ဖိုးထက် - ကျိန်ပြီးမှ ဖဲကစားရမယ့်သူတွေ


ဖိုးထက် - ကျိန်ပြီးမှ ဖဲကစားရမယ့်သူတွေ
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၅

ကျွန်တော် ဖဲရိုက်တတ်ပါတယ်။
ငယ်ငယ်ကတော့ ကိုးမီး။ ဖဲသုံးချပ်ပေါင်း အပွင့်အရည်အတွက်ယူတဲ့ ကစားနည်းပေါ့။ ကလေးတွေဆိုတော့ ဖဲသုံးချပ် ပေါင်းရတာ ရီလီတီဗီတီ သီအိုရီကို စကားပြောတတ်တဲ့ ကြက်တူရွေးတစ်ကောင်ကို ရှင်းပြရသလိုပါဘဲ။ ကိုးဖဲ နှစ်ချပ်နဲ့ ခွန်ဖဲ (ခုနှစ်) တစ်ချပ်ဆိုရင် ကိုးကို စိတ်ထဲမှတ်ထား။ လက်ကိုးချောင်းထောင်။ လက်ကိုးချောင်းက ဖဲချပ်ကိုင်ထားလို့ ထောင်လို့ မဖြစ်တော့ ခြေချောင်း ကိုးချောင်းကို လက်ချောင်းတွေအစား ရည်တွက်ရပါတယ်။

နည်းနည်း ဉာဏ်သွားတဲ့ အကောင်ကတော့ ကိုနှစ်လီ ဆယ့်ရှစ်။ ရှစ်နဲ့ ခုနှစ်နဲ့ ထပ်ပေါင်း။ သွားပြီ။ ရှုပ်ကုန်ပြီ။ ဘယ်နှစ်ပေါက် လဲဆိုတာ တစ်ခေါက်တည်း မှန်အောင်ပေါင်းနိုင်သူ ရှားပါတယ်။ လူ့ဉာဏ်ဟာ နည်းနည်းတော့ ဆန်းတယ်ဆိုတာ ကျွန်တော် အဲဒီကတည်းက သတိထားမိခဲ့တယ်။ အတန်းထဲမှာ သင်္ချာဆိုရင် ဘယ်တော့မှ အောင်မှတ်မကျော်တဲ့သူဟာ ဖဲဝိုင်းမှာ ဘယ်နှစ်ပေါက် (ဘယ်နှစ်ပွင့်) လို့ တစ်စက္ကန့်နဲ့ အဖြေထွက်အောင် တွက်တတ်တယ်။

ကျွန်တော် အသက်ကြီးလာလေ ဖဲကစားနည်းမျိုးစုံလည်း တတ်လာလေပါဘဲ။ ဘာဆိုးမှန်းလဲ ရှာမရဘူး။ လိမ်လဲ မလိမ္မာ ဘူးလို့ အမြဲမှတ်ချက်ချခံရတဲ့သူဖြစ်လို့ ဗိုင်းကောင်း ကျောက်ဖိ စာရင်းထဲ မပါ ပါ။ ဒီတော့ မူကြီး ဖဲကစားနည်းကို ငါးတန်း လောက်မှာ ကောင်းကောင်းသိနေပါပြီ။ ဖဲချပ်ကို အရသာခံပြီး ပွတ်ကြည့်တတ်ပါပြီ။ ချွန်းထောက်လား။ ခွလား။ ဘေးသုံးတန်း လား။ ဘေးစိတ်လား။ ပျောက်သွားသလား။ ပြည့်သွားသလား။ စတဲ့ ဖဲသမား အခေါ်အဝေါ်တွေကို ရင်ခုန်တတ်ပြီ။ ဖဲလေး ပေါက်ဆီဆိုတာ ဘာလဲသိပြီ။

