မြတ်သိန်းထွန်း - ကုလားဟူသည် ဤသို့တည်း
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၅
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၅
အခန်း (၁) နိဒါန်း
မြန်မာနိုင်ငံအကြောင်းဆိုင်ရာ ပညာရပ်များဌာနခွဲသည် အရှေ့တောင်အာရှဒေသနိုင်ငံများအကြောင်းဆိုင်ရာ ပညာရပ်များ ဌာနငယ်တစ်ခု ဖြစ်သည်။
နှစ်ပေါင်းအတန်ကြာမျှ မြန်မာနိုင်ငံအကြောင်းဆိုင်ရာ ပညာရပ်များသုတေသီတစ်ဦးအနေဖြင့် လုပ်ခဲ့ဖူးသော မိမိ၏အတွေ့ အကြုံအရ နိုင်ငံတကာသုတေသနစာပေများတွင် အဆိုပါ အရှေ့တောင်အာရှနိုင်ငံများအကြောင်း ရေးသားတင်ပြမှုများ၌ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့အကြောင်းကိုသာ အများအပြားတွေ့ရပြီး အထူးသဖြင့် ၎င်းတို့၏ စာပေ၊ ယဉ်ကျေးမှုနှင့် ဘာ သာစကားများကို အလေးပေးရေးသားထားကြသည်ကို တွေ့ရှိရသည်။ သို့သော် မြန်မာနိုင်ငံ၏ စာပေ၊ ဘာသာစကားတို့နှင့် သက်ဆိုင်သော စာအုပ်စာတမ်းများကို များများစားစား မတွေ့ရချေ။ ထို့အပြင် နိုင်ငံတကာ ပညာရပ်စာပေနယ်ပယ်၌ အနည်းငယ်မျှသာရှိသော မြန်မာနိုင်ငံအကြောင်း ရေးသားထားသည့် စာအုပ်စာတမ်းများတွင် အချို့သော အချက်အလက် များသည် မှားယွင်းနေသည်။ အချို့သော အချက်အလက်များမှာ တိကျမှုမရှိ၊ အချို့သော အချက်အလက်များကိုအဓိပ္ပါယ် လွဲမှားစွာ ရေးသားတင်ပြထားသည်ကိုလည်း တွေ့ရှိခဲ့ရသည်။ အဆိုပါစာအုပ်စာတမ်းများထမှဲ မှားယွင်းသော(သို့) လိုရာ ဆွဲတင်ပြထားသော အချက်အလက်များကို ထပ်ဆင့်လေ့လာရေးသားသူများက မှီငြမ်းကိုးကား ရေးသားတင်ပြမှုများ ရှိလာ သည့်အခါ အများညီ ဤကို ကျွဲဟုဖတ်ဆိုသည့်ကိန်းမျိုး ဆိုက်လုနီးနီး ဖြစ်နေကြောင်းတွေ့ရပါသဖြင့် မှန်ကန်တိကျသော အချက်အလက်များဖြင့် ချေပရေးသားရမည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ပါတော့သည်။
မြန်မာစာပေ၊ ဘာသာစကားနှင့်ပတ်သက်၍ တိကျသောစာအုပ်စာတမ်းများစွာရှိသော်လည်း ၎င်းတို့မှာ မြန်မာဘာသာဖြင့် သာ ရေးသားထားသော စာအုပ်စာတမ်းများ ဖြစ်သဖြင့် မြန်မာလူမျိုးမဟုတ်သော မြန်မာနိုင်ငံအကြောင်း လေ့လာနေကြသည့် နိုင်ငံခြားသားသုတေသီ များအတွက် အခက်အခဲများစွာ ရှိနေသည်။ ၎င်းတို့ထဲမှ အများစုမှာ မြန်မာဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆို၊ ရေးသား၊ ဖတ်ရှုနိုင်ခြင်းမရှိသည့်အတွက် ဥရောပဘာသာစကားတစ်ခုခုနှင့် ရေးသားထားသည့် စာအုပ်စာတမ်းများကိုသာ အားကိုးလေ့လာနေရသည့်အနေအထားတွင် ရှိနေသည်။
အထက်ပါအချက်နှင့်စပ်လျဉ်း၍ မိမိအနေဖြင့် တိုင်းတစ်ပါး၌ မြန်မာစာပေနှင့် ဘာသာစကားသင်ကြားရေးတွင် အတွေ့အ ကြုံအရှိဆုံး မြန်မာပညာရှင်များတွင်ပါဝင်သူ တစ်ဦးဖြစ်သည့် ဆရာဦးတင်ထွေး၏ မှတ်ချက်အား ထုတ်နုတ်တင်ပြလိုပါသည်။
“မြန်မာစာပေနှင့် ဘာသာစကားအား လေ့လာဆည်းပူးနေကြသည့် နိုင်ငံခြားသားပညာရှင်များ၊ သုတေသီများ၊ ကျောင်းသူ ကျောင်းသားအများအတွက် အဆိုပါ ပညာရပ်နယ်ပယ်သည် သာမန်ထက်ကျယ်ပြန့်ပြီး လေ့လာရန် အချက်အလက် အရင်းအမြစ် မြောက်များစွာရှိနေသည်။ သို့သော် ၎င်းဂန္တ၀င်စာပေလက်ရာများမှာ မြန်မာဘာသာစကားဖြင့်သာ ရေးသား ထားသဖြင့် ယနေ့အချိန်အထိ နိုင်ငံခြားသားသုတေသီများအတွက် မြန်မာစာအုပ်စာတမ်းများ၊ ဂန္တ၀င်စာပေလက်ရာများမှာ ၎င်းတို့တတ်ကျွမ်းသော မြန်မာဘာသာစကားအဆင့်၏ အလှမ်းမမီရာတွင် ရောက်ရှိနေကြောင်း ၀မ်းနည်းစွာတွေ့ရရှိရပေ သည်။ ထို့ကြောင့် ၎င်းတို့ထဲမှာ အများစု၊ အားမနာတမ်းပြောရလျှင် အားလုံးလောက်နီးပါးမှာ ဒေသခံများထံမှ ကြားဖူးနားဝ စကားများ၊ ပါးစပ်ရာဇ၀င်များကိုသာကိုးကား၍ စာတမ်းများပြုစုခဲ့ကြပြီး ၎င်းတို့၏စာတမ်းများကို ရာစုနှစ်ပေါင်းများစွာ တည် ရှိနေခဲ့သော ခိုင်မာသည့် မြန်မာစာပေရင်းမြစ်များနှင့် ကိုက်ညီမှု ရှိ /မရှိ သေချာစစ်ဆေးနိုင်စွမ်းမရှိခဲ့သည်ကို ဝမ်းနည်းစွာ တွေ့ရှိရလေတော့၏။ မည်သို့ပင်ဖြစ်စေ အငြင်းပွားဖွယ်ရှိ နေသောစာတမ်းများအပါအ၀င် အဆိုပါနိုင်ငံခြားသားသုတေသီများ ၏ ကြိုးပမ်းအားထုတ်မှုများအားလုံးကို မိမိတို့အနေဖြင့် လျှစ်လျှူမရှုသင့်ပဲ အသိအမှတ်ပြုသင့်ပါသည်။" (1)
"မြန်မာဘာသာစကားနှင့် စာပေဆိုင်ရာစာအုပ်စာတမ်းအချို့ကို မြန်မာလူမျိုး ပညာတတ်အချို့က အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစုထားသည်များရှိပါသည်။ ၎င်းပုဂ္ဂိုလ်များမှာ အင်္ဂလိပ်စာပေနှင့် ဘာသာစကားဆိုင်ရာ ပညာရပ်နယ်ပယ်မှ ပညာ ရှင်များဖြစ်ကြပြီး မြန်မာစာပေနှင့် ဘာသာစကားဆိုင်ရာ ပညာရပ်နယ်ပယ်မှ ပညာရှင်များမဟုတ်ချေ။ ထို့ကြောင့် အဆိုပါ ပုဂ္ဂိုလ်များသည် မြန်မာစာပေထက် အင်္ဂလိပ်စာပေနှင့် ပိုမိုရင်းနှီးကျွမ်းဝင်ကြသည်။”
၎င်းတို့ရေးသားပြုစုသော စာတမ်းများကို နိုင်ငံခြားသားသုတေသီများက ရည်ညွှန်းကိုးကားထည့်သွင်းရေးသားခြင်းများ မကြာခဏ တွေ့ရတတ်ပြီး ရလဒ်အနေဖြင့် အဓိပ္ပါယ်ကောက်ယူမှု လွဲမှားခြင်း၊ ခန့်မှန်းမှု အလွဲများ၊ လွဲမှားသည့် ခြုံငုံသုံးသပ် ချက်များကို တွေ့ရပေးသည်။ (2)
အထက်ပါအချက်နှင့်စပ်လျဉ်း၍ မြန်မာစာပေနှင့်ဘာသာစကားထဲတွင် အဓိပ္ပါယ်လွဲမှားစွာ ကောက်ယူဘာသာပြန် နားလည် လျှက်ရှိသည့် Kula (ကုလား) ဟူသောစကားလုံးကို ဥပမာတစ်ခုအနေဖြင့် ထုတ်နုတ်တင်ပြလိုပါသည်။ အဆိုပါအခေါ် အဝေါ်တွင် တစ်ဖက်သားအား ထိခိုက်နစ်နာစေသည့် အဓိပ္ပါယ်တစ်စုံတစ်ရာမပါဝင်သော်လည်း နိုင်ငံခြားသား ပညာရှင် တချို့က ထိုစကားလုံးအား အဓိပ္ပါယ်လွဲမှားစွာ ကောက်ယူဘာသာပြန်ဆိုကြပြီး ချိုးနှိမ်သည့် သဘောဆန်သော အဓိပ္ပါယ်ဖွင့် ဆိုမှုဖြင့် ရေးသားတင်ပြလျှက်ရှိကြသည်။ မိမိအနေဖြင့် ဤစာတမ်းတွင် အဆိုပါစကားလုံးအား အဓိပ္ပါယ်ဖွင့်ဆိုပုံနှင့် စပ် လျဉ်း၍ ခိုင်မာသည့် မြန်မာစာပေအရင်းအမြစ်များ၊ ထင်ရှားသည့် မြန်မာစာပေပညာရှင်များ၏ သုံးစွဲပုံများနှင့် သာမန်လူများ ထံမှရသော ကြားဖူးနားဝ ပါးစပ်ရာဇ၀င်များကို အခြေခံကိုးကားခြင်း၏ရလဒ်အဖြစ် ပညာရှင်အချို့၏ သတိမမူပဲ လွဲမှားစွာ ဘာသာပြန်ဆို ရေးသားတင်ပြမှုများကို ထုတ်နုတ်တင်ပြလိုပါသည်။
