လှကျော်ဇော - ဖေဖေနှင့် ရွေးကောက်ပွဲ

၁၉၆၀ ရွေးကောက်ပွဲဝင်စဉ်က မဲပုံးတွင် သုံးခဲ့သည့် ပုံ
လှကျော်ဇော - ဖေဖေနှင့် ရွေးကောက်ပွဲ
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၅

အခုတလော ရွေးကောက်ပွဲနီးလာလေလေ ဘယ်စာစောင်ဖတ်ဖတ် ဘယ်သတင်းဌာန နားထောင် နားထောင် ရာသီစာ ဖြစ်နေ တဲ့ရွေးကောက်ပွဲအကြောင်း အမျိုးမျိုး မရိုးရအောင် ကြားနေ ဖတ်နေရပါတယ်။ ဒီတော့ ကျွန်မ ငယ်ငယ်က ကြုံခဲ့ဘူး တဲ့ ၁၉၆၀ ခုနှစ်က ရွေးကောက်ပွဲအကြောင်း သတိရလာပြီး ပြန်ပြောပြခြင်လာပါတယ်။

ဗမာပြည်လွတ်လပ်ရေးရပြီးနောက် အာဏာရရှိလာခဲ့တဲ့ ဖဆပလအဖွဲ့ချုပ်ကြီးဟာ ဦးနုက နှစ်ပေါင်း (၄၀) တည်တန့်စေရ မယ်လို့ အာဘောင်အာရင်းသန်သန်နဲ့ ဂတိပေးခဲ့ပေမယ့် ၁၉၅၈ ခုနှစ်-- လွတ်လပ်ရေးကြီးရအပြီး (၁၀) နှစ်အကြာမှာ - သန့် ရှင်း တည်မြဲဆိုပြီး နှစ်ဖွဲ့ကွဲသွားပါတယ်။ ဒါကိုအကြောင်းပြပြီး စစ်တပ်က အာဏာကိုလွှဲပြောင်းယူခဲ့ပြီး (တကယ်တော့ စစ် တပ်က အာဏာသိမ်းတာပါ။) အိမ်စောင့်အစိုးရ ဖွဲ့ခဲ့ပါတယ်။ အဲဒီအိမ်စောင့်အစိုးရက ၁၉၆၀ ခုနှစ် ဖေဖေါ်ဝါရီလမှာ ရွေး ကောက်ပွဲကျင်းပပေးခဲ့ပါတယ်။

အဲဒီတုန်းက ကျွန်မတို့က စမ်းချောင်းဆီဆုံလမ်းအိမ်မှာပါ။ ဖေဖေက တပ်ကပင်စင်ယူရပြီးနောက် ဆရာကြီးမှိုင်းရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့နဲ့ပူးပေါင်းလှုပ်ရှားဘို့စီစဉ်နေပါတယ်။ဒါပေမဲ့ အိမ်စောင့်အစိုးရတက်လာပြီး နိုင်ငံရေးအခြေအနေတွေ ရှုပ်ထွေးလာလို့ အဲဒီ “ပြည်တွင်းငြိမ်းချမ်းရေးရှစ်ဦးကော်မတီ”ဆိုတာကို ဖျက်သိမ်းပစ်လိုက်ရပါတယ်။

၁၉၆၀ ခုနှစ်ရွေးကောက်ပွဲမှာ ဖေဖေက တသီးပုဂ္ဂလအမတ်လောင်းအဖြစ် ကျွန်မတို့နေထိုင်နေတဲ့ ကြည့်မြင်တိုင်တောင်ပိုင်း မဲဆန္ဒနယ်က ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ သန့်ရှင်း ဖဆပလက သခင်စံဝေ၊ တည်မြဲက ရဲဘော် ၃ ကျိပ်ဝင် ဗိုလ်စင်္ကြာ နောက် တသီးပုဂ္ဂလ ဦးအောင်သန်း (ဗိုလ်ချုပ်အစ်ကို) တို့နဲ့ ယှဉ်ပြိုင်ရတာပါ။ ပမညတခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်သန်း တသီးပုဂ္ဂလဖြစ်သွားရတဲ့အကြောင်းကတော့--ပမညတကရွေးကောက်ပွဲမှာ မဲမကွဲစေခြင်လို့ တချို့သူတို့နဲ့ရည်ရွယ်ချက်ခြင်းမကွာလှတဲ့ လူပုဂ္ဂိုလ်တချို့နဲ့ သူတို့အဖွဲ့ဝင်တွေ ၀င်မပြိုင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီလိုလူမျိုးတွေထဲမှာ ဖေဖေတို့ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် (ရွေးကောက်ပွဲမ၀င်ပါ) တို့ပါပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ဦးအောင်သန်းက သဘောမတူလို့ ပမညတ ကနုတ်ထွက်ပြီး တသီးပုဂ္ဂလအဖြစ် ၀င်အရွေးခံတာပါ။