ထပ်ပြီး အသက်လေးရလာတော့ ပိုကာဒေါင်းတတ်လာတယ်။ ဖဲ ဆယ့်သုံးချပ်ကိုင်။ အထွေခင်းပြီး ကစားရတဲ့ ကစားနည်း။ ဒါက ဦးဏှောက်အခြောက်ခံပြီး ဖဲအထွက်တွေကို စဉ်းစားသူတွေဝိုင်းထိုင်တဲ့ ဖဲဝိုင်းထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဖဲက စားနည်းပါ။ တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလိုမျိုး ဒီကစားနည်းမှာလည်း သူ့နယ်နဲ့ သူ့စည်းကမ်း သတ် မှတ်ချက်တွေ ကွဲပြား၊ များပြားလှတယ်။ ဖဲဝိုင်းထဲမှာရှိတဲ့သူတွေအချင်းချင်း ဖဲဝိုင်းမစခင်ကတည်းက အခြေခံ ဥပဒေဆွဲထား ခဲ့တဲ့အတိုင်း လိုက်နာကြရတယ်။ နိုင်ငံတွေရဲ့ အခြေခံဥပဒေတွေမတူညီသလို ဖဲဝိုင်းတွေရဲ့ စည်းကမ်း၊ ကလနားတွေကလည်း ကွဲပါတယ်။

ဒီပိုကာကစားနည်းမှာ ကိုယ့်ဖဲက ဒေါင်းနိုင်သလား။ မဒေါင်းနိုင်ဘူး။ ကျန်တဲ့အိမ်တွေက ဒေါင်းနိုင်နေပြီဆိုရင် ပိုက်ဆံဖဲ လိုက်ဆွဲရင်း အနာသက်သာအောင် လုပ်ရတယ်။ ကိုယ်လဲ ဒေါင်းနိုင်နေပြီ။ ကိုယ့်အောက်အိမ်ကလဲ ဒေါင်းနိုင်နေပြီဆိုရင်တော့ အောက်အိမ် ဘာဖဲပစ်ထားသလဲ ဆိုတာ ပြူး၊ ပြဲနေအောင် လိုက်ကြည့်ရတယ်။ ကိုယ့်ဘာသာ သူပစ်ထားတဲ့ ဖဲကို လိုက်ပြီး ပစ်ပေမယ့် ခေါ်ဖဲဖြစ်နေလို့ ကိုယ့်ပစ်ဖဲနဲ့ သူဒေါင်းသွားတယ်ဆိုရင် ကျန်တဲ့သူတွေက ကိုယ့်ကိုခွင့်လွှတ်ကြပါတယ်။ “ဘာ တတ်နိုင်မှာလဲ။ သူ့ဖဲက လွှတ်ကောင်းနေတာကိုး” လို့ နှစ်သိမ့်တတ်ကြတယ်။ အစိမ်းဖဲကြီးပစ်ပြီး အောက်အိမ်က စား ဒေါင်း သွားတယ်ဆိုရင်တော့ လူသတ်မှု၊ ခိုးမှု၊ မုဒိန်းမှုတွေ ကျူးလွန်ထားတဲ့ တရားခံလို ၀ိုင်းပြီး စစ်ကြ ဆေးကြတယ်။ ဒီဖဲ ဘာလို့ မပစ်တာလဲ။ ဟိုဖဲက ဘာလို့ကပ်ထားသလဲဆိုတဲ့ အတော်ဖြေရခက်တဲ့မေးခွန်းတွေနဲ့ နှိပ်စက်တတ်ကြပါတယ်။ ဆယ့်သုံးချပ် ပိုကာဖဲကစားနည်းဟာ သိပ်ပြီးကောင်းတဲ့ဖဲကစားနည်းလို့ အခုအထိ ကျွန်တော်ခံယူတယ်။ ပိုကာ ကောင်းကောင်း ဒေါင်း တတ်တဲ့သူတွေနဲ့ ပိုကာဒေါင်းရတာ ဦးဏှောက်ကို အလုပ်ပေးခြင်းတစ်မျိုးပါဘဲ။ ပါတ်ဝန်းကျင်ကို ဂရုစိုက်တတ်၊ နားလည် လာအောင် လေ့ကျင့်သင်ယူခြင်း တစ်မျိုးပါဘဲ။ အပျင်းလည်း ပြေစေတယ်။