အခန်း(၂) စာပေအထောက်အထားများအရ အဓိပ္ပါယ်ဖွင့်ဆိုခြင်း
ကုလားဟူသည့် အခေါ်အဝေါ်နှင့်စပ်လျဉ်း၍ ၎င်းစကားသည် ကုလဟူသော ပါဠိစကားမှ ဆင်းသက်လာကြောင်း အယူအဆ တစ်ရပ်ရှိပြီး မြင့်မြတ်သောအမျိုးအနွယ်ဟု အဓိပ္ပါယ်ရသည်။ (ကုလပုတ္တ-မြင့်မြတ်သောအမျိုးအနွယ်မှ ဆင်းသက်လာသော သား၊ အမျိုးကောင်းသား) အဆိုပါအခေါ်အဝေါ်ဖြင့် မြန်မာနိုင်ငံမှ ရှေးဦး ဗုဒ္ဓဘာသာဝင် မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကရင် စသည့် မျိုးနွယ်စုများက အိန္ဒိယတိုက်ငယ်မှ မျိုးနွယ်စုများအား ချီးမြှောက်ခေါ်ဝေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓကိုယ်တော် တိုင်ပင် အိန္ဒိယတိုင်းသားတစ်ဦးဖြစ်သောကြောင့် ပေတည်း။
အဆိုပါယူဆချက်အား အောက်တွင်ဖော်ပြထားသည့် စာပေများမှ အထောက်အထားများအရ သိရှိရသည်။ (1) The Myanmar Language Commission, Myanmar-English Dictionary, Yangon, 1993, p. 10. ကုလား / kala/ n 1. native of the Indian subcontinent. 2. court-card; picture card. adj of foreign origin. See also သင်္ဘော [Pali ကုလ]
(2) The Myanmar Language Commission, မြန်မာအဘိဓာန် (Myanmar-Myanmar Dictionary), Yangon, 1991, p. 9 ကုလား /kla;/ n 1’ အိန္ဒိယတိုက်ငယ်ဒေသမှ လာသောသူများ။ 2 သာမန်အားဖြင့် မြန်မာနိုင်ငံအနောက်ဖက်ရှိ တိုင်း နိုင်ငံများမှ လာသောသူများ 3 စက္ကူဖဲတွင် ဂျက်၊ကွင်း၊ကင်း ဖဲချပ်ကိုခေါ်သောစကား န၀ိ- နိုင်ငံခြားမှလာသော။ နိုင်ငံခြား မှဖြစ်သော။ [ပါ၊ကုလ]
(3) ဦးဝန်-တက္ကသိုလ်မြန်မာ အဘိဓာန်၊ အပိုင်း(၁) (The University Burmese-Burmese Dictionary), Rangoon, 1952, vol.1, p. 22. ကုလား နံ ၁။ အိန္ဒိယနိုင်ငံသားများ ၂။ သာမန်အားဖြင့်ကား မြန်မာနိုင်ငံ အနောက်ဖက်ဒေသများမှ လာသူ များ----နံဝိ နိုင်ငံခြားမှဖြစ်သော။ နိုင်ငံခြားမှလာသော။ [မွန်၊ဂလာ။ ပါ၊ကုလ]
(4) ဦးဟုတ်စိန်၊ ပါဠိမြန်မာအဘိဓာန်၊ ဒုတိယပိုင်း၊ ရန်ကုန်၊ ၁၉၅၆၊ စာမျက်နှာ ၃၂၉ ။(The PaliBurmese Dictionary), Rangoon, 1956, vol. 2, p. 329. ကုလ [ကုလ] (န) အမျိုး။ မြတ်သောအမျိုး။ အိမ်။ မိဘအိမ်။ အလုပ်အကျေွး ဒါယကာ။
(5) Judson, A., Burmese-English Dictionary, Baptist Press, Rangoon, edited 1953. p. 173 (First Edition: 1836). ကုလား (Pali) n, a race အမျိုး one whose race is distinctly marked, a caste person; a native of any country west of Burma; a foreigner ...etc.
အမှန်မှာ မြန်မာများသည် ပါဠိစကား ကုလ(မြင့်မြတ်သော၊ ကြီးကျယ်သော၊ အမျိုးမြင့်မြတ်သော၊ ထူးခြားသိသာသော - meaning holy, great, noble, distinguished etc.) အဓိပ္ပါယ်ဖွင့်ဆိုမှုဖြင့် ပုံစံအမျိုးမျိုး သုံးစွဲကြသည်။
အောက်ဖော်ပြပါ အသုံးအနှုန်းများအား ဥပမာအဖြစ်ထုတ်နုတ်တင်ပြလိုပါသည်။
(a) ကုလသမဂ္ဂ (Kula Thamagga) great/noble organization United Nations
(b) ကုလားအုတ် (ကုလသြဋ္ဌ) (Kula Oatta) distinguished camel camel, the distinguished animal
(c) ကုလကုမ္မာရီ (Kula Kumari) noble young lady young lady of the noble race
(d) ကုလပဗ္ဗတ (Kula Pabbata) great/distinguished mountain mountain range
ဒုတိယအယူအဆအနေဖြင့် ကုလားဟူသောဝေါဟာရသည် မူလမွန်စကား ဂိုလ (ရွှံ့ဖြင့်လုပ်သောအိမ်၊ မြေဖြင့်လုပ်သောအိမ် တွင်နေသူများ) မှဆင်းသက်လာကြောင်း သိရှိရသည်။ အဆိုပါအယူအဆအား အထောက်အကူဖြစ်စေသည့် အထောက် အထားများအား တင်ပြလိုပါသည်။ (1) Yule, Henry, Col. and Burnell, A. C., Hobson-Jobson, Calcutta, 1990 (First Edition 1886), p. 495. "The true history of the word has for the first time been traced by Prof. Forchhammer to Gola , the name applied in old Pegu inscriptions to the Indian Buddhist immigrants, a name which he identifies with Sanskrit Gauda , the ancient name of northern Bengal, hence the famous city of Gaur".
ယင်းဝေါဟာရ၏ သမိုင်းကြောင်း လမ်းစအမှန်ကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့သူမှာ ပါမောက္ခ Forchhammer ဖြစ်သည်။ ၎င်းက ရှေးဟောင်းပဲခူးကျောက်စာများတငွ် ဂိုလာဟူသော အသုံးအနှုန်းသည် လာရောက်အခြေစိုက်သူ အိန္ဒိယတိုင်းသား ဗုဒ္ဓဘာသာဝင်များကို ရည်ညွှန်းကြောင်း၊ ရှေးဟောင်း သင်္သကရိုက်ဘာသာတွင် ဘဂင်္လားမြောက်ပိုင်းကို "ဂေါဒ" ဟု ခေါ် ကြောင်း ယခုခေတ်တွင် "ဂေါ်ရ်" အမည်ဖြင့် ထင်ရှားသောမြို့ဖြစ်ကြောင်း ထုတ်ဖေါ်ပြခဲ့ပါသည်။
(2) The Kalyani Inscription, Pegu, 14. Century, written in Mon language. (Translation): "The heroes Sona and Uttara were sent to Ramaña, which forms a part of Suvannabhumi, to propagate the holy faith ........ This town is called to this day Gola mattikanagara , because of the many houses it contained made of earth in the fashion of houses of the Gola people."