အစပိုင်းက မဲဆွယ်တရားပွဲတွေမှာ ဖေဖေက တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွေ-တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေ စတဲ့ သူအနိုင်ရယင် လုပ်ဆောင်မဲ့လုပ်ငန်းတွေအကြောင်းတွေဘဲ ဟောပြောတဲ့အတွက် လူတွေကသိပ်မကြိုက်ကြပါဘူး။ဟောပြောပွဲလာကြသူများဟာ ချောက်တီးချောက်ချက်ပါဘဲ။နောက်မှဖေဖေရွေးကောက်ပွဲကူညီရေးအဖွဲ့ဝင်များက တခြားအမတ်လောင်းများရဲ့ဟောပြောပွဲများကိုသွားနားထောင်ကြပြီး နိုင်ငံရေးအရ--ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နေတာတွေကို ဖေဖေကို ပြန်ပြောပြပြီး ပြန်ဖြေရှင်းဘို့တိုက်တွန်းကြပါတယ်။

ဒီလိုနဲ့ဖေဖေ့မဲဆွယ်ပွဲတွေမှာလည်း နိုင်ငံရေးအရရော ပုဂ္ဂိုလ်ရေးအရပါ ပြောဆိုမှုတွေ ပါလာပါတော့တယ်။ အထူးသဖြင့် တည်မြဲဖဆပလ (ဆိုရှယ်လစ်များ) အကြောင်းတွေဟောပြောရာမှာ လူတွေအသိနည်းတဲ့ အတွင်းရေးတွေပါလာလို့ ဖေဖေ့ မဲဆွယ်ပွဲတွေ လူကြိုက်များ ပွဲစည်လာပါတော့တယ်။ အိမ်နားမှာလုပ်တဲ့ဟောပြောပွဲများ (ဥပမာ--စမ်းချောင်း မြသိန်းတန် ဓမ္မာရုံမှာ) ပြီးယင်  ဖေဖေကို လူအုပ်ကြီးက တရုန်းရုန်းနဲ့ အိမ်အထိလိုက်ပို့ပေးကြပါတယ်။

ဖေဖေအတွက် ရွေးကောက်ပွဲကူညီရေးအဖွဲ့တွေလည်း အများကြီးရှိပါတယ်။ ဖေဖေနဲ့ တပ်မတော်တွင်းတုန်းက တာဝန် အတူထမ်းဆောင်ခဲ့ဘူးကြတဲ့ စစ်ပြန်ရဲဘော်ဟောင်းတွေ တောတွင်းကပုံစံအမျိုးမျိုးနဲ့ပြန်ရောက်လာသူတွေ အဲဒီမဲဆန္ဒနယ် က  ရပ်ကွက်အသီးသီးမှာရှိကြတဲ့ ဖေဖေကို ပုဂ္ဂိုလ်အရ လေးစားကြည်ညိုသူတွေ အလုံဘက်မှာရှိတဲ့ ကရင်တိုင်းရင်းသား ခေါင်းဆောင်တွေ (အဲဒီ-ကရင်ခေါင်းဆောင်တွေပါလာတာကို ဖေဖေ့က နိုင်ငံရေးအရ အလွန်တန်ဖိုးထားပါတယ်။ ဖေဖေကိုနိုင်ငံရေးအရတိုက်ခိုက်ကြရာမှာ ၁၉၄၂ ခုနှစ် ဘီ-အိုင်-အေကာလက မြောင်းမြမှာဖြစ်ခဲ့တဲ့ ကရင်အရေးအခင်းက ထိပ်ဆုံး က ပါတတ်ပါတယ်။ ဒီကိစ္စကို ဖေဖေကတိုက်ရိုက်ဖြေရှင်းစရာမလိုဘဲ သူတို့ကရင်အမျိုးသားအချင်းချင်းပြောဆိုဖြေရှင်းတာ တွေ လာကူညီလုပ်ဆောင်ပေးကြပါတယ်။ အဲဒီကရင်ခေါင်းဆောင်တွေဟာ ဖေဖေရဲ့နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုတွေ-ဥပမာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း--မှာလည်း တက်တက်ကြွကြွနဲ့ ဖေဖေ့ကိုဝိုင်းရံခဲ့ကြပါတယ်။) အဲဒီတုန်းကတရားဝင် ရှိဆဲဖြစ်တဲ့ ကျောင်းသားသဂ္ဂနဲ့ တကက္ကသိုလ်ကကျောင်းသားအဖွဲ့အမျိုးမျိုး (ပြည်နယ်အလိုက် မြို့နယ်အလိုက်ဖွဲ့ထားတဲ့အဖွဲ့တွေရှိပါတယ်) စသဖြင့် လူစုံပါပါတယ်။ နိုင်ငံရေးနယ်ပယ်က (အထူးသဖြင့် လက်ဝဲဘက်ယိမ်းသူများ) အဖွဲ့အစည်း တွေကလည်း တတပ်တအားပါဝင်ကြပါတယ်။ လူအားနဲ့ကူညီနိုင်သူက လူအားထုတ်၊ ငွေအားတတ်နိုင်သူများက ငွေထုတ်နဲ့ အတော့်ကို တက်ညီလက်ညီရှိခဲ့ကြပါတယ်။