တက္ကသိုလ်တက်တော့ ရှမ်းကိုးမီး။ တွမ်တီဝမ်း။ အုန်းသီးခွဲ။ ရှိုး စတဲ့ ဖဲရိုက်နည်း အစုံကို ကျွန်တော် တတ်လာတယ်။ သူ့နည်း နဲ့ သူ အတော်လေးကစားလို့ကောင်းတဲ့ ကစားနည်းတွေပါ။ ရှမ်းကိုးမီး၊ တွမ်တီဝမ်းတို့က ကျွန်တော်တို့တွေအကြားမှာ သိပ် ကောင်းတဲ့ကစားနည်းပေါ့။ ကိုယ့်ဒေါသနဲ့ကိုယ် အမအကြီးဆုံး ထောက်ပံ့တဲ့ ကျူရှင်လခ ဖဲဝိုင်းမှာ ရှုံးပြီးကတည်းက ရင်ကွဲ နာကျ နောင်တရတဲ့ခံစားမှုကို ထပ်ပြီးမခံစားနိုင်တော့လို့ ဘယ်တော့မှ အဲဒီလို ရှုံးအောင်မကစားတော့ပါ။ အလွန်ဆုံး ရှုံးမှ တစ်ပတ်စာ လ္ဘက်ရည်ဖိုးလောက်သာ ရှုံးမယ့် သူငယ်ချင်းအရင်းတွေချည်း ဖဲရိုက်ကြတဲ့ ကြေးဝိုင်းမျိုးသာ ထိုင်တော့တယ်။ ဒါက ရှုံးတောင်မှ ထမင်း ကျွေးခိုင်းလို့ရတယ်။ မုန့်ကျွေးခိုင်းလို့ရတယ်။ ကိုယ်ရှုံးတာထက် ပိုပြီးတော့တောင် သူတို့က ကျွေးကြ မွေးကြပါတယ်။ “အေး..အေး စားကွာ..စား..စား..ဒါ မင်းတို့ ပိုက်ဆံတွေကွ.ဟား..ဟား” ဆိုတဲ့ နှိပ်စက်တဲ့ စကား လုံးတွေ သီးခံရတာကတော့ ရှိတာပေါ့။ တန်တာထက် ပိုအောင် အ၀အပြဲ စားကြတာ ရှုံးသူတွေရဲ့ လူ့ဗီဇပါ။ ကိုယ့်ပိုက် ဆံတုံးက လ္ဘက်ရည် တစ်ခွက်ဝယ်မသောက်သူဟာ သူများ ပိုက်ဆံနဲ့ဆိုရင် ခေါက်ဆွဲကြော်ပါ စားချင်တဲ့ အကျင့်ဆိုးလိုပေါ့။

အုန်းသီးခွဲတာကတော့ ပညာပါလဲ ပါသလို။ ရှုပ်လည်း ရှုပ်တယ်။ အချိန်လည်း အတော်ပြုန်းတီးပါတယ်။ ရှိုးကတော့ အဆိုး ဆုံး။ ကံတင် မကတော့ဘူး။ မာန်ပါ ပါလာပြီ။ ဟောက်စား လုပ်တတ်ရတယ်။ ဖိန့်တတ်ရတယ်။ လျှိုတတ်ရတယ်။ မှင်သေ သေ နေတတ်ရတယ်။ တစ်ဖက်သားရဲ့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ပြီး ဆုံးဖြတ်ချက် အကြီးကြီးတွေ ချတတ်ရတယ်။