မွန်ဘာသာဖြင့်ရေးထိုးသည့် ကလျာဏီကျောက်စာ၊ အေဒီ ၁၄ ရာစု၊ ပခဲူး။ "သူရေဲကာင်းသုန္နနှင့် ဥတ္တရတို့ကို သာသနာပြုရန် သုဝဏ္ဏဘုမ္မိတိုင်းတွင်ပါဝင်သောာရာမည ဒေသသို့ စေလွှတ်လိုက်သည်။ -------- ယင်းမြို့ကို ယနေ့အထိ "ဂိုလာမတ္တိ ကာနာဂရ" ဟုခေါ်သည်။ အကြောင်းမှာ အိမ်များကို "ဂိုလာ" တို့၏မူရင်းပုံစံအတိုင်းရွှံ့၊ မြေတို့ဖြင့် ဆောက်လုပ် ထားသော ကြောင့် ဖြစ်သည်။
(3)ဦးဝန်-တက္ကသိုလ်မြန်မာ အဘိဓာန်၊ အပိုင်း(၁) (The University Burmese-Burmese Dictionary), Rangoon, 1952, vol.1, p. 22. ကုလား နံ ၁။ အိန္ဒိယနိုင်ငံသားများ ၂။ သာမန်အားဖြင့်ကား မြန်မာနိုင်ငံ အနောက်ဖက်ဒေသများမှ လာသူ များ---- နံဝိ နိုင်ငံခြားမှဖြစ်သော။ နိုင်ငံခြားမှလာသော။ [မွန်၊ဂလာ။ ပါ၊ကုလ]
(4) ခေတ်သစ်မွန်ဘာသာစကားတွင် အိန္ဒိယတိုက်ငယ်မှလူမျိုးများအား ခေါ်ဝေါ်သည့်အမည်မှာ “ဂိုလာ” ဖြစ်သည်။ ပိုးက ရင်များက အိန္ဒိယလူမျိုးများအား “ကူလား” ဟုခေါ်ဆိုပြီး စကောကရင်များက “ကိုလား” ဟု ခေါ်ဆိုကြသည်။ ထိုင်းလူမျိုးများ ကမူ အိန္ဒိယတိုင်းသားများအား “ကဲလ်” ဟု ခေါ်ဝေါ်ကြသည်။
တတိယအယူအဆအနေဖြင့် ကုလား(ကုလ)ဟူသော ဝေါဟာရသည် ကိုလား/ ခိုလား Cola/Chola ဟူသော ဝေါဟာရများမှ ပြောင်းလြဲဖစ်ပေါ်လာသည်ဟု သိရှိရသည်။ အဆိုပါအယူအဆအတွက် အထောက်အထားများမှာ အောက်ပါအတိုင်းဖြစ် သည်။
(1) Yule, Henry, Col. and Burnell, A. C., Hobson-Jobson, Calcutta, 1990 (First Edition 1886), p. 257. "Chola, as the name of Tamil people and their royal dynasty appears as Choda in one of Asoka's inscriptions, and in the Telugu inscriptions of the Chalukya dynasty." “ခိုလား" ဟူသောဝေါဟာရနှင့်ပတ်သက်၍ တမီလ်လူမျိုးနှင့် မင်းဆက်အကြောင်းကို အာသောကကျောက်စာနှင့် ကလုကျ မင်းဆက်အတွင်းရေးထိုးသည့် တယ်လ်လူဂူကျောက်စာများ အရ "ခိုဒါး" ဟုလည်းရေးထိုးထားကြောင်း သိရသည်။
(2) Myanmar-English Dictionary, Department of the Myanmar Language Commision, Ministry of Education, Union of Myanmar, "A History of the Myanmar Alphabet, p.iv. “အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မောရိယ (Maurya) မင်းဆက်ပျက်သုဉ်းပြီးနောက် အန္ဓရ (Andhra) မင်းဆက်ပေါ်ထွန်းလာခဲ့သည်။ ထို့နောက် ပလ္လဝါ (Pallava), ကဒမ္ဗ (Kadamba), ကလုကျ (Calukya), ရပ်စတြကုတ (Rashtrakuta) နှင့် ကိုလား (Cola) ကဲ့သို့သော မင်းဆက်များ ဆက် လက်ပေါ်ထွန်းခဲ့သည်။ အဆိုပါမင်းဆက်များ ထီးနန်းစိုးစံစဉ်ကာလအတွင်း ဗြဟ္မီအက္ခရာစာပေ (Brahmi) ထွန်းကားလာ ခဲ့ပြီး အနောက်ပိုင်းတွင် ပတ်ချီမီ (Pacchimi) အရေးအသား၊ အလယ်ပိုင်းတွင် မဓယပါရာဒက်ရှ် (Madhya Pradesh) အ ရေးအသား၊ တောင်ပိုင်းတွင် တယ်လဂူ (Telugu), ကနာတီ (Kanati), ကဝိသုံး ဂရန္တ (academic Grantha) နှင့် ကဒမ္ဗ (Kadamba), ကလုကျ (Calukya), ရပ်စတြကုတ (Rashtrakuta) တို့ပါဝင်သော တမီလ် Tamil စသည့် စာပေအရေး အသားတို့ ထွန်းကားလာခဲ့သည်။ ဗြဟ္မီစာပေမှဆင်းသက်လာသော ၎င်းစာပေအရေးအသားတို့သည် အိန္ဒိယမှ ကိုးကွယ် ယုံကြည်မှုများ၊ ယဉ်ကျေးမှုများနှင့်အတူ အေဒီတစ်ရာစုမှ ရှစ်ရာစုအတွင်း တိဗက်၊ သီရိလကာင်္၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီး ယားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ပျံ့နှံ့သွားပြီး ၎င်းဒေသများမှ တိုင်းရင်းသားဘာသာ စာပေအရေးအသားတို့ကို ဖွံ့ဖြိုးတိုး တက်စေရန် ကူညီပေးခဲ့သည်။
အရှေ့တောင်အာရှဒေသသို့ အိန္ဒိယတောင်ပိုင်းသားများ ရေကြောင်းခရီးဖြင့် အိန္ဒိယစာပေ၊ ယဉ်ကျေးမှုတို့ကို တပါတည်းယူ ဆောင်ကာ ရောက်ရှိလာချိန်မှစတင်၍ ဒေသခံများမှ ၎င်းတို့အား "ကိုလား" Cola (သို့) “ခိုလား“ Chola လူမျိုးများဟု ခေါ်ဆိုကြမည်မှာ အလွန်ဖြစ်နိုင်ဖွယ်ရှိသည်။ ထို့ကြောင့် အဆိုပါအခေါ်အဝေါ်သည် မွန်တို့၏မူလအသုံးအနှုန်းဖြစ်သော ဂိုလာ/ဂလာ၊ ကရင်လူမျိုးတို့၏ ကိုလား/ကူလားနှင့် ဗမာလူမျိုးတို့ခေါ်ဝေါ်ကြသည့် ကုလား/ကုလ စသည့် အသုံးအနှုန်း များနှင့် ဆက်စပ်မှုရှိနိုင်ပါသည်။
မိမိထုတ်နုတ်တင်ပြခဲ့သည့် စာပေများအရ ကုလားဟူသောဝေါဟာရသည် ပါဠိစာပေရှိ ကုလဟူသောစကားနှင့် ဆက်စပ်မှု ရှိခြင်း (သို့) အိန္ဒိယတောင်ပိုင်းရှိ "ကိုလား"/“ခိုလား" Cola/Chola မင်းဆက်မှဆင်းသက်လာခြင်း (သို့) နှစ်မျိုးစလုံးနှင့် ဆက်စပ်မှုရှိပြီး မွန်တို့က ဂိုလာ/ဂလာ ဟု မွေးစားယူကာ ဗမာများထံတွင် ကုလားဟု အသံထွက်ပြောင်းသွားကြောင်း တွေ့ ရှိနိုင်သည်။ အထက်ဖော်ပြပါယူဆချက်အားလုံးတွင် ကုလားဟူသောဝေါဟာရသည် အဖျက်သဘောဆောင်သည့် အဓိပ္ပါယ် သက်ရောက်မှုမျိုး ချိုးနှိမ်သည့် သဘောဆန်သောအဓိပ္ပါယ်သက်ရောက်မှုမျိုး လုံးဝမရှိခဲ့ကြောင်း ဖော်ပြလျှက်ရှိသည်။ ထို့ကြောင့်ယင်းအသုံးအနှုန်းကို ဧကူနခြင်းကင်းပြီး လွတ်လပ်စွာ ပြောဆိုရေးသားသုံးနှုန်းနိုင်သည်သာမက ၎င်းအသုံးအနှုန်း သည် အပြုသဘောဆောင်သည့် အဓိပ္ပါယ်မျိုးပါ သက်ရောက်စေကြောင်း တွေ့ရှိနိုင်ပါသည်။
ကုလားဟူသော ဝေါဟာရသည် ရှေးဟောင်းစကား အခေါ်အဝေါ်တစ်ခုဖြစ်သည်။ ပုဂံခေတ်ကျောက်စာ များ (အေဒီ၁၂ရာစု-အေဒီ ၁၄ရာစု) တွင် ကုလားဟူသော စကားလုံးနှင့်စပ်လျဉ်း၍ ကုလားကခြေသည်၊ ကုလားပသာသည် (ဗုံတီးသမား) စ သည့် အသုံးအနှုန်းများကို တွေ့ရှိနိုင်သည်။ အိန္ဒိယဗိသုကာပုံစံဖြင့် တည်ဆောက်ထားသော စေတီပုထိုးများကိုပင်လျှင် ကုလားကျောင်းဟု ခေါ်ဝေါ်ကြသည်။ (ဥပမာအာနန္ဒာ၊ သဗ္ဗေညု [ဘာသာပြန်သူ])။ အကယ်၍ ကုလားဟူသော ဝေါဟာရ သည် ခေါ်တွင်ခံရသည့် ပုဂ္ဂိုလ် (သို့) အရာဝထ္ထုအား ဂုဏ်သရေညှိုးနွမ်းစေခဲ့လျှင် ချိုးနှိမ်သည့် သဘောဆန်သော အဓိပ္ပါယ် သက်ရောက်မှုမျိုးရှိနိုင်ခဲ့လျှင် မြန်မာတို့အနေဖြင့် ၎င်းတို့အမြတ်တနိုးကိုးကွယ်ရာ စေတီပုထိုးများကို ကုလားအမည်ရှေ့မှ ထည့်၍ ခေါ်ဆိုလိမ့်မည် မဟုတ်ချေ။
