ကူညီကမ်းဆက် ဂီတလက်ဖြင့် နိုင်ငံကျော် အဆိုတော်များ ရေဘေးပြန်လည်ထူထောင်ရေး ရန်ပုံငွေ ပွဲ သိန်းရှစ်ရာကျော်ရရှိခဲ့

ကူညီကမ်းဆက် ဂီတလက်ဖြင့် နိုင်ငံကျော် အဆိုတော်များ ရေဘေးပြန်လည်ထူထောင်ရေး ရန်ပုံငွေ ပွဲ သိန်းရှစ်ရာကျော်ရရှိခဲ့

ရန်နောင်(ဗိုလ်တထောင်)    မိုးမခ    စက်တင်ဘာ ၁၅ - ၂၀၁၅










          မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေး ရန်ပုံငွေပွဲကို ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ  MEP ခန်းမတွင် သောကြာ၊စနေ နှစ်ညဆက်တိုက် ပြုလုပ်ခဲ့သည်။ပထမညတွင် မြန်မာသံ အဆိုတော်များ အဓိက ဆိုခဲ့သည်။ ပုသိမ်ခရီးစဉ် ပါသွားသဖြင့် ပထမည မကြည့်လိုက်ရ၍ ဒုတိယညတွင်တော့ ညီမတော်ကို လိုက်ပို့ခိုင်းပြီး ရောက်အောင်သွားဖြစ်ခဲ့သည်။
          ဒုတိယည မှာတော့ ဟစ်ဟောအဆိုရှင် လူငယ်များ အများစု  အပြိုင်အဆိုင် ဖျော်ဖြေခဲ့ကြသည်။ဟစ်ဟော့ ဂီတကို မိတ်ဆက်ခဲ့သောအဖွဲ့ ဖြစ်သည့် အက်ဆစ်အဖွဲ့ တွင် အမတ်မင်း ဇေယျာသော် လည်းလာရောက်ပူးပေါင်း သီဆိုဖျော်ဖြေခဲ့သည်။စိုင်းစိုင်းခမ်းလှိုင် ကလည်း နိုင်ဇော် ၏ အတီး နှင့်တွဲဖက်ကာ သီဆိုခဲ့သည်။သီအိုရီ အဖွဲ့(သားစိုး+ဘာဘူ)၊ဆိုင်ကလုန်း၊စနဲ၊ဂျောက်ဂျက်၊ကျော်ထွဋ်ဆွေ၊သားသား၊မိစန္ဒီ၊Bobby Soxer (ထက်ထက်) ၊နန်းမြတ်ဖြိုးသင်း၊နန်းသူဇာ၊ဘန်နီဖြိုး၊ယုန်လေး၊ဝိုင်းစုခိုင်သိန်း တို့ကလည်း သီဆိုဖျော်ဖြေခဲ့ကြသည်။










          ထို့နောက် Noon Band ဖြင့်ရင်ဂို၊ဘိုဘို၊ဇော်ထက်ဟန်၊နော်နော် တို့က သီဆိုဖျော်ဖြေခဲ့ကြသည်။အဆိုတော် ဘိုဘိုမှ အဆိုတော်လေးဖြူ၊အငဲတို့၏ မိခင် ကွယ်လွန်ကြောင်း ကြေညာပြီး ယနေ့ညအဖို့ ကိုလေးဖြူတို့ လာရောက်မသီဆိုနိုင်ကြောင်း၊ သူတို့ မိခင်ကြီး ကွယ်လွန်သွားသည့်အတွက်လည်း မြန်မာနိုင်ငံဂီတအစည်းအရုံး နှင့် ဂီတအနုပညာရှင်များက ဝမ်းနည်းပါကြောင်း ပြောကြားခဲ့သည်။










          Under ground Band များဖြစ်သော ကီးမား Alines,SARAh, စိုင်းလေး ( UCADA ), S.I.R (Rock House ), Big Bag, Wanted, Idiots, Reason တို့ ဖျော်ဖြေမှုတွင်တော့ လူငယ်ပရိတ်သတ်များ ပေါက်ကွဲသံစဉ်များ နှင့်အတူ အားပေးခဲ့ကြသည်။






















          ဆက်လက်၍ ဂီတမိတ်ဖွဲ့ နှင့်အတူ ဖြူဖြူကျော်သိန်း ကလည်းကောင်း၊  Heaven Born Band နှင့်အတူ သျှီ၊ဂျေညီညီ၊သန်းသန်းနွယ်၊ ဖိုးသောကြာ၊ယုဇန၊စိန်ဝင်းထွန်း၊ ပိုပို တို့က သီဆိုဖျော်ဖြေခဲ့ကြသည်။
          The Trees Band နှင့်အတူ ဂရေဟမ်၊သံသာဝင်း၊ ဇမ်နူး၊ဝေလ ၊ခင်မြတ်မွန်၊စိုးပြည့်သဇင်၊ဟဲလေး၊တို့က သီဆို ဖျော်ဖြေပြီး ရေဗက္ကာဝင်း၊စိမ်းမို့မို့၊လင်းနစ်၊အောင်နိုင်၊ကက်သရင်းမီးမီး၊ မီမီဝင်းဖေ ၊အိုင်းရင်းဇင်မာမြင့်၊သီရိဂျေမောင်မောင်၊ဂျေမောင်မောင်၊ဖြိုးပြည့်စုံ၊ထူးအယ်လင်း၊မာရဇ္ဇ တို့လည်း သီဆိုဖျော်ဖြေခဲ့ကြသည်။
          အစီအစဉ် တင်ဆက်သူများအဖြစ် လူရွှင်တော် ဖိုက်စတားအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။
          နှစ်ရက်ပေါင်း အလှူ ငွေ ကျပ်သိန်းရှစ်ရာကျော် နှင့် အမေရိကန်ဒေါ်လာ ၂၀၀ ရရှိခဲ့သည်ကိုလည်း သိလိုက်ရသဖြင့် သာဓု ခေါ်လိုက်မိပါသည်။
          ရုံရှေ့တွင် မှောင်ခို လက်မှတ်ရောင်းချသူများကတော့ မနေ့ကလည်း ရှုံးတယ်၊ဒီနေ့လည်း မမြတ်ဘူးဟု အချင်းချင်း ပြောဆိုသံများကို လည်း ကြားခဲ့ရသလို ရုံထဲတွင်လည်း လူမပြည့်သည်ကို လည်းတွေ့ရှိခဲ့ရသည်။ ရေဘေးထက်ရွေးကောက်ပွဲက နီးလာတော့ ရေဘေး အာရုံစိုက်မှု နည်းလာသလားတော့ ထင်မှတ်မိပါသည်။