အနိုင်ရဖို့ ယှဉ်ပြိုင်ကြပါ။ ဒါပေမဲ့ လူကြီး လူကောင်းဆန်ဆန် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင် ကြပါ။  (Rule of the Game) အတိုင်း ပြိုင်ကြပါ။  ခြေမထိုး၊ ချက်အောက် မထိုးကြပါနဲ့။  ဒိုင်လူကြီးကလည်း ပြိုင်ပွဲစည်းမျဉ်း အတိုင်း လိုက်နာပါ။  ဘက်မလိုက်ပါနဲ့။  မတရားမှုကို မျက်ကွယ်ပြုထားရင် ဒါဟာသန့်ရှင်းတဲ့ ပြိုင်ပွဲဖြစ်လာမှာ မဟုတ်တော့ ပါဘူး။  ကိုယ့်ပါတီ အနိုင်ရဖို့ ပြိုင်ဘက်ရဲ့ အားနည်းချက်၊ ကိုယ့် ရဲ့အားသာချက်ကို ဖော်ထုတ်ခွင့်ရှိပါတယ်။  အားနည်းချက်၊ အားသာချက်၊ ကောင်းကွက်၊ ဆိုးကွက်တွေကို အတည်ပြု ဆုံးဖြတ်ရမှာက ပြည်သူပါ။  ခုချိန်မှာ (Dirty Game) ဖြစ်လာနိုင်တဲ့ အစအနတွေကို မြင်လာရလို့ သတိပေးရတာပါ။  အားလုံး သန့်ရှင်းမျှတစွာ (Fair Play) ကစားနိုင်ကြပါစေ...။

Writer: ချစ်ဝင်းမောင် @ Chit Win Maung
https://www.facebook.com/chit.w.maung
September 27, 2015