ပုဂံမင်းဆက်မှ အလောင်းစည်သူမင်းကြီး၏သားတော် နရသူမင်းအား ရာဇ၀င်ဆရာတို့က ကုလားကျမင်းဟုခေါ်ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါမင်းအား အိန္ဒိယလူမျိုးတို့က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ရခိုင်ပြည် လောင်းကြက်မင်းဆက်၏ နောက်ဆုံးဘုရင်၊ အေဒီ ၁၄၃၀ တွင် မြောက်ဦးမြို့ကို စတင်တည်ထောင်သူ၊ မြောက်ဦး မင်းဆက်၏ ပထမဆုံးဘုရင်ဖြစ်သူ နရမိတ်လှ (မင်းစောမွန်) အား ရာဇ၀င်ဆရာတို့က ကုလားပြည်ရောက်မင်းဟု နာမည် ပြောင် ပေးခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် မင်းစောမွန်သည် အင်းဝကျူးကျော်စစ်ကြောင့် ဘဂင်္လားပြည်တွင် ခိုလှုံခဲ့ရ သောကြောင့်ဟု အချို့ရာဇ၀င်ဆရာများက ရေးခဲ့ပါသည်။ (သို့သော်လည်း ခေတ်သမိုင်းဆရာအချို့က ဘင်္ဂလီသမိုင်းနှင့် တိုက်ကြည့်ပြီး နရမိတ်လှ (မင်းစောမွန်) ဘင်္ဂလားပြည်တွင် ခိုလှုံခဲ့ရကြောင်းကို လက်မခံကြပါ။ [ဘာသာပြန်သူ]) အကယ်၍ ကုလားဟူသောဝေါဟာရသည် သိမ်ဖျင်းနိမ့်ကျသော အသုံးအနှုန်းတစ်ခုဖြစ်ခဲ့လျှင် ချိုးနှိမ်သည့် သဘောဆန်သော အဓိ ပ္ပါယ်သက်ရောက်မှုမျိုးရှိနိုင်ခဲ့လျှင် ထိုခေတ်အခါက သက်ဦးဆံပိုင်ဘုရင်တည်းဟူသောပုဂ္ဂိုလ်အား မည်သူတစ်ဦးတစ် ယောက်ကမျှ ထိုကဲ့သို့သော အတိုကောက်အမည်ဖြင့် အမှတ်သညာပြုရဲလိမ့်မည် မဟုတ်ချေ။ (နှိုင်းယှဉ်ရန်- ပုဂံခေတ် နရသီဟပတေ့မင်းအား ရာဇ၀င်တွင် တရုတ်ပြေးမင်းဟု ဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် အေဒီ ၁၂၈၇ ခုနှစ် တငွ် ကူဗလိုင်ခန်၏ တရုတ်တပ်များ ၀င်ရောက်တိုက်ခိုက်သဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသောကြောင့် ဖြစ်သည်။)
မြန်မာနိုင်ငံ၏ အထင်ရှားဆုံး ရာဇ၀င်ဆရာများထဲမှာ တစ်ဦးဖြစ်သူ၊ မြန်မာ့သမိုင်းတွင် အရေးပါဆုံး ရာဇ၀င် ကျမ်းသုံးစောင်ကို ညောင်ရမ်းခေတ် (ဒုတိယအင်းဝမင်းဆက်) အတွင်း ရေးသားပြုစုခဲ့သူ ရာဇ၀င်ဆရာ၏အမည်မှာ ဦးကုလားဖြစ်သည်။ အ ကယ်၍ ကုလားဟူသောအမည်သည် အောက်တန်းကျသည့် အမည်နာမတစ်ခုဖြစ်နေခဲ့ပါလျှင် ချိုးနှိမ်သည့် သဘောဆန် သော အဓိပ္ပါယ်သက်ရောက်မှုမျိုးရှိနိုင်ခဲ့လျှင် အလွန်ထင်ရှားကျော်ကြားသည့် အဆိုပါရာဇ၀င်ဆရာသည် ၎င်း၏အမည် အား ပြောင်းလဲပစ်မည်မှာ သေချာသည်။
ရှေးခေတ်အခါက ရခိုင်၊ ဗမာ၊ မွန်ဘုရင်များသည် ၎င်းတို့ကိုယ်၎င်းတို့ ဗုဒ္ဓ၏မျိုးနွယ်ဖြစ်သည့် သကျသာကီဝင်မျိုးရိုးမှ ဆင်း သက်လာသည်ဟု ထုံးတမ်းစဉ်လာအရ ယုံကြည်ခဲ့ကြသည်။ အထက်ပါအချက်အရ ထိုဘုရင်များသည် ၎င်းတို့ကိုယ်၎င်းတို့ အိန္ဒိယတိုင်းသားမျိုးဆက်များအဖြစ် ယုံကြည်ခဲ့ကြောင်း သိရှိနိုင်သည်။ အဆိုပါအချင်းအရာများကို ကြည့်ခြင်းဖြင့် အိန္ဒိယ တိုက်ငယ်မှ မျိုးနွယ်စုများနှင့်ပတ်သက်၍ နှိမ့်ချဆက်ဆံခြင်း (သို့) လူမျိုးရေးခြွဲခားခြင်းစသည့် အချက်များ မြန်မာများတွင် မရှိခဲ့ကြောင်း သိနိုင်ပါသည်။
မြန်မာဘာသာစကားတွင် တစ်စုံတစ်ခုကို ကုလားဟူသော အသုံးအနှုန်းဖြင့် ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ ပေါင်းစပ်၍ အ မည်သစ်ဖန်တီးကာ အဆိုပါအရာသည် မူလဘူတနိုင်ငံခြားမှဖြစ်ကြောင်း (သို့) နိုင်ငံခြားမှဝင်ရောက်လာကြောင်း (သို့) မြန်မာပြည်၏ အနောက်ဖက်ရှိတိုင်းပြည်များမှဖြစ်ကြောင်းကို အလွယ်တကူသိရှိနိုင်ရန် ခေါ်ဆိုလေ့ရှိသည်။
ရှေ့တွင်ကုလားထည့်သွင်းခေါ်ဆိုသည့် နာမ်များ
(1) ကုလားစပါး Indian rice/paddy rice/paddy of Indian origin wheat
(2) ကုလားတည် Indian preserve/pickle pickle or preserve of fruits/vegetables in Indian style Chutney or Indian style pickle
(3) ကုလားထိုင် Indian/foreigner sit the thing which foreigners use for sitting chair
(4) ကုလားပဲ Indian bean beans eaten by Indians passionately gram, chick pea
(5) ကုလားဖြူ Indian white the foreigners who are white Europeans, Caucasian နောက်တွင် ကုလားထည့်သွင်းခေါ် ဆိုသည့် နာမ်များ
(1) ဆိတ်ကုလား (သိုးသတ္တဝါ) goat Indian goat of Indian/foreign origin sheep
(2) ဒုံးကုလား lever Indian/foreign lever of foreign origin mechanical jack, motor car jack
(3) ငှက်ကုလား bird Indian/foreign bird of Indian/foreign origin black-necked stork ( Xenorhynchus asiaticus )
(4) ဗွတ်ကုလား bulbul (a kind of small bird) Indian/foreign bulbul of foreign origin Eurasian jay ( Garrulus leucotis )
(5) ကျေးကုလား parrot/parakeet Indian/foreign parrot/parakeet of Indian/foreign origin slaty-headed parakeet ( Psittacula himalayana )
အခန်း(၃) အဆင့်မြင့်မြန်မာစာပေများတွင် ကုလားဟူသောအသုံးအနှုန်းအား သုံးစွဲပုံဥပမာများ
(1) ယောအတွင်းဝန် ဦးဖိုးလှိုင်-ဥတုဘောဇနသဂင်္ဟကျမ်း၊ စာပြီးနှစ် ၁၈၇၅ ခုနှစ်၊ စာမျက်နှာ-၈၉ [အနောက်ပြည်သားများကို မြန်မာတို့က ကုလားခေါ်သည်]
(1) ပုဂံဝန်ထောက်မင်း ဦးတင်-မြန်မာမင်းများ အုပ်ချုပ်ပုံစာတမ်း၊ ရန်ကုန်၊ ၁၉၃၁ခုနှစ်၊ စာမျက်နှာ ၃၃-၃၅ [ကုလားမျိုး ၆၀ ရှိကြောင်းကို …….]