ဖေဖေကသူ့ရွေးကောက်ပွဲမှာ ကူညီခဲ့သူများအားလုံးကို (သူကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်မှာ) မှာ သတိတရနဲ့ ကျေးဇူးစ ကား ဆိုခဲ့ပါတယ်။

မဲဆွယ်တရားပွဲတွေမစခင် တီးဝိုင်းတွေကလည်း လာကူညီ ဧည့်ခံတီးမှုတ်သီဆိုတာတွေလည်း ရှိပါတယ်။ အဆိုတော် မောင်မောင်ညွန့်တို့ ကိုသန်းလှိုင်တို့ မာမာအေးတို့ လာသီချင်းဆိုပေးကြပါတယ်။ သင်္ကြန်တွင်း အလှပြယဉ်တွေလို ကားတွေ မှာ ဖေဖေ့ပုံပန်းချီကားတွေချိတ်ပြီး လှည့်လည်သီချင်းဆိုမဲဆွယ်တာတွေလည်း လုပ်ပါတယ်။ ရွေးကောက်ပွဲနေ့မှာလည်း ရပ်ကွက်အလိုက် အဆိုအက အတီးအဖွဲ့တွေထွက်ကူတာတွေလည်းရှိပါတယ်။ (၁၉၇၆ ခုနှစ် ကျွန်မတို့သားအဖတတွေ တောထဲရောက်တော့ (အခု လက်နက်ချသွားပြီဖြစ်တဲ့- ၇၅ဗဟိုကော်မတီဝင်) စိုင်းအောင်ဝင်းက ဖေဖေကို လာနှုတ်ဆက် မိတ်ဆက်ရာမှာ သူဖေဖေ့ရွေးကောက်ပွဲနေ့မှာ ရှမ်းပြည်နယ်ကျောင်းသားများအဖွဲ့ကလာကူညီခဲ့တဲ့ ရှမ်းအိုးစည်အဖွဲ့မှာ ပါလာခဲ့ကြောင်းပြောပြခဲ့ဘူးပါတယ်။)

ထည့်ပြောစရာမလိုပေမဲ့ ပြောတော့ပြရအုံးမယ်။ အဲဒီအဖွဲ့အသီးသီးထဲမှာ ထောက်လှမ်းရေးတွေကတော့ ပုံသဏ္ဍန်မျိုးစုံနဲ့ ပါလာကြတာလည်းတွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီလူတွေကို ခနလေးအတွင်းမှာဘဲ ရိပ်မိ သိရှိ လာပါတယ်။ ဖေဖေကိုယ်တိုင်က အကင်းပါးတာလည်းပါတယ်။ ပြည်သူတွေရဲ့သတင်းပေးမှုတွေလည်းရှိပါတယ်။ တချို့ပြည်သူတွေက သူတို့သိတဲ့အချက် တွေကို ဖေဖေကိုကပ်ပြောလိုက်တာ ဖေဖေ့အနီးကပ်ကင်းတွေအဖြစ် လိုက်ကြတဲ့လူတွေအိတ်ကပ်ထဲစာရေးထည့်ပေး လိုက် တာ--စတာ စတာတွေကြောင့်ပါ။ (နောက်ပိုင်း ဆရာကြီးမှိုင်းဈာပန-ဂူဗိမာန်တည်ဆောက်ရေး စတဲ့ကာလတွေမှာလည်း အလားတူအဖြစ်မျိုးတွေတွေ့ရှိခဲ့ရပါတယ်။)

