တောင်ကိုရီးယား မြန်မာသံရုံးက မဲစာရင်းနဲ့ မဲဆန္ဒရှင်စာရင်း လွဲမှား ပျောက်ဆုံးနေမှုများ ထုတ်ပြန်




တောင်ကိုရီးယား မြန်မာသံရုံးက မဲစာရင်းနဲ့ မဲဆန္ဒရှင်စာရင်း လွဲမှား ပျောက်ဆုံးနေမှုများ ထုတ်ပြန်
(မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၁၅

အောက်တိုဘာ ၁၆ ရက်စွဲ တောင်ကိုရီးယား မြန်မာသံရုံး တံဆိပ်တုံး၊ ၂ မျက်နှာပါ ထုတ်ပြန်ချက်တခု အရ အဆိုပါသံရုံးတွင် မြန်မာနိုင်ငံမှ ပေးပို့သော မဲလက်မှတ်များ လွဲမှားခြင်း၊ ပျောက်ဆုံးခြင်း၊ မပြည့်စုံခြင်းများ တွေ့ရကြောင်း၊ မဲဆန္ဒရှင်စာရင်းများတွင်လည်း အမှားအယွင်းများနှင့် ရင်ဆိုင်နေရကြောင်း ရေးသားထားသည်။ မဲလက်မှတ်များ မှားယွင်းမှုမှာ တောင်ကိုရီးယားသံရုံးတခုတည်း မဟုတ်ဘဲ အခြားပြည်ပရှိ မြန်မာသံရုံးများ၏ လက်မှတ်များပါ လွဲမှားရောက်ရှိခဲ့သည်ဟု ဆိုသည်။ မဲရုံမှူးအဖြစ် သံရုံးဝန်ထမ်း တာဝန်ခံများကို လက်မှတ်ရေးထိုးခွင့်မပေးကြောင်းကိုလည်း မြန်မာရွေးကောက်ပွဲကော်မရှင်က ပြန်ကြားခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 


အောက်တိုဘာ ၁၅ မှ စတင်သည့် ပြည်ပရောက် မြန်မာများ၏ ကြိုတင်မဲပေးခြင်း အစီအစဉ်များမှာ တောင်ကိုရီးယားသာမက အခြား စင်္ကာပူ၊ ဂျပန်၊ လန်ဒန်၊ နယူးယောက်စသည့် နိုင်ငံ၊ မြိ့ကြီးများတွင်လည်း အဆင်ပြေချောမွေ့မှု မရှိကြောင်း မီဒီယာများက သတင်း ပို့လျက်ရှိသည်။ ကြိုတင်မဲပေးမှု အလွတ်တန်း ဆန္ဒကောက်ယူသူများ၏ အဆိုအရ ကြိုတင်မဲ ရာခိုင်နှုန်းအတော်များများက NLD ကိုသာ ပေးခဲ့သည်ဟု ကောက်ယူသိရှိရကြောင်း ပြောကြားကြသည်။