(2) အရေးတော်ပုံငါးစောင်တွဲ-သုဓမ္မ၀တီပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၂၀ခုနှစ်၊ စာမျက်နှာ ၃၅၆ [ကုလားပန်းသေးမြို့သားများ ……]
(3) မန်လည်ဆရာတော်- မဟာသုတကာရီ မာဃဒေ၀လင်္ကာသစ်၊ ရန်ကုန်၊ ၁၉၀၄ခုနှစ် (ပြန်လည်ပုံနှိပ်ခြင်း ၁၉၃၈ ခုနှစ်)၊ စာမျက်နှာ ၃၇ [ကုလားပသီ ဘရင်ဂျီက ……….. ]
(4) တော်စိန်ခို- လွှတ်တော်မှတ်တမ်း၊ ရန်ကုန်၊ ၁၉၁၅ ခုနှစ်၊ စာမျက်နှာ ၂၉ [သူပုန်ကုလား အင်္ဂလိပ်လူမျိုးတို့ကို … ] (5) ကျည်းကန်ရှင်ကြီး- အမရပူရသို့ပေး မေတ္တာစာ၊ ၁၈ရာစုအတွင်း ရန်ကုန်သို့ အလည်အပတ်လာရောက်စဉ် ရေးစပ်ခဲ့သည်။ [အာရမဏီ ဘရင်ဂျီ၊ ကပ္ပလီခလာသီ၊ ဇော်ဂျီကလယ်၊ ကုလားနွယ်တိုင်းမသိ၊ ထုပတိနှင့် ……… ]
အခန်း(၄) ထင်ရှားသည့်ပုဂ္ဂိုလ်များ၏ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံဥပမာများ
(1) မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ရက်နေ့၊ လုပ်ကြံခြင်းမခံရခင် ၆ ရက်အလိုတွင် ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးပြောကြားခဲ့သောမိန့်ခွန်းအတွင်း မြန်မာနိုင်ငံသားများ၏ လက်ဖွာမှုများ၊ ဖြုန်းတီးမှုများကို ထောက်ပြသွားပြီး အဆိုပါစရိုက်များကြောင့် လွတ်လပ်ရေးရရှိပြီးနောက် ပြည်ပတင်သွင်းကုန် အရေအ တွက်ကို လျှော့ချသင့်သည်ဟု ပြောကြားသည့်နေရာတွင် ကုလားဟူသောအသုံးအနှုန်းအား ဤသို့သုံးစွခဲ့သည်။ “ဆီကို ကုလားပြည်က ၀ယ်ရတယ်” အကယ်၍ ကုလားဟူသောအသုံးအနှုန်းသည် တစ်စုံတစ်ရာအား ထိခိုက်စေသည့် ဆိုးရွား သောအဓိပ္ပါယ်သက်ရောက်မှုမျိုးရှိနေခဲ့လျှင် ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အဆိုပါစကားလုံးအား သူ၏မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားလိမ့်မည် မဟုတ်ချေ။
(2) မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဦးနု Burma under the Japanese အမည်ဖြင့် J. S. Furnival ဘာသာပြန် ဆိုထုတ်ဝေခဲ့သည့် ၀န်ကြီးချုပ်ဦးနု မြန်မာဘာသာဖြင့် မူရင်းရေးသားသော ငါးနှစ်ရာသီ ဗမာပြည် စာအုပ် စာမျက်နှာ ၁၇ တငွ်- “ကန်ထရိုက်တာကုလားသည် သူ၏အလုပ်ကို ဆက်မလုပ်တော့ဘဲ မန္တလေးမှ ထွက်ပြေးခြင်းဖြစ်လေသည်။”
စာမျက်နှာ ၂၀၅ တွင် တဖန်- “အုပ်ချုပ်ရေးစီရင်မှုအဖွဲ့(preparatory Committee) ကိုဖွဲ့ပြီး၍ တစ်လလောက်ရှိသောအခါ တစ်နေ့သ၌ လက္ခဏာဖတ်တတ်သော ကုလားနာမည်ကြီးတစ်ဦးကို သူ၏ရုံးခန်းအတွင်း၌ ဒေါက်တာဘမော်သည် ခေါ်၍ (သူသည် ချောင်း၍ အသတ်ခံရမည်လောဟူ၍) တိုင်ပင်ဘူး၏။”
(3) ဗမာပြည်ကန်ွမြူနစ်ပါတီ၏ အထွေေထအွတွင်းရေးမှူး၊ သတင်းစာဆရာ၊စာရေးဆရာ ဦးသိန်းဖေမြင့် သူ၏ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်သည့် ဘုံဝါဒနှင့်တို့ဗမာစာအုပ် စာမျက်နှာ၁၇၀ တွင် - “ကုလားဆင်းရဲသားများကား ဗမာပြည်၌ လာ ရောက်နေထိုင်ရသောကျေးဇူးကို မေ့ဟန်မရှိ။ ဗမာများကို ရန်မမူ၊ တခါတခါ ဗမာများနှင့် ဆိုးတူကောင်းဘက် ဆောင်ရွက်ကြ လေသည်။ ရေနံချောင်း၊ တညင်စသော ရေနံမြေသပိတ်တို့၌၎င်း၊ အခြားသပိတ်တို့၌၎င်း၊ ကုလားအလုပ်သမားနှင့် ဗမာအ လုပ်သမားသည် တပူးတပေါင်းတည်းရှိသည်မှာ ထင်ရှား၏။”
အခန်း (၅) အရေးကြီးစာရွက်စာတမ်းများမှ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံဥပမာများ
(1) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွ့ချဲုပ်၏ ကြေငြာစာတမ်း အမှတ် (၁)၊ အပိုဒ် (၂)၊ အပိုဒ်ခွဲ (ဏ)၊ ၁၉၄၄- ခု၊ သြဂုတ်လ ၇ ရက်။ (3) “ကရင်၊ ရှမ်း၊ ပလောင်၊တောင်သူ၊ ကချင်၊ ချင်း၊ မွန်၊ တရုပ်၊ ကုလား စသောလူနည်းစုများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဆက်ဆံရေးအခွင့်အရေးများကို အစိုးရက အထူးစောင့်ရှောက်ပေးခြင်း။” (2) မြေအောက် ကွန်မြူနစ်ပါတီ၏ ကြေငြာချက်၊ ၁၉၄၅-ခု ဖေဖော်ဝါရီလ ၂၇ ရက်။ အခဏ်း (၆)၊ အပိုဒ် (၄)။(4) “ကုလားစစ်တပ်ကိစ္စ။ (5) ကုလားစစ်တပ်သည် ဂျပန်စစ်တပ်နှင့်အတူ ဆုတ်ချင်လည်းဆုတ်သွားမည်၊ သို့မဟုတ် ဗမာပြည်တွင် ဖရိုဖရဲဖြစ်ချင်လည်း ဖြစ်သွားလိမ့်မည်၊ ကုလားစစ်တပ် ဖရိုဖရဲဖြစ်ခဲ့လျှင် ဗမာပြည်တွင် အဓိကရုဏ်းများ ဖြစ်နိုင်စရာလမ်းရှိသည်၊ ဖြစ်နိုင်ပါလျှင် ဂျပန်ကို တော်လှန်တိုက်ခိုက်ရေးတွင် ကုလားစစ်တပ်သည် ငါတို့နှင့်အတူ ပူးပေါင်း၍လုပ်သည်အထိ ကြိုးစားကြရမည်။”
အခန်း(၆) မှားယွင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုခြင်း
(က) အစွန်းရောက်အမျိုးသားရေးဝါဒီများ၏ ဖန်တီးမှု
ကိုလိုနီခေတ်အတွင်း အိန္ဒိယတိုက်ငယ်မှ မြန်မာနိုင်ငံအတွင်းသို့ ပြောင်းရွေ့အခြေချနေထိုင်သူဦးရေ အလန်ွအမင်းများပြား လာသည့်ကြောင့် အဆိုပါ အစွန်းရောက်အမျိုးသားရေးဝါဒီတို့က ကုလား ဟူသောဝေါဟာရအား အဓိပ္ပါယ်ဖွင့်ဆိုမှုသစ်တစ်ရပ် တီထွင်ဖန်တီးခဲ့ကြသည်။ ၎င်းတို့က ကုလားဟူသော ဝေါဟာရသည် “ကူး” (ဖြတ်သန်းခြင်း) ဟူသော မြန်မာဘာသာစကားနှင့် “လာ” (၀င်ရောက်ခြင်း) ဟူသော မြန်မာစကားမှ ဆင်းသက်လာသည်ဟု ပြောဆိုခဲ့ကြသည်။ အပြည့်အစုံ အဓိပ္ပါယ်ဖွင့်ဆိုပါက ပင်လယ်ရပ်ခြားတိုင်းတပါးမှ ဖြတ်သန်းဝင်ရောက်လာသူများဟု အဓိပ္ပါယ်ရသည်။
၎င်းအဓိပ္ပါယ်ဖွင့်ဆိုချက်တွင်လည်း အဆိုးသဘော အဓိပ္ပါယ်သက်ရောက်မှု တစုံတရာမပါရှိပဲအတင်း မြန်မာမှုပြုခဲ့ကြခြင်း ဖြစ်သည်။ ယနေ့အချိန်ထိ အချို့သောရှေးဟောင်းစာပေဗဟုသုတမကြွယ်ဝသူများက ၎င်းအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဝိဂြိုဟ်ပြု မူ အမှန်အဖြစ် လွဲမှားစွာထင်မှတ်နေကြလျက်ရှိသည်။ သို့သော် အဆိုပါအဓိပ္ပါယ်ဖွင့်ဆိုချက်ကို မြန်မာမှုပညာရှင်အသိုင်း အဝိုင်းက အခြေအမြစ်မရှိ၍ လုံးဝလက်မခံပါ။