ဖဲကစားတာ မကောင်းဘူးလို့ ကျွန်တော်က အလျဉ်းမပြောလိုပါ။ ဖဲကစားနည်းကို လူသတ္တ၀ါတစ်မျိုးဘဲ ကစားတတ်လို့ လူ တွေ သိသင့်တဲ့ ပညာရပ်လို့ ယူဆပါ။ အလွန်အကျွံ မဖြစ်ပြီးရောလို့ သတ်မှတ်ပါတယ်။ ခပ်ဆိုးဆိုး၊ ခပ်တေတေ ကျောင်းသား စာရင်းဝင်ခဲ့တဲ့ ကျွန်တော့်အတွက် ဖဲဝိုင်းတွေထဲက ဖဲသူခိုးတွေအကြောင်း ပြောချင်ပါသေးတယ်။ ဖဲဝိုင်းထဲမှာ ဖဲခိုးတဲ့သူ (၀ါ) မရိုးမသား ဖဲရိုက်တတ်တဲ့သူပါရင် သိပ်စိတ်ညစ်ဖို့ ကောင်းပါတယ်။

ဖဲသူခိုးပါလာရင် ဖဲရိုက်ရတာ အရသာမရှိပါ။ ဖဲရိုက်တာ ဘာအရသာများ ရှိမှာ မို့လို့လဲ ဆိုတဲ့ မေးခွန်းရှိလာရင် ဖဲရိုက်တတ် အောင်သင်ပြီး ဖဲကစားကြည့်ပါလို့ဘဲ ဆိုပါရစေ။ မကောင်းမှုတိုင်းမှာ သူ့အရသာလေးနဲ့သူ ရှိတယ်ဆိုတာ မကောင်းမှု လုပ်သူတိုင်း သိကြပါတယ်လို့ လူမိုက်စကား ဆိုပါရစေတော့။ အသေ၀နာစ ဗာလာနံ လုပ်ကြမယ်ဆိုရင်လဲ ခံယူပါမယ်။ စိတ်ချယုံကြည်ရတဲ့ သူငယ်ချင်းတွေ အချင်းချင်းကြားမှာ စိတ်အေး လက်အေး ဖဲဝိုင်းထိုင်ရတဲ့ အရသာက ဘာနဲ့မှမတူပါ။ ဒါကို ဖဲရိုက်တတ်သူတိုင်း ခံစားသိနိုင်ပါလိမ့်မယ်။

ဒါပေမယ့် ၀ိုင်းထဲမှာ ဖဲကို အမျိုးမျိုး လှည့်ပြီး ခိုးလိုက်။ ၀ှက်လိုက်။ အလှည့်ကျော်လိုက်။ ရူးချင်ယောင် ဆောင်လိုက်။ ဖင်ပိတ် ရုံတင် မက ရှိသမျှ အပေါက် ပိတ်ပြီး ငြင်းလိုက်။ သူများဖဲကို ခိုးကြည့်လိုက်။ ကိုယ်ဆွဲရမယ့် ဖဲကို ညောင်းလို့ လှဲအိပ်သလိုလိုနဲ့ ဘာဖဲ ဖြစ်မလဲဆိုတာ ကြိုသိဖို့ အပုံထဲက ဖဲကို ခိုးကြည့်လိုက် လုပ်နေတဲ့သူ ပါလာရင် သူ့ကို ၀ိုင်းပြော။ ၀ိုင်းထိန်းနေရတာနဲ့ဘဲ ဖဲဝိုင်း အရသာ ပျက်ပြီး ရန်ပွဲဖြစ်ရတတ်ပါတယ်။ အဲဒီ ဖဲဝိုင်းဟာ အဲဒီ ဖဲသူခိုးကို စောင့်ကြည့်နေရတာနဲ့ အပျော်တွေ။ ဟာသ တွေ၊ စိတ်အကြည်ဓာတ်တွေ ပျောက်သွားပါတယ်။ ကိုယ့်ဖဲကိုယ် အာရုံမစိုက်နိုင် ဖြစ်ရတတ်ပါတယ်။ ဖဲစိတ်ကူး ဉာဏ်ကွန့် မြူးမှုကို အဲဒီဖဲသူခိုးက ဖျက်ဆီးပါတယ်။

