မောင်လွမ်းဏီ - KFC ဆိုပါသတဲ့လေ…


မောင်လွမ်းဏီ - KFC ဆိုပါသတဲ့လေ…
(မိုးမခ)  သြဂုတ် ၂၇၊ ၂၀၁၅ 

ဓာတ်ပုံတွေရေးတဲ့ကဗျာများ - ၁၅

KFC လေ
ကြွေမျက်ရည်ဝဲနေလား မီးလေးရယ်။

အကြွေစက္ကူလေးတွေက
လူရာမ၀င်ရော့လေသလား
ဆိုင်တွင်းဝင်ဖို့အရေး
တစ်ဆို့ခေါင်းမော့နေသလား။

အားငယ်စိတ်ရဲ့
တိတ်တခိုး ပင့်သက်က
ကြက်ကြော်တတုံးနဲ့တော့
လူဖြစ်မရှုံးနိုင်ပါဘူး မီးလေးရယ်။

မှန်တံခါး အထပ်ထပ်
လူ့လောကကို သတ်တဲ့ ဇာတ်ဝင်ခန်းတွေပါ။

ဝမ်းတထွာရဲ့
ဝမ်းစာက
ရှာရတာ ကြက်ယက်သလိုခေတ်။

KFC ဆိုပါသတဲ့လေ… …
ကြွေမျက်ရည်ဝဲနေလား
ဘ၀တွေက ဆာလောင်လွန်းလှတယ်။      ။

မောင်လွမ်းဏီ
၀၄ ဇူလိုင် ၂၀၁၅


ခေါင်းစီးဓာတ်ပုံ - ဓာတ်ပုံ မူလရိုက်ကူး အွန်လိုင်း မျှဝေသူ ကိုကြည်နိုင် ကို ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းပြုပါသည်။