ငြိမ်းချမ်းအေး - ညီမလေး မမသို့


  ငြိမ်းချမ်းအေး - ညီမလေး မမသို့
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၅

ညီမလေး မမ ဝင်းမော်ဦး
ရင်ထဲမှာတော့ အမြဲတမ်း ကျောင်းစိမ်းလေးနဲ့
ညီမလေးပေါ့..။

အောင်ဆန်းပုံပိုက် တပ်ဦးကတိုက်
အသေရဲခဲ့သူ ညီမလေး မမ အတွက်
မိဘတွေ ‘အမျှ’ မဝေသလို
ငါဒို့လည်း ‘သာဓု’ မခေါ်ဘူး။

ဒီမိုကရေစီ ကောင်းမှု အမှန်ပြုနိုင်မှ
ငါဒို့ အားရပါရ သာဓု ကျယ်ကျယ်ခေါ်မယ်
၂၇ နှစ်မကလို့ နှစ် ၂၇၀ ကြာလည်း
‘အမှန်တရား’ ဟာ အောင်ပွဲခံရမယ်
ပြည်သူ့ဒီမိုကရေစီ ပန်းတိုင် လျှောက်လှမ်းရမယ်..။

စက်တင်ဘာ ၁၈
စစ်အာဏာ နှစ်ခါသိမ်း နှစ်လည်တွေ
ဘယ်လောက်ထပ်ထပ် တနေ့မှာ
လူထုအောင်ပန်း အမှန် ဆွတ်ခူးမယ်..။

သမိုင်းတွေကိုဖော်
အနာဂတ်တွေကို တော်အောင်လုပ်ကြမယ်။

အောင်ဆန်းရဲ့ မျိုးဆက်သွေးအစစ်
ကျောင်းသား အာဇာနည်တွေအကြောင်း ဖော်ထုတ်ကြမယ်..။

အဲဒီတုန်းက..

Proposal နိုင်ငံရေး
Project နိုင်ငံရေး
ပေါင်းစား နိုင်ငံရေး
Center ငြိမ်းချမ်းရေး
Hotel ဆွေးနွေးပွဲ
တမတ်သား လွှတ်တော်
ညာချ အမတ်
ဘာတခုမှ မရှိခဲ့ဘူး..။

ဒါပေမဲ့..

ဝင်းမော်ဦးလေးတွေ
အများအပြားရှိခဲ့တယ်..။

စွန့်လွှတ်မှု၊ အနစ်နာခံမှု
တော်လှန်စိတ်ဓာတ်
မှိုင်းစိတ်ဓာတ်၊ ဆန်းအလုပ်
သမိုင်းပြောင်အောင်
ဖော်ထုတ်ခဲ့ကြတယ်..။

အမျှမဝေနိုင်တဲ့
ကောင်းမှုတွေ အများကြီး ရှိခဲ့တယ်..။

မှိုင်းအမွေ၊ ဆန်းသွေး
ခေတ်အဆက်ဆက် ရဲရင့်နှလုံးသားနဲ့
သယ်ပိုးခဲ့ကြတယ်
ကျောင်းသားလူငယ်မျိုးဆက်သစ်အတွက်
ဂုဏ်ပြု ဦးညွတ်လိုက်ပါရဲ့...။      ။

(ကောင်းမှုတွေ အမှန် အမျှဝေနိုင်မယ့်နေ့ကို မျှော်ရည်လျက်..)

ငြိမ်းချမ်းအေ
စက်တင်ဘာ ၁၈၊ ၂၀၁၅

(စက်တင်ဘာ ၁၉၊ ၁၉၈၈  ခုနှစ်တွင် စက်တင်ဘာ ၁၈ အာဏာသိမ်း နဝတ စစ်အစိုးရရဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ အသက် ဆယ့်ခြောက်နှစ်အရွယ် လသာ ၂ အထက်တန်း ကျောင်းသူ  မဝင်းမော်ဦးအပါအဝင် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့သော တော်လှန်ရဲဘော် ရဲမေအပေါင်းသို့..)