အဲဒီလို ဖဲလိမ်ရိုက်သူတွေ၊ ဖဲခိုး ရိုက်သူတွေပါလာပြီဆိုရင် ဖဲထုပ်ကြီးမှာပါတဲ့ ဖဲချပ်တွေ ပြည့်ရဲ့လား။ စုံရဲ့လားလို့ နှစ်လှည့် တစ်ခါ၊ သုံးလှည့်တစ်ခါ ဖဲစစ်ရတာ ရိုးရိုးသားသားကစားတဲ့သူတွေကို အားနာပေမယ့် မတတ်နိုင်ဘဲ လုပ်ရပါတယ်။ ဒီလို စစ်လို့ ဖဲချပ်တွေမပြည့်တော့ရင် ဒီကောင်ညစ်ထားပြီဆိုတာသိပေမယ့် ပြီးခဲ့ပြီးသော အတိတ်ကို ပြန်ယူချင်လို့မရသလို သူနိုင်ပြီးသား လောင်းကြေးငွေ၊ အစားအစာ စတဲ့ လောင်းကြေးကို ပြန်မရတော့ပါ။ အဲဒီလိုဖြစ်ပြီဆိုရင် သိသိကြီးနဲ့ အသည်း တယားယား ခံရသိပ်ခက်တဲ့ ခံစားမှုဖြစ်ပါတယ်။ ဒါကို ဖဲလိမ် အရိုက်ခံရသူတိုင်း နားလည်ကြမယ်။

ကျောင်းတုံးက ကျွန်တော်တို့ သူငယ်ချင်းတွေအကြားမှာ အဲဒီလို ဖဲခိုးရိုက်ချင်တဲ့ သူပါဝင်ကစားတော့မယ်ဆိုရင် ရက်ရက် စက်စက်ကြီး ကျိန်ခိုင်းရပါတယ်။ “မင်းဖဲခိုးပြီး ကလိမ်ကကျစ်ရိုက်ရင် မင်းညီမ ငါနဲ့ရ။ ခြောက်လနဲ့ကွဲ။ ဟိုကောင်နဲ့ပါ ဆက်ရ။ ကလေး တစ်ယောက်မွေး။ တစ်နှစ်နေရင် ဟိုကောင်သေ (ဟိုကောင်က ၀င်ဆဲပါတယ်)။ မုဆိုးမဖြစ်။ အရက်သမား တစ် ကောင်နဲ့ ထပ်ရ။ အရက်သမား နှိပ်စက်တာခံရပြီး ဟိုအတန်းရောက်ပါစေ” လို့ကို မစာမနာ ကျိန်ခိုင်းရတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပြောမနာ၊ ဆိုမနာ၊ ဆဲမနာ သူငယ်ချင်းတွေမို့ သူ့ကို နစ်နာစေဆိုတဲ့ စိတ်အလျဉ်း မရှိကြပေမယ့် ဒင်းကို ဖဲခိုး မရိုက်အောင် တားတဲ့ ဆီးတဲ့ သဘောပါတာတော့ အမှန်ဘဲ။ ချစ်တာက ချစ်တာဘဲ။ ခင်တာက ခင်တာဘဲ။ ငွေရေးကြေးရေးကို အဓိက မထားနိုင်တဲ့ ကျောင်းသားတွေပါ။ အပျော် ဖဲဝိုင်းဆိုပေမယ့် သူ့ရဲ့ မရိုးမသားအပြုအမူတွေကြောင့် ဖဲဝိုင်းမှာ ရတတ်တဲ့ လွတ်လပ် ပျော်ရွှင်မှုတွေ ပျောက်ဆုံးကုန်မှာ ကျွန်တော်တို့ အလွန်စိုးရိမ် ကြတယ်။

