သွန်းခ - ယုံနိုင်စရာရှိလို့လား

သွန်းခ - ယုံနိုင်စရာရှိလို့လား
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၅
 
လွန်ခဲ့သည့်နှစ်ပေါင်း ၃ဝ ကျော်က ကက်ဆက်ခွေ ဇာတ်လမ်းများခေတ်။ ပရိသတ်တော်တော်များများစွဲလန်းခဲ့ကြသည့် မင်းသားကြီးကောလိပ်ဂျင်ပါဝင်ခဲ့သော "ယောက္ခမကြီးရေးတဲ့ဖူးစာ" ဇာတ်လမ်းထဲမှစကားပြောလေးကို ယခုထက်ထိအမှတ်ရ နေမိပါသေး၏။ "ယုံနိုင်စရာရှိလို့လား မရယ်" ဇာတ်လမ်းအနေအထားအရ မင်းသားကြီးကောလိပ်ဂျင်သည် လူပျိုကြီး၊ အရက်သမား။ မင်းသမီးသည် မိခင်ဖြစ်သူ၏ အတင်းတိုက်တွန်းမှုကြောင့် အိမ်ထောင်ပြုရမည့်အခြေအနေ။ ချစ်ရသည့်သူက နိုင်ငံခြားပညာတော်သင်သွားနေခိုက် အိမ်ထောင်အတုဖန်တီးထားရသည်။ အိမ်ထောင်အတုထဲမှ ခင်ပွန်းအတုသည် မင်း ကြီး ကောလိပ်ဂျင်ဖြစ်ပါ၏။ ချစ်သူပြည်ပမှပြန်လာသည့်အခါ မင်းသမီးမှ ဝမ်းသာအယ်လဲဖြင့် အဖြစ်ပုံ၊ သနစ်စုံကိုပြောပြရှာသည်။သူစိမ်းယောက်ျားတစ်ဦးနှင့် တစ်အိမ်ထဲ၊ တစ်ခန်းထဲနေပြခဲ့ရသည့်အခြေအနေကြောင့် မင်းသမီး၏ချစ်သူမှ တရားဝင် လက်ထပ်ရန်ငြင်းဆိုသည့် ဇာတ်ဝင်ခန်းတွင်ပြောလိုက်သည့်စကားသည် ဖော်ပြပြီးသကဲ့သို့ "ယုံနိုင်စရာရှိလို့လား မရယ်" ဟု။

ဇာတ်လမ်းအခြေအနေအရ ပြည်ပမှပြန်လာသည့်မင်းသမီး၏ချစ်သူ အပြောမလွန်ပါဟု နားလည်ပါသည်။ အမှန်တကယ် လည်း လက်ခံနိုင်စရာမရှိခဲ့။ သို့သော် မင်းသမီးခမျာ သစ္စာရေသောက်ပြဦးမည်ဆိုပါသေး၏။ မည်သို့မှ လက်မခံတော့သည့် အဆုံး "သစ္စာရှိတဲ့ အရက်သမားပါ" ဆိုခဲ့သူ။ မင်းသမီး ခင်မမကို မြင်မြင်ချင်းမြတ်နိုးခဲ့၍ အရက်ဖြတ်ထားခဲ့သူ မင်းသားကြီး ကောလိပ်ဂျင်နှင့် နှစ်ပါးဂဟေဆက်၊ လက်ထပ်သွားဖြစ်ခဲ့လေသည်။

