လင်းခါး - အရင်တုန်းက
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၁၅
အရင်တုန်းက ထောင်လို့ ရေးမရတော့
အဝေးတစ်နေရာတို့ မဲဇာတို့ ဆိတ်ဖလူးရနံ့သင်းရာတို့လုပ်ရ
အရင်တုန်းက ထမင်းငတ်မသာလို့ ရေးမရလို့
အာဟာရပြတ်သူတို့ နံရိုးပြိုင်းပြိုင်းတို့ ဝမ်းဟောင်းလောင်းတို့လုပ်ရ
အရင်တုန်းက လူ့အခွင့်အရေးလို့ ရေးမရလို့
အခွင့်အလမ်းတို့ သူ့အိပ်မက်တို့ သူ့မျှော်လင့်ချက်တို့လုပ်ရ။
အရင်တုန်းက ဒါတွေပဲ မရှိသလိုလိုပေါ့လေ။
အရင်တုန်းက ဒီမိုကရေစီလို့ရေးရင် ငြိုးလို့
အများက မျှော်လင့်တာတို့ အများဆန္ဒတို့နဲ့ လမ်းဘေးဆင်းရ
အရင်တုန်းက ကလေးမွေးလို့ သွေးထွက်ရင်တောင်
သွေးကွက်တွေ သွေးစက်တွေဆိုရင် ခွေးကတတ်က အရူးငနပ်တွေက သူတို့ခေါင်းမူးတတ်တယ်ဆိုလို့
သွေးသွန်တယ်တို့ သွေးတစိုစိုတို့နဲ့ ချော်ထွက်ခဲ့ရ။
အရင်တုန်းက အရင်အစိုးရ
အခုတော့ အရင်အစိုးရပဲ မဟုတ်တော့ သလိုလိုနဲ့။
အရင်တုန်းက လမ်းပေါ်မှာ လူတွေအစုလိုက်အပြုံလိုက်ဆိုရင်
ဂါဇာမှာလေ တို့ ဘဂ္ဂဒက်မှာပေါ့တို့ ဆီးရီးယားမှာတို့
ဆီတိုးနေတာပါတို့ နဲ့ မျက်နှာလွဲ ခဲပစ်ရ။
အရင်တုန်းက လမ်းပေါ်မှာ လူမရှိဘဲ ခွေးတွေပဲရှိနေသလိုလို။
အရင်တုန်းက တော်လှန်ရေးဆိုရင် မဖြစ်တော့
ရဗောလူးရှင်းတို့ မြေလှန်တာတို့ ကမ်ပိန်းတို့နဲ့
ရောချ မျောချရတာပေါ့။
၁၃၀၀ ပြည့် အရေးတော်ပုံတောင်
အရေးတော်ပုံ ပါနေတော့
အိမ်နီးချင်းနိုင်ငံက ကိစ္စလိုလို။
ရှစ်လေးလုံးပြောမရတာနဲ့ တီအီယန်မင်တွေနဲ့
ရောသိပ်ရ။
သြော် .... အရင်တုန်းက
ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ကသူပုန်
သခင်ကိုယ်တော်မှိုင်းဆိုတာက အစိုးရကို အပုပ်ချသူ
လူမိုက်အားပေး
ဦးသန့်ဆိုတာက ပုဆိန်ရိုး
လူထုဦးလှ လူထုဒေါ်အမာဆိုတာ သူပုန်အသိုင်းအဝိုင်းတွေ
ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အနောက်ကမ္ဘာရုပ်သေး
နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိ
ကျောင်းသားခေါင်းဆောင်ဆိုတာ အာဖျံကွီး လေလုံးထွား ငမိုက်သားတွေ။
အရင်တုန်းကတော့ အရင်အစိုးရ အရင်လူတွေပေါ့နော်
အဲဒီအရင်လူတွေ
ခု ..... ဘယ်တွေများရောက်ကုန်ကြပါလိမ့်။ ။
လင်းခါး
၂၀-၈-၂၀၁၃