အဲဒီရွေးကောက်ပွဲမှာ ဖေဖေ ရှုံးသွားပြီး သန့်ရှင်းဖဆပလက သခင်စံဝေ နိုင်သွားပါတယ်။

ဖေဖေက သူရွေးကောက်ပွဲ ရှုံးနိမ့်ရတာနဲ့ပတ်သက်ပြီး သူဟာသူနိဂုံးချုပ်ထားတာ သူ့ကိုယ်တိုင်ရေးစာအုပ်မှာ ပြည့်ပြည့်စုံစုံ  ရေးထားတာရှိပါတယ်။တချို့ကိစ္စတွေဟာ  ဒီကာလအခြေအနေနဲ့လည်း  အနည်းငယ်ဆင်တူနေတဲ့အတွက် အဲဒီခေတ်မမှီ သူများ (အခုကျင်းပမဲ့ရွေးကောက်ပွဲမှာသတိထားနိုင်ဖို့) သိရှိနိုင်ဘို့ ကျွန်မ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

----“ကျွန်တော်တို့ဗမာပြည်သူများသည် နိုင်ငံရေးအရ အလွန်လက်တွေ့ကျစွာ စဉ်းစားတတ်သူများ ဖြစ်ပါသည်။ သူတို့ ၏အမြင်တွင် တည်မြဲဖဆပလ (ဆိုရှယ်လစ်များ) အပေါ် အတော်ပြတ်သားစွာမြင်ထားပြီး ဖြစ်ပါသည်။ ရရှိလာသည့် နိုင်ငံ ရေးအာဏာကို စစ်တပ်နှင့်ပေါင်းပြီး ကိုယ်ကျိုးစီးပွားလုပ်မည့်သူများ ပြည်သူလူထု အများစုကို နင်းဖိထားမည့်သူများအဖြစ် (လက်တွေ့အရ) သိမြင်ထားပြီးဖြစ်သည်။”—

----“၁၉၅၈ ခုနှစ် ဇွန်လ (၉) ရက်နေ့က တည်မြဲဖဆပလက လွှတ်တော်တွင် သန့်ရှင်းဖဆပလကို အယုံအကြည်မရှိ အဆို တင်သွင်းပြီး မဲခွဲခဲ့စဉ်က သန့်ရှင်းများဘက်က အသာမဲ ရှစ်မဲလေးဖြင့်သာ အနိုင်ရသွားခဲ့ဖူးပါသည်။ ထိုနေ့က လွှတ်တော်တွင်း အခြေအနေများကို ရေဒီယိုမှ တိုက်ရိုက်အသံလွှင့်ပေးရာ တနိုင်ငံလုံး ရင်တမမဖြင့် နေခဲ့ရသည်ကို တိုင်းသူပြည်သားများက မမေ့နိုင်သေးပါ။ အိမ်စောင့်အစိုးရလက်ထက်တွင်လည်း စစ်ဗိုလ်များ၏ မတရားရမ်းကားမှုကို အမျိုးမျိုးခံခဲ့ရသည့် အဖြစ် သနစ်များကလည်း ရှိနေပါသည်။ ပြည်တွင်းစစ်ကြီးအတွင်းအထူးသဖြင့် တိုင်းရင်းသားဒေသများနှင့် နယ်များတွင်စစ်တပ်၏လုပ်ရပ်များကို၎င်း ပြူစောထီး လဲဗီး စသည့် စစ်တပ်လက်ကိုင်တုတ်များ၏ နှိပ်စက်မှုများကို၎င်း ရွေးကောက်ပွဲပြင်ဆင်ချိန်ကာလများအတွင်း ဒီမိုကရေစီတစုံတရာ ဖွင့်ပေးထားရချိန်တွင် ပြည်သူအများသိရှိအောင် ပြောဆိုသူများ ရေးသားသူများပေါ် ပေါက်ခဲ့ပါသည်။ ထိုကြောင့်ပင် ပြည်သူလူထုက စစ်တပ်၏ထောက်ခံမှုရနေသည်ဟုထင်ရသော တည်မြဲကို အပြတ်ဖယ် ရှားပစ်လိုက်ပြီး သန့်ရှင်းကိုပုံအောပြီး အသည်းကြားက မဲပြားများကို ပေးပစ်လိုက်ခြင်းဖြစ်သည်။တနိုင်ငံလုံးဝါထိန်သွားပါတော့သည်။(သန့်ရှင်း၏ အရောင်မှာ အ၀ါရောင်ဖြစ်ပါသည်။)” -----