နေပါအုံး။ မပျင်းပါနဲ့။ ကျွန်တော်က ဖဲသူခိုးတွေကို ဘာကြောင့်ပြောနေသလဲလို့ စာဖတ်သူက တွေးချင် တွေးမိမှာဘဲ။ ဖဲမ ရိုက်တတ်တဲ့သူတွေအတွက် ပိုလို့တောင် ပျင်းဖို့ကောင်းနေမှာပါ။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ ရွေးကောက်ပွဲကိစ္စ၊ ၀ိစ္စ တွေကို မြင်နေရ၊ ကြားနေရတော့ ဖဲဝိုင်းထဲက ဖဲသူခိုးတွေကို သွားသတိရမိလို့ပါ။ အမျိုးမျိုးလှည့်ပတ်ပြီး ခိုးဟဲ့။ ၀ှက်ဟဲ့။ ပြောဟဲ့။ ဖင်ပိတ်ငြင်းဟဲ့။ မျက်နှာပြောင်တိုက်ဟဲ့နဲ့ ရွေးကောက်ပွဲကြီးသတင်းတွေ ကြားရတာ ကြေးကြီးကြီး ဖဲဝိုင်းကြီးမှာ ဖဲလိမ်ရိုက်နေတာနဲ့ သိပ်တူပါတယ်။ ကြေးကြီး ဖဲဝိုင်းတွေမှာ အမှား မခံပါဘူး။ သိပ်ပြီး စည်းကမ်းတင်းကြပ် လိုက်နာရပါတယ်။ ဘ၀ပျက်သွားနိုင်လောက်အောင် လောင်းကြေးကြီးတာကိုး။ အဲဒီလို ဖဲဝိုင်းကြီးမှာ ဖဲလိမ်ရိုက်နေမှန်းလည်း သိ။ ဖမ်းလို့ကလဲ မမိ။ မိများ မိလိုက်လို့ကတော့ ဓားနဲ့ ထထိုးလောက်အောင် ဒေါသ ထွက်နေတတ်ကြတယ်။ အခုလဲ နိုင်ငံရဲ့ ရှေ့ရေးအတွက် တန်ဖိုးကြီးတဲ့ ရွှေးကောက်ပွဲမှာ ဖဲခိုးတာနဲ့ တူတဲ့ မဲခိုးတာကို မိများ မိကြရင် ဓားနဲ့ ထထိုးချင်လာလောက်အောင် ကျွန်တော် ဒေါသထွက်ပါတယ်။ ကြေးကြီးတယ်မို့လား။ ဘ၀များစွာနဲ့ လောင်းကြေးထပ်ထားကြတာ မို့လား။

ကျွန်တော်တို့ ကျောင်းသားတွေ ဖဲဝိုင်းကမှ “တော်ပြီ..မင်းက ဖဲခိုးတယ်။ လိမ်တယ်။ ဆက်မရိုက်တော့ဘူး” လို့ ပြောပြီး ချက်ချင်း ထထွက်လာလို့ရသေးတယ်။ စိတ်ကောက်လိုက်လို့ရတယ်။ အခုဟာက ကလိမ်ကကျစ် ကျနေမှန်း သိရဲ့နဲ့ အောင့် အီးနေရတာ လူဖြစ်ရတဲ့အရသာ ပျောက်တယ်။ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရတဲ့ အရသာ မဲ့တယ်။

ကွန်ပြူတာ ခေတ်ကြီးမှာ လုပ်ထားတဲ့ မဲစာရင်းတွေ ကြည့်ပါ။ မှားလိုက်တာ သောက်သောက်လဲ။ ၂၁ရာစုထဲမှာ နည်းပညာ ချို့တဲ့လို့ဆိုတဲ့ ဆင်ခြေတွေက ဖဲဝိုင်းထဲမှာ “သြော်..ငါ့ဖဲမှတ်လို့ ယူလိုက်တာပါကွ။ မင်းကလည်း အချင်းချင်းတွေကို ဒီလို လုပ်ပါ့မလား” ဆိုတဲ့ ပြောနည်းနဲ့ အတူတူပါဘဲ။ သိပ်စိတ်ညစ်ရလို အရမ်းဘဲ သိက္ခာမဲ့ မျက်နှာပြောင် တိုက်လွန်းတယ်လို့ ထင်တယ်။