ယုံနိုင်စရာအကြောင်းမရှိလျှင် မည်သို့ပြောပြော၊ မည်သို့သစ္စာဆိုဆို လက်မခံတတ်သည့် လူ့သဘာဝကို ဆိုလိုခြင်းဖြစ်ပါ သည်။ သီချင်းတစ်ပုဒ်ရှိပါသေးသည်။ ခိုင်ထူး၏ ရင်မှာလွမ်းတာအပြစ်လား၊ တေးရေး ရာပြည့်။ သီချင်းထဲမှ စာသားတစ် ကြောင်းသည်လည်း အသက်ဝင်၏။ "ယုံချင်ပါသော်လည်း မင်းစကားနှုတ်မတည်ခဲ့" ထပ်ရေးနေလျှင်ယုံခြင်း၊ မယုံခြင်းကိစ္စ ဆုံးတော့မည်မဟုတ်။ ယုံကြည်ခြင်းဆိုသည့်အပေါ် လူအများတန်ဖိုးထားတတ်ကြသည်။ တစ်ကြိမ်တစ်ခါမျှပင် ယုံကြည်မှု ပျက်ပြားစေသည့်အပြုအမူပြုခဲ့သူအား ယုံကြည်မှုပြန်လည်တည်ဆောက်ရန် ခဲယဉ်းတတ်ပေရာ အကြိမ်ကြိမ်အခါအခါ မယုံ ကြည်စရာပြုတတ်သူများနှင့် ယုံကြည်မှုတည်ဆောက်ဖို့အရေးသည် မလွယ်ကူနိုင်။ အင်မတိ အင်မတန် သဘောထားကြီး စွာ၊ နားလည်မှုများစွာ၊ အချိန်များစွာပေးနိုင်မှသာ ရိုးတိုးရိပ်တိပ် မျှော်လင့်စရာဖြစ်ပေမည်။ တစ်နေ့ထက် တစ်နေ့ နီးကပ်လာပြီဖြစ်သည့် ရွေးကောက်ပွဲအပေါ် ပြည်သူအများ မည်မျှယုံကြည်ထားကြပါသနည်း။ မယုံသည့်ပြည်သူများ အများ စုရှိနေပါသည်ဆိုလျှင် အပြစ်ပြော၍မရနိုင်ပါ။ ကဗျာဆရာ၊ စာရေးဆရာ၊ ကာတွန်းဆရာ၊ ရုပ်ရှင်နှင့် ဂီတပညာရှင်အစရှိသည့် အနုပညာသမားမှစ၍ အခြေခံလူ့အဖွဲ့အစည်းမှပင် အယုံအကြည်မရှိဖြစ်နေကြခြင်း၊ ယုတ်စွအဆုံး သာသနာ့အမှုတော် ဆောင်များ၏ယုံကြည်ချက်ပင် မရနိုင်သည့်အခြေအနေအား မည်သူများက ဖန်တီးခဲ့ပါသနည်း။

နိုင်ငံရေးရှုမြင်သုံးသပ်သူ၊ နိုင်ငံရေးဝေဖန်ရေးသားပြောဆိုနိုင်သူများမဟုတ်သည့် သာမန်ပြည်သူများပင် သတိထားဖြစ်ခဲ့ ကြ သည့်ဖိနှိပ်မှု၊ အပစ်အခတ် ကတိဖောက်ဖျက်မှု၊ ရာဇဝတ်ကြောင်းအရ ပေါ်ပေါက်သင့်သည့်အမှုအမှုမှန်များ မဖော်ထုတ် နိုင်မှု၊ လက်စဖျောက်နိုင်သည်ဟုယူဆပြီးမှ ဘူးပေါ်သကဲ့သို့ပေါ်ခဲ့သည့်အမှုများစွာ၊ အခြေအနေအရပ်ရပ်တို့အား ဖုံးကွယ် ရန် ကြိုးစားခဲ့သည့် အမိန့်ကြေငြာစာပေါင်းများစွာ၊ တာဝန်ယူမှုတာဝန်ခံမှုကင်းသည့်အပြုအမူတို့ကြောင့် ယုံကြည်မှုတည် ဆောက်ရန် အလွန်ပင်ခဲယဉ်းနေပြီဖြစ်ပါ၏။

အရှက်၊ သိက္ခာ၊ ဘဝပေါင်းများစွာနှင့် ရင်းနှီးနေခဲ့ကြ၊ ရင်းနှီးနေကြဆဲ လီဆည်ခြင်းငှာ ကျွမ်းကျင်အဆင့်ရှိကြသူများအား စာပေ၊ ကာတွန်း၊ ဘာသာရေး အစရှိသည့်နည်းအမျိုးမျိုးဖြင့် နားချနေကြပါသော်လည်း ကျွဲပါးစောင်းတီး၊ သဲထဲရေသွန်၊ ခွေးမြီး ကောက်ကျည်တောက်စွပ်နေကြဆဲ။ မည်သူ့ကို မည်သို့မည်သည့်အခြေအနေတွင် ယုံကြည်ရမည်ဆိုသည်ကို ခန့် မှန်းဝေခွဲရခက်နေသည့်အခြေအနေတစ်ရပ်မှာပင် အခွင့်အရေးယူလျက် နေရာတစ်နေရာ မရမက ဖန်တီးနေကြသူများအား မေးလိုက်ချင်သည်ကား "ယုံနိုင်စရာရှိလို့လား" ပါဟု။