အကယ်၍ “ကူးလာ” မှ ကုလားဖြစ်လာသည်ဆိုပါလျှင် အာဖရိကလူမည်းများကို ကပ္ပလီဟု မြန်မာ ဘာသာဖြင့်ခေါ်ဆိုသည့် အသုံးအနှုန်းအားလည်း အတင်းမြန်မာမှုပြု၍ “ကပ်”(အနားသို့တိုးသည်၊ အနီးတွင်နေသည်) နှင့် “ပလီ”(ချွဲသည်[ဘန်းစကား]၊ ချိုသာစွာဖြားယောင်းသည်) ဟု အဓိပ္ပါယ်ဖွင့်ဆိုလိုက်ပါက “ကပ္ပလီ” ဟူသော အခေါ်အဝေါ်သည် "အနီးတွင်နေ၍ ချွဲသူ” ဖြစ်သွားပါတော့မည်။ အမှန်တွင်မူ ၎င်းဝေါဟာရသည် အာရပ်ဘာသာစကား Kafir (Non Believer of Islam or infidel) “အစ္စလမ်ဘာသာ မကိုးကွယ်သော မိစ္ဆာအယူဝါဒရှိသူ" မှ ဆင်းသက်လာသောစကား ဖြစ်ပါသည်။
ထို့ကြောင့် ကုလားဟူသော ဝေါဟာရသည် “ကူးလာ” မှဆင်းသက်လာကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်သည် မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ကြောင်း၊ အတင်း မြန်မာမှုပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရှိနိုင်သည်။
(ခ) မြန်မာနိုင်ငံအတွင်းရှိ အိန္ဒိယ နွယ်ဖွားများ ကိုယ့်အဓိပ္ပါယ်နှင့် ကိုယ်ဖွင့်ဆိုပြီးနာကြည်းကြခြင်း။
ကုလားဟူသော အခေါ်အဝေါ်သည် တဖက်သားအား ထိခိုက်စော်ကားသည့်အဓိပ္ပါယ်မျိုး မသက်ရောက်သော်လည်း အိန္ဒိယနွယ်ဖွားများမှာ အဆိုပါအခေါ်အဝေါ်အား နှစ်သက်ခြင်းမရှိကြချေ။ အဘယ်ကြောင့်ဆိုသော ကုလားဟူသောအခေါ် အဝေါ်သည် အိန္ဒိယဘာသာစကားများဖြစ်သော ဟင်ဒီ၊ အူရဒူ၊ ဘင်္ဂလီစသည့် ဘာသာစကားများတွင် အသားအရောင်ရှိသူ (ဝါ) ငမဲ (သို့) အသားမဲဟုအဓိပ္ပါယ်ရသော "ကာလာ" ဝေါဟာရနှင့် အသံထွက်ခြင်း နီးစပ်နေကြောင့်ဖြစ်သည်။ ၎င်းပြင် ကိုလိုနီအရှင်သခင် ဗြိတိသျှတို့က အိန္ဒိယနွယ်ဖွားများကို “Coloured” ဟု နှိမ့်ချခြွဲခားဆက်ဆံခဲ့ကြခြင်းကြောင့်လည်း နာ ကြည်းချက်ရှိခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလီလူမျိုးများသည် နိုင်ငံခြားသားများ၊ အထူးသဖြင့် နိုင်ငံခြားသားပညာရှင်များ၊ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ကိုယ်လိုရာဆြွဲပီး ကု လားဟူသောအသုံးအနှုန်းသည် ဗမာ၊ ရခိုင်၊ မွန်စသည့် လူမျိုးများက ၎င်းတို့အား အသားမဲများ (ဝါ) ငမဲများဟု နှိမ့်ချခြွဲခား ဆက်ဆံသည့် အသုံးအနှုန်းဖြစ်ကြောင်း ညည်းညူရေရွတ်ပြီး ပြောဆိုလေ့ရှိကြသည်။
သို့သော် ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်စသည့် မြန်မာတိုင်းရင်းသား လူမျိုးများအနေဖြင့် ကုလားဟူသော အခေါ်အဝေါ်အား သုံးစွဲသည့်နေရာတွင် အထက်ပါအဓိပ္ပါယ်မျိုးအား မည်သည့်အခါမှ ရည်ရွယ်ပြောဆိုခြင်းမရှိခဲ့ချေ။ အတိအကျထောက်ပြ ရမည်ဆိုပါလျှင် အိန္ဒိယမြောက်ပိုင်းနှင့် ပါကစ္စတန်ဒေသမှ ဆင်းသက်လာသော အချို့လူမျိုးများသည် မြန်မာနိုင်ငံတွင်းရှိ မွန်၊ ဗမာ၊ ရခိုင်စသည့် ဌာနေတိုင်းရင်းသား အချို့ထက် အသားပိုဖြူပြီး ချောမောလှပသည်ကို ကြည့်လျှင်သိရှိနိုင်ပါသည်။
အထက်ဖော်ပြပါ အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့်စပ်လျဉ်း၍ စာရေးသူ၏အယူအဆမှာ မြန်မာနိုင်ငံတငွ်းမှီတင်းနေထိုင်ကြသည့် အိန္ဒိယ နွယ်ဖွားလူမျိုးများသည် ၎င်းတို့ရောက်ရှိနေထိုင်သည့်နိုင်ငံ၏ ဘာသာစကားကို သေချာစွာ မလေ့လာသည့်အပြင် ကိုယ်လို ရာဆြွဲပီး "ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်" လုပ်နေချက် သက်သက်သာဖြစ်သည်ဟု သုံးသပ်မိပါသည်။
မြန်မာနိုင်ငံသားများကို ထိုင်းလူမျိုးများက ၎င်းတို့၏ ဘာသာစကားအရ Phama ဟုခေါ်ကြသည်။ အဆိုပါ စကားလုံး၏ အ သံထွက်သည် မြန်မာဝေါဟာရ ထဲတငွ် “ ဖာမ” သို့မဟုတ် “ဖားမ ” ဟူသော ဝေါဟာရနှင့် အသံထွက်ခြင်းနီးစပ်နေပါသည်။ ကိုယ်လိုရာဆြွဲပီး အဓိပ္ပါယ်ဖွင့်ဆိုခ့မဲည်ဆိုပါလျှင်လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။ သို့သော် မည်သည့်မြန်မာလူမျိုးကမျှ အဆိုပါအခေါ်အဝေါ်အတွက် စောဒကတက်ခြင်းမရှိခဲ့ချေ။ (ထိုင်းလူမျိုးများအနေဖြင့် ဘုရင့်နောင်မင်းတရား ယိုဒယားကိုသိမ်းပိုက်ခဲ့သည်အချိန်တငွ် မြန်မာတို့အား Phama ဟုခေါ်ဆိုခဲ့သကဲ့သို့ ယခုမြန်မာလူမျိုးအများအပြား ထိုင်းနိုင်ငံအတွင်း အောက်ခြေသိမ်း အလုပ်လုပ်ကိုင်နေရသည့် အချိန်တွင်လည်း Phama ဟုသာ ဆက်လက်ခေါ်ဝေါ်နေမည်သာဖြစ်သည်။ [ဘာသာပြန်သူ])
အခန်း(၇) အချို့သောပညာရှင်များ၏ သာမန်လူများထံမှရသော ကြားဖူးနားဝ ပါးစပ်ရာဇ၀င်များကို အခြေခံကိုးကားပြီး လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုမှုဖြင့် (သတိမမူပဲ) ရေးသားတင်ပြမှုများ။
(1) Desai, W. S, India and Burma , Calcutta, 1954, p. 37-38. "Burmans call Indians Kalas . This term has been interpreted into two different ways. Ku in Burmese means to cross over; and la is to come. So Kala is the one who has crossed over and come into the country, that is, a foreigner. The other interpretation is that it is the Sanskrit Kula meaning clan or caste. Hence it is thought that the term was applied to Indians since they observe caste. Kalas therefore would mean "the caste people". Most probably the first interpretation is the correct one. Kala simply means a foreigner.
Europeans are often called by Burmans Kala phyu , i.e. white foreigners. The term Kala has indeed become in Burma a term of reproach and should be banned. When the Japanese were in occupation of the country from 1942 to 1945, they forbade the use of this term, substituting Indos ."
