တူမောင်ညို - ကာချုပ်က “ဘယ်ပါတီကို မဲထည့်” လို့ ဗြောင်ပြောနိုင်တဲ့ စနစ်ကို စစ်အာဏာရှင်စနစ် လို့ ခေါ်တယ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သမ္မတကြီး သိန်းစိန်၊ နိုဝင်ဘာ ၁၊ (ဗိုလ်ချုပ်မှူးကြီး ဖေ့စ်ဘွတ်) |
တူမောင်ညို - ကာချုပ်က “ဘယ်ပါတီကို မဲထည့်” လို့ ဗြောင်ပြောနိုင်တဲ့ စနစ်ကို စစ်အာဏာရှင်စနစ် လို့ ခေါ်တယ်
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၅
လွတ်လပ်ရေးရပြီးနောက် ဗမာပြည်နိုင်ငံရေးမှာ စစ်တပ်ပါတီကို မဲထည့်ဖို့ ၃ ကြိမ် ၃ ခါ ဗြောင်မဲဆွယ်စကား ပြောတဲ့ ကာချုပ် အဖြစ် ဗိုလ်မင်းအောင်လှိုင်ကိုပဲ စာရင်းတို့ရလိမ့်မယ်လို့ ထင်ပါတယ်။ ရွေးကောက်ပွဲကလည်း ရက်ပိုင်းပဲလိုတော့တယ်ဆိုတော့ ဒီကြား ထဲမှာလည်း နောက်တစ်ကြိမ် ထပ်ပြောချင်ပြောနိုင်သေးတယ်။
ကာချုပ် ပြောကြားချက်တွေက ရွေးကောက်ပွဲ နီးလာတာနဲ့မျှ တစ်ကြိမ်ထက် တစ်ကြိမ်ပိုပြီးတိကျလာတယ်။
ပထမအကြိမ်
၂၀၁၅ စက်တင်ဘာ ၁၈ ရက် (စစ်တပ်အာဏာသိမ်းတဲ့နေ့) “စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာညှိနှိုင်းအစည်းအဝေး” မှာ ပြောခဲ့တာပါ။
ထိုစဉ်က “ဆန္ဒမဲပေးမှုနဲ့ ပတ်သက်ပြီးတပ်မတော်၏ရပ်တည်ချက်မူဝါဒ” လို့ အစချီခဲ့တာဖြစ်တဲ့အတွက် စစ်တပ်တစ်ခုလုံး (ကြည်း/ရေ/လေ) တိတိကျကျ လိုက်နာရမယ်ဆိုတာ သိပ်ရှင်းပါတယ်။ ဒီတုန်းကတော့ “ဖြစ်စေလိုကြောင်း” ဆိုပြီး သုံးသွားပါတယ်။ ဘယ်လိုလူ/ ဘယ်ပါတီကို မဲထည့်ရမလဲဆိုတာတွေနဲ့ပတ်သက်လို့ သူချပြသွားတဲ့အချက်တွေက ဒီလိုဖြစ်ပါတယ်။