လူဟာ တစ်ဖက်သားရဲ့ လုပ်ရပ်တွေကို သိ မနေရရင် ကောင်းပါတယ်။ သူ့ဘာသာ ဘာလုပ်လုပ်၊ ဘယ်မှာနေနေ၊ ဘယ်သူနဲ့ စကားပြောပြော၊ ဘယ်သူနဲ့ ရှိရှိ မသိရရင် စိတ်ချမ်းသာပါတယ်။ ဒါပေမယ့် သူလုပ်သမျှ ကိုယ် ဘာမှမသိပါဘူးဆိုတဲ့ အချိုးနဲ့ ကိုယ့်ကို ဘာ ဘာ ဘာမှ နားမလည်ပါဘူးဆိုတဲ့ အချိုး လာချိုးရင် အူ၊ အသဲတွေ လိပ်တက်လာအောင် စိတ်ခုရတတ်ပါတယ်။ တွေ့ကရာနဲ့ ဆွဲကိုင် ဆောင့်ထုပြစ်ချင်တဲ့ စိတ်မျိုး ဖြစ်တတ်ကြတယ်။ အခု စစ်ဝတ်စုံချွတ်တွေကြီးစိုးတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့လုပ်ရပ်တွေဟာ ကျွန်တော်တို့သူငယ်ချင်းတွေ ဖဲကစားစဉ်မှာ ဖဲခိုးသူကို တစ် ယောက်ကချုပ်ပြီး ကျန်သူတွေက ခေါင်းအုံးတွေနဲ့ ပါယ်ပါယ်နှယ်နှယ် တွယ်သလို တွယ်ပြစ်ချင်တယ်။

သူတို့ကတော့ လိမ်စဉ် ဒီပွဲကို ဆက်ကစားချင်ကြတယ် ထင်တယ်။ ကစားချင်ရင်လဲ ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားမှာ ဖဲခိုးသူကို ကျိန်တွယ်ခိုင်းသလိုမျိုး ကျိန်တွယ်စေချင်တယ်။ တရားရုံးတွေမှာ အမှုမစစ်ခင် တရားလို၊ တရားခံတွေကို ကျမ်း ကျိန် တဲ့အခါ သုံးတဲ့ ကျိန်နည်းမျိုးနဲ့ ရက်ရက်စက်စက် ကျိန်စေချင်တယ်။ တရားရုံးတွေမှာ အမှုမစစ်ခင်မှာ ကျမ်းကျိန်ခိုင်းရင်…

“မှန်တာဘဲ ပြောမယ်။ မမှန်စကား မပြောမိရင် အကျွန်ုပ်နှင့် တကွ သား၊ မယားတို့ ကုန်းသွား၊ ကုန်းဘေး၊ ရေသွား၊ ရေဘေး သင့်ပါစေ။ အခြားတပါး မသွားမလာ နေအိမ်မှာ နေမြဲ နေစဉ် ဖြစ်သော်လည်း မုသားသုံးက ကျသင့်တဲ့ ဒဏ် ကျရောက်ပါစေ။ ရုက္ခစိုး၊ ဘုမ္မစိုးတို့က လည်းကောင်း၊ ပိဋကတ်သုံးပုံကို စောင့်သော နတ်တို့က လည်းကောင်း၊ တော၊ တောင် ရေမြေရှိသမျှကို စိုးပိုင်သော နတ်တို့က လည်းကောင်း၊ မြစ်ကြီး၊ မြစ်ငယ်၊ အင်းအိုင်၊ ရေတွင်း၊ ရေကန်စောင့် နတ်တို့ကလည်းကောင်း၊ သစ်ကြီး ၀ါးကြီးတို့မှ နတ်တို့က လည်းကောင်း၊ နေ လ နက္ခတ်တာရာ မိုးတိမ် မြူနှင်းမကျန် စောင့်ကြပ်သော ဘီလူး၊ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ရက္ခ၊ ကိုယ်တွင်း ကိုယ်ပ စောင့်သမျှ နတ်တို့က လည်းကောင်း၊ တစ်စု တစ်ပေါင်းတည်း လာရောက်လျက် ငါနှင့် တကွ၊ ငါ့သား၊ ငါ့မယား၊ ဆွေမျိုးသားချင်း ရှိသမျှ အကုန်ကို ညှင်းဆဲ နှိပ်စက် ဖျက်ဆီးစေသော်ဝ် ……” လို့ အစချီတဲ့ ထောင့်စေ့တဲ့ ကျိန်နည်းမျိုးကြီးကို ကျိန်စေပါတယ်။