“မြန်မာလူမျိုးများသည် အိန္ဒိယလူမျိုးများကို ကုလားဟုခေါ်ကြသည်။ အဆိုပါအသုံးအနှုန်းအား နည်းလမ်းနှစ်မျိုးဖြင့် အဓိ ပ္ပါယ်ဖွင့်ဆိုထားသည်။ “Ku” သည် မြန်မာစကားတွင် ဖြတ်သန်းခြင်း၊ “La” သည် ဆိုက်ရောက်သည်ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ကုလားဟူသော စကားသည် တိုင်းပြည်တွင်းသို့ဖြတ်သန်းဝင်ရောက်လာသူ၊ နိုင်ငံခြားသားဟု အနက်အဓိပ္ပါယ်ရ သည်။
အခြားအဓိပ္ပါယ်ဖွင့်ဆိုနည်းတခုမှာ သင်္သကရိုက် (ဝါ) သက္ကတဘာသာစကားအရ ကုလား၏အဓိပ္ပါယ်သည် လူမျိုးစု (သို့) ဇာတ်ခွထဲားသော၊ သီးသန့်ခွဲခြားထားသော လူတစုဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ထိုအသုံးအနှုန်းသည် မြန်မာလူမျိုးများက အိန္ဒိယလူမျိုးများအား ဇာတ်ခွဲတတ်သော သီးသန့်လူမျိုးစုအဖြစ် ထင်မှတ်ခဲ့ဟန်တူသည်။
အထက်ပါအဓိပ္ပါယ်ဖွင့်ဆိုချက်နှစ်ခုထဲမှ ပထမတခုမှာ အမှန်ဖြစ်နိုင်သည်။ ကုလားသည် နိုင်ငံခြားသား ကို ရည်စူးခေါ်ဆိုသည့် အသုံးအနှုန်းဖြစ်သည်။ ဥရောပတိုက်သားများအားလည်း မြန်မာများက ကုလားဖြူ (အသားဖြူနိုင်ငံခြားသား) ဟု ခေါ်ဝေါ် လေ့ရှိသည်။။ ကုလားဟူသော အသုံးအနှုန်းသည် မြန်မာပြည်တွင် တဖက်သားအား ရှုံ့ချစော်ကားစရာစကားတခု အမှန်ဖြစ် လာပြီး လုံးဝပိတ်ပင်သင့်သော အသုံးအနှုန်းတခုဖြစ်သည်။ ထိုတိုင်းပြည်အား ဂျပန်များသိမ်းပိုက်ခဲ့သည့် ၁၉၄၂-၁၉၄၅ တွင် အဆိုပါအသုံးအနှုန်းကို တားဆီးပိတ်ပင်ခဲ့ပြီး အင်ဒိုဟူသောစကားဖြင့် အစားထိုးခေါ်ဝေါ်စေခဲ့သည်။”
အထက်တွင် အင်္ဂလိပ်ဘာသာဖြင့် မူရင်းအတိုင်းတင်ပြထားသော ပါမောက္ခ Desai ၏ စာပိုဒ်၌ စာရေးသူက စာကြောင်း အချို့ကို မျဉ်းသားထားလိုက်ပါသည်။ အကြောင်းမှာ ပါမောက္ခ Desai ၏တင်ပြချက် တိကျမှန်ကန်မှုမရှိသောကြောင့်ဖြစ်ပါသည်။။ အဆိုပါဝေဖန်ချက်အတွက် အထောက်အထား၊ အကိုးအကားအဖြစ် ဂျပန်ခေတ် (၁၉၄၂-၁၉၄၅) ကာလအတွင်း ထုတ်ဝေခဲ့သော မြန်မာသတင်းစာများမှ ကောက်နုတ်ချက်အချို့ကို ဥပမာအဖြစ် ထုတ်နုတ်တင်ပြလိုပါသည်။
အဆိုပါသတင်းစာကောက်နုတ်ချက်များကို လူထုဦးလှ၏ “သတင်းစာများက ပြောပြတဲ့ စစ်အတွင်း ဗမာပြည်” ဒုတိယတွဲ၊ စာမျက်နှာ ၁၉၊ ၄၆၊ ၉၂၊ ၁၈၆၊ ၂၉၂၊ ၃၀၈ စသည်တို့တွင်လည်း လေ့လာဖတ်ရှုနိုင်သည်။
(က) မြန်မာ့အလင်းသတင်းစာ၊ နိုဝင်ဘာလ ၅ ရက်၊ ၁၉၄၂၊ ကြာသပတေးနေ့။ “နိုဝင်ဘာလ ၂ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ကုန်စည်ကြီးကြပ်ရေးကိစ္စနှင့်ပတ်သက်၍ အစည်းအဝေးတစ်ရပ်ကျင်းပရာ ရန်ကုန်မြို့ရှိ မြန်မာ၊ တရုပ်၊ ကုလား ကုန်သည်ကြီးများ၊ ပွဲစားကြီးများ တက်ရောက်ကြသည်ကို တွေ့မြင်ရကြောင်း။”
(ခ) ဗမာ့ခေတ်သတင်းစာ၊ နိုဝင်ဘာလ ၈ ရက်၊ ၁၉၄၂၊ တနင်္ဂနွေနေ့။ “တရုပ်ကပြား၊ ကုလားကပြားများမှာ ဗမာများနှင့် နေရာတိုင်းမှာလိုလို ၀င်ဆန့်နိုင်စေကာမူ အင်္ဂလိပ်ကပြားတို့မှာ ခွဲခွဲခြားခြားနေတတ်၏။”
(ဂ) ဗမာ့ခေတ်၊ နိုဝင်ဘာလ ၂၉ ရက်၊ တနဂင်္နွေနေ့။ (၀န်ကြီး သခင်ဗစိန်၏ မိန့်ခွန်း)။ “ဗမာပိုင်၊ ကုလားပိုင် အစရှိတဲ့သ င်္ဘောတွေကို သည်ဌာနက သွားလာနိုင်ဖို့ အမိန့်တွေထုတ်ပေးမယ်။”
(ဃ) မြန်မာ့အလင်း၊ ဇန်န၀ါရီလ ၈ရက်၊ ၁၉၄၃။ “ကုလား ဒုက္ခသည်များ………”
အကယ်၍ ပါမောက္ခ Desai ၏အဆိုမှန်ပြီး ဂျပန်ခေတ်တွင် ကုလားဟူသော အသုံးအနှုန်းအားပိတ်ပင်ကာ အင်ဒိုဟူသော အသုံးအနှုန်းဖြင့် အစားထိုးခဲ့လျှင် အဆိုပါသတင်းစာများ၌ သတင်းရေးသားဖော်ပြရာတွင် ကုလားဟူသော စကားလုံးနေရာ တွင် အင်ဒိုဟုအစားထိုးရုံမှလွဲ၍ တခြားနည်းလမ်းမရှိချေ။ ထိုသို့မဟုတ်လျှင် အဆိုပါသတင်းစာတိုက်များမှ အယ်ဒီတာများနှင့် သတင်းထောက်များသည် ကင်ပေတိုင် ခေါ် ဂျပန်စစ်ပုလိပ်များ၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။
(2) Esche, A., Wörterbuch Burmesisch - Deutsch (Burmese-German Dictionary), Leipzig, German Democratic Republic, 1976, p. 40: ကုလား <P> vulg Inder m ; Mann m aus dem Westen Dr.Esche ၏အဆိုအရ ကုလား ဟူသော အသုံးအနှုန်းသည် ပါဠိစကားမှဆင်းသက်လာပြီး အနောက်အရပ်မှလူ (သို့) အိန္ဒိယလူမျိုးဟု အဓိပ္ပါယ်ရကြောင်း နှင့် အဆိုပါအသုံးအနှုန်းသည် ရိုင်းစိုင်းသော စကားဖြစ်ကြောင်း တွေ့ရှိရသည်။
အထက်တွင်ဖော်ပြခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၊ဦးနုနှင့် ဦးသိန်းဖေမြင့်တို့၏ ကုလားဟူသောအမည်ကို ထည့်သွင်းသုံးနှုန်းပုံ နှင့် စပ်လျဉ်း၍ Dr. Esche ၏ အဘိဓာန်ပါ ကောက်ချက်ဆွမှဲုအရ အဆိုပါအဘိဓာန် ကိုဖတ်ရှုသူများအမြင်၌ ထိုပုဂ္ဂိုလ်ကြီး သုံးဦးသည် လူမျိုးရေးခြွဲခားသူများဟုယူဆမည့်အပြင် အိန္ဒိယလူမျိုးများအပေါ် အဆိုးမြင်စိတ်ဓာတ်ရှိသည့် လူများဖြစ်သွား ပေ တော့မည်။
အကယ်စဉ်စစ်တွင်မူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ၎င်းအားဆက်ခံသူ ၀န်ကြီးချုပ်ဦးနုတို့သည် မဟတ္တမဂန္ဒီ၊ နေရူး၊ မိုဟာမက် အလီဂျင်းနားကဲ့သို့သော အိန္ဒိယ၊ ပါကစ္စတန်ခေါင်းဆောင်များနှင့် အလွန်ရင်းနှီးသူများဖြစ်ပြီး အဆိုပါ အိန္ဒိယ၊ ပါကစ္စတန် ခေါင်းဆောင်များအပေါ် အထူးလေးစားသူများလည်း ဖြစ်ကြပါသည်။ ထို့အပြင် ကွန်မြူနစ်တစ်ဦးဖြစ်သည့် ဦးသိန်းဖေမြင့် သည်လည်း အိန္ဒိယကွန်မြူနစ်ပါတီနှင့် အလွန်နီးစပ်သူတဦးဖြစ်ပြီး ထိုပါတီမှ ရဲဘော်ရဲဘက်များနှင့် အလွန်ရင်းနှီး ကျွမ်းဝင် သောသူ ဖြစ်သည်။
အခန်း(၈) နိဂုံး
ခိုင်လုံသော မြန်မာစာပေအထောက်အထားများအရ “ကုလား” ဟူသောအသုံးအနှုန်းသည် အိန္ဒိယတိုက်ငယ်မှ လူမျိုးများ ကိုခေါ်ဆိုသည့် စကားလုံးဖြစ်ပြီး ၎င်းတွင် တဖက်သားအား ထိခိုက်နစ်နာစေသည့် အဓိပ္ပါယ်မပါရှိချေ။ သို့ပါသော်လည်းကိုလိုနီခေတ်ကာလအတွင်း၌ အမျိုးသားရေးအစွန်းရောက်သူတချို့က “ကူးလာ” မှ ကုလားဖြစ်လာ သည်ဟုထင်ွခဲ့ကြခြင်း ကြောင့်၎င်း၊ ကုလားဟူသောအခေါ်အဝေါ်သည် အိန္ဒိယဘာသာစကားများဖြစ်သော ဟင်ဒီ၊ အူရဒူ၊ ဘင်္ဂလီ စသည်တို့တွင် အသားအရောင်ရှိသူ (ဝါ) ငမဲ (သို့) အသားမဲဟု အဓိပ္ပါယ်ရသော "ကာလာ" ဝေါဟာရနှင့် အသံထွက်ခြင်းနီးစပ်နေခြင်း ကြောင့် မြန်မာနိုင်ငံအတွင်းရှိ အိန္ဒိယနွယ်ဖွားများက ကိုယ့်အဓိပ္ပါယ်နှင့် ကိုယ်ဖွင့်ဆိုပြီးနာကြည်းကြခြင်းကြောင့်၎င်း၊ မြန်မာ နိုင်ငံအတွင်း နေထိုင်ကြသော အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလီလူမျိုးများသည် နိုင်ငံခြားသားများနှင့်၊ အထူးသဖြင့် နိုင်ငံခြား သားပညာရှင်များ၊ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ကိုယ်လိုရာဆွဲပြီး ကုလားဟူသောအသုံးအနှုန်းသည် ဗမာ၊ ရခိုင်၊ မွန်စသည့် လူမျိုးများက ၎င်းတို့အား အသားမဲများ (ဝါ) ငမဲများဟု နှိမ့်ချခြွဲခားဆက်ဆံသည့် အသုံးအနှုန်းဖြစ်ကြောင်း ညည်းညူရေရွတ်ပြီးပြောဆိုလေ့ရှိကြခြင်းကြောင့်၎င်း၊ အဆိုပါ အဓိပ္ပါယ်ဖွင့်ဆိုမှုလွဲမှားခြင်းသည် ပညာအရည်အချင်းနှင့် ပြည့်စုံသည့် မြန်မာစာပေပညာရှင်များနှင့် တိုင်ပင်ဆေွးနွေးခြင်းမရှိဘဲ ခိုင်မာသော မြန်မာစာပေလက်ရာများကို တိတိကျကျ လေ့လာ ကိုးကားရန် ပျက်ကွက်ခြဲ့ကသည့် နိုင်ငံခြားသား သုတေသီများ၊ လေ့လာသူများမှတဆင့် ချဲ့ကားပျံ့နှံ့ သွားခဲ့သည်။