----“ကျွန်တော်ရွေးကောက်ပွဲ ရှုံးရသည့်အဓိကအကြောင်းရင်းမှာ ဤပြည်သူလူထု၏ သန့်ရှင်းဖဆပလများအပေါ် အားကိုး အားထား ပုံအောလိုမှု စိတ်ဓာတ်အခြေခံကြောင့်ဖြစ်ပါသည်။”----

----“အခြားအကြောင်းအသေးအမွှားများလည်းရှိပါသေးသည်။ ဥပမာ တည်မြဲအမတ်လောင်း ဗိုလ်စင်္ကြာအတွက် အရန်ထား သောမဲများကို မိမိတို့မနိုင်တော့မှန်းသိလာတဲ့ ညနေပိုင်းတွင် သန့်ရှင်းအမတ်ပုံးထဲပဲ ထည့်ပေးလိုက်မှု သန့်ရှင်းများဘက်က မဲဆွယ်ဟောပြောပွဲများတွင် မိမိတို့က အစိုးရဖွဲ့ဖို့သာအရေးကြီးကြောင်း မိမိတို့အစိုးရဖြစ်လာလျှင် ဗိုလ်ကျော်ဇောကို ပစ် ထားမှာမဟုတ်ကြောင်း စသဖြင့်ဟောပြောမှုများ ကျွန်တော်၏မဲပုံးတွင် ကျွန်တော်စစ်ဝတ်နှင့်ရိုက်ထားသော ဓာတ်ပုံကို ကပ်ထားခြင်း (တချို့ကစစ်ဆိုလျှင် ရေတောင်စစ်မသောက်လိုပါဟုပြောဆိုနေသောအချိန်) စသည်များဖြစ်ပါသည်။”------

-----“တကယ်တော့ထိုရွေးကောက်ပွဲမှာ ပြည်သူလူထု၏ “အသံမထွက်သောတော်လှန်ရေးတရပ်” သာဖြစ်ခဲ့ပါတော့သည်။ထိုရွေးကောက်ပွဲဖြင့် ကျွန်တော်တို့ဗမာပြည်သူများက စစ်တပ်ကို ပထမဦးဆုံးအကြိမ် နိုင်ငံရေးအရဖယ်ချလိုက်ခြင်းဖြစ်ပါသည်။”---- (ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော - ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပေါင်းချုပ် - ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့--နှာ ၂၀၁-၂၀၂)။

ဒီလိုနဲ့ ၁၉၆၀ ခုနှစ်ရွေးကောက်ပွဲမှာဦးနုရဲ့သန့်ရှင်းဖဆပလ (ပထစ) အနိုင်ရပြီး အစိုးရဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဦးနုအနေနဲ့ နိုင်ငံရေးသမားများအကြား အကွဲကွဲအပြဲပြဲဖြစ်မှုများကြောင့်ရော ပြည်တွင်းစစ်ရှည်ကြာနေမှုကြောင့်ရော  စစ်တပ်အင်အား ကြီး လာတာကို သင်ခန်းစာယူပြီး အခြင်းခြင်းအကြားစေ့စပ် ဖို့ကြိုးစာပေမဲ့ သူ့ပထစထဲမှာကိုထပ်ပြီး ဦး သခင် ဗိုလ်ဂိုဏ်းဆိုပြီး ထပ်ကြွဲပဲပါတော့တယ်။ အပြန်အလှန်အပုပ်ချမှုတွေကြောင့် နိုင်ငံရေးသမားတွေ ဂုဏ်သိက္ခာတွေကျဆင်းသထက် ကျဆင်း လာပါတယ်။

ဒီမှာတင် အကွက်ချောင်းနေတဲ့စစ်တပ်က ၁၉၆၂ မတ်လ (၂) ရက်နေ့မှာ စစ်အာဏာသိမ်းလိုက်ပါတော့တယ်။ ဒါကြောင့်မို့ ထင်ပါရဲ့။ ဖေဖေက သူနောက်ဆုံးအချိန်ကာလများအတွင်း တွေ့ဆုံမေးမြန်းခန်းတချို့မှာ--- “ဒီမိုကရေစီအလင်းရောင် အောက်မှာ မနေနိုင်သူများဟာ ဒီမိုကရေစီမပေးပါဘူး”--တဲ့။

လှကျော်ဇော။
၁၀-၁၀-၂၀၁၅။
ဖေဖေကွယ်လွန်ခြင်း (၃) နှစ်မြောက်နေ့ အမှတ်တရ။

ကျွန်မဆက်၍ရေးခြင်သောဖေဖေ့အကြောင်းများ - ဆောင်းပါးအမှတ် (၃၇)။