ကျမ်းကျိန်ခြင်းမှာ မုသား တစ်ခွန်း ပါတာနဲ့ သံသရာ အဆက်ဆက် ဘ၀ရှုံးမယ့် အဖြစ်မို့ နည်းနည်းလဲ ရက်စက်ရာ ကျ ကောင်း ကျနေပါလိမ့်မည်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ ဖဲခိုးသလို မဲခိုးကြသူများကို မုန်းကြတဲ့ အမုန်းက သနားကြင်နာ ချစ် ခင် စာနာစိတ်ကို အသေသတ်ပါတယ်။

ဖဲဝိုင်းမှာ ဖဲခိုးပြီး ရိုက်သူဟာ ဘယ်တော့မှ မှန်မှန်ကန်ကန် ဖဲရိုက်တတ်သူ မဖြစ်တော့ပါ။ အရှုံးကို လက်မခံနိုင်ပါ။ အရှုံးကို စိတ်မရှည်တတ်ပါ။ ဒီတော့ သူတတ်တဲ့ ဖဲခိုးနည်းကို သူ့အရည်အချင်းတစ်ရပ်လို့ ယုံကြည်ပြီး ဖဲခိုးပါတော့တယ်။ အဲဒီ ဖဲခိုးသူဟာ သူ့ရဲ့စုတ်စုတ်ပဲ့ပဲ့ အရည်အချင်းကို ဟာသ လုပ်ချင် လုပ်ပြစ်နိုင်ပါတယ်။ ရူးချင်ယောင်ဆောင်ချင် ဆောင်လိုက်နိုင် ပါတယ်။ ကြိုက်တဲ့ကောင်ထွက်လို့ လူရမ်းကားစကားလည်း ပြောနိုင်ပါတယ်။ သူ့ဘာသာ ဘယ်လိုလဲ လုပ်လုပ် ဖဲခိုးသူကို ဖဲသမားတိုင်း သိကြသလို သူပါ ၀င်ကစားတော့မယ်ဆိုရင် ကျွန်တော်တို့ ကျိန်ခိုင်းသလို ကျိန်ခိုင်းပါ။ ဘ၀များစွာကို ထိခိုက် ပွန်းပဲ့မယ့် လောင်းကြေးနဲ့ ထပ်ပြီးကစားကြရမယ်ဆိုရင် အားမနာနိုင်ပါ။ တရားရုံးတွေမှာ ကျိန်ခိုင်းသလို သူတို့ကို ကျိန်ခိုင်း ပြီးမှ ဖဲဝိုင်းထိုင်ပါစေ။ အဲဒီလို ကျိန်တယ် ဆိုရင်တောင် မယုံပါနဲ့။ ဖဲသူခိုးဟာ တစ်သက်လုံး ဖဲသူခိုးပါ။ မဲသူခိုးဟာ တစ် သက်လုံး မဲသူခိုးပါ။

ဖိုးထက်

စာကြွင်း… အခု နောက်ဆုံး သတင်း ဖတ်လိုက်ရတော့ ရွေးကောက်ပွဲ ရွှေ့ချင်ပြန်သတဲ့။ ကျွန်တော်တို့ ကျောင်းသားဘ၀က အပျော် ဖဲဝိုင်းတွေမှာ ရှုံးသူတွေက “ဟေး” လို့အော်…ဖဲဝိုင်းအောက်က ခင်းထားတဲ့ ပုဆိုးစုတ်ကို လှန်ပြီး ၀ိုင်းထဲက ပိုက်ဆံ တွေ လုပြေးကြတာနဲ့ အတူတူဘဲလို့ ကျွန်တော် ထင်ပါတယ်။ အဲဒီလိုလုပြေးတာ ပျော်ဖို့ကောင်းခဲ့တယ်။ အခုတော့ သေချင်း ဆိုးနဲ့ သေကြပါစေလို့ဘဲ ကျိန်ရတော့မှာဘဲ။