စာရေးသူအနေဖြင့် ဤစာတမ်းသည် အဆင့်အတန်းမြင့်မားသော မြန်မာ့ဂန္တဝင်စာပေအများစုကို လေ့လာရန် လက်လှမ်း မမီကြသည့် မြန်မာစာပေလေ့လာသူ နိုင်ငံခြားပညာရှင်များ၊ သုတေသီများ၊ ကျောင်းသူကျောင်းသားများအတွက် အ ထောက်အကူဖြစ်စေရန် သီးသန့်ရည်စူး၍ စေတနာအပြည့်ဖြင့် အားထုတ်ပြုစုခဲ့ခြင်းဖြစ်ပါသည်။
နောက်ဆုံးပြောကြားလိုသည်မှာ စာရေးသူအနေဖြင့် ဤစာတမ်း ရေးသားပြုစုသည့်အချိန်တွင် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားလေးပါး နှလုံးသွင်း၍ ရေးသားပြုစုခဲ့ပါသည်။ (၁) မြန်မာ့စာပေနယ်ပယ်အတွင်း လေ့လာလိုက်စားသူများ အားလုံးအား မေတ္တာပို့ပါသည်။ (၂) သတိမမူပဲ လွဲမှားစွာအဓိပ္ပါယ်ကောက်ယူ ရေးသားမိခဲ့သူများ ကိုလည်း ဂရုဏာသက်မိပါသည်။ (၃) စာပေလေ့လာ လိုက်စား ရေးသားပြုစုသူများ၏ ကြိုးစားမှုရလဒ်အဖြစ် ရရှိလာသော အောင်မြင်မှုများကို မိမိ၏အောင်မြင်မှုကဲ့သို့ နှလုံးသွင်း၍ မုဒိတာပွားခဲ့ပါသည်။ (၄) တိကျမှန်ကန်သော အချက်အလက်များ ကို လက်သင့်မခံလိုပဲ မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုသာ စြွဲမဲစွာယုံကြည်နေကြသူများ ရှိနေသေးပါကလည်း ၎င်းတို့အား ဥပက္ခာပြုထားပါမည်။
Notes:
1 U Tin Htway, " Trash from Treasure, In the Case of Judson's Burmese English Dictionary ", in "Tradition and Modernity in Myanmar", The International Conference on Myanmar, Berlin, 1993. 2 See and compare: U Tin Htway, A Glimpse of General Observations on Burmese pum , South Asian Digest of Regional Writing, Heidelberg, Vol. 9, pp. 16, 25-27. 3 See also Thakhin Tin Mya, Anti - Fascists Revolution, Head Quarter and Ten Divisions , (in Burmese), Rangoon, 1968, p. 21. 4 Ibid, p. 51. 5 Japanese trained Indian National Army (INA) headed by Subhas Chandra Bose. 6 Dr. Annemarie Esche was the chief supervisor and consultant on Mr. Jens Lorenz's thesis on Gen. Aung San; Dr. Esche and Jens Lorenz translated Gen. Aung San's speeches from Burmese into German. U Thein Pe Myint was a communist who was to become a close friend of both Dr. A. Esche and her husband Dr. Otto Esche, who served as first secretary of the then East German Embassy in Rangoon (1962-66 and 1975-79). U Thein Pe Myint's wife, Daw Khin Kyi Kyi, was also mentioned by Dr. A. Esche as one of the consultants in her foreword to her above-mentioned dictionary. One wonders from which informant Dr. A. Esche received her information? Certainly, neither from the scholars mentioned in her foreword nor from the standard literature would substantiate such an interpretation. One can only assume that she obtained this interpretation either from the Indian (people from the subcontinent) community living in Rangoon or some "hearsay scholars".
(Dr. Annemarie Esche သည် Mr. Jens Lorenz ၏ မဟာဝိဇ္ဇာဘွဲ့ရရန်တင်သငွ်းသော "ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲ" အမည်ရှိကျမ်းအတွက် တာဝန်ခံ ကြီးကြပ် စစ်ဆေးခဲ့သူဖြစ်သည့်အပြင် Dr. A. Esche နှင့် Mr. Jens Lorenz တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကိုလည်း ဂျာမန်ဘာသာသို့ပြန်ဆိုခဲ့ကြပါ၏။ ကွန်မြူနစ်တစ်ဦးဖြစ်သည့် ဦးသိန်းဖေမြင့်သည် Dr. A. Esche ၎င်း၏ခင်ပွန်းသည် ထိုစဉ်က ရန်ကုန်ရှိအရှေ့ဂျာမနီသံရုံးမှ ပထမအတွင်းဝန် (၁၉၆၂ - ၆၆ နှင့် ၁၉၇၅--၇၉) Dr. Otto Esche တို့ နှင့်အလွန်ရင်းနှီး ကျွမ်းဝင်သောသူ ဖြစ်ပါသည်။ ဦးသိန်းဖေမြင့်၏ ဇနီး(ဆရာမ) ဒေါ်ခင်ကြည်ကြည်၏အမည်ကိုလည်း Dr. A. Esche က ၎င်းနှီးနှောတိုင် ပင်ဆွေးနွေးသူ ပညာရှင်များစာရင်းတွင် ဖော်ပြ ထားပါသည်။ သို့ပါလျက် Dr. A. Esche သည် အဘယ့်ကြောင့် မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သုံးခဲ့မိပါသနည်း၊ အဘယ်သို့သော "မဟာ ပျင်ငြာယှိ" ထံမှ မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရခဲ့ပါသနည်းဟုစာရှုသူတို့ အံ့ဩစွာ စဉ်စားနေကြပါလိမ့်မည်။ အထူးစဉ်စားစရာမလိုပါ။ Dr. A. Esche သည် ၎င်းနှီးနှောတိုင်ပင်ဆေွးနွေးသူ ပညာရှင်များစာရင်း ပါပုဂ္ဂိုလ်များနှင့်လည်း တိုင်ပင်ဆေွးနွေးခဲ့ဟန်မတူပါ။ ခိုင်မာသည့် မြန်မာစာပေ အရင်းအမြစ်များတွင်လည်း ရှာဖွေခြင်းမပြုခဲ့ပဲ သာမန်လူများထံမှရသော ကြားဖူးနားဝ ပါးစပ်ရာဇ၀င်များကို အခြေခံကိုးကားခြင်း၏ရလဒ်တစ်ခုဖြစ်လျှင်ဖြစ်မည်၊ သို့မ ဟုတ်လျှင် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလီလူမျိုးများ၏ ကိုယ်လိုရာဆွဲပြီး ကုလားဟူသော အသုံး အနှုန်းသည် အသားမဲများ(ဝါ) ငမဲများဟု နှိမ့်ချခြွဲခားဆက်ဆံသည့် အသုံးအနှုန်းဖြစ်ကြောင်း ညည်းညူရေရွတ်ပြီး ပြောဆိုလေ့ရှိကြသည်ကို နားယောင်မိသွားရှာသည်လည်း ဖြစ်နိုင်ပါကြောင်း။)
U Khin Maung Saw (Berlin) ၏ (Mis) Interpretations of Burmese Words:Part 1.In the case of the term Kala (Kula)
မြတ်သိန်းထွန်း
(၈၊ ၁၁၊ ၂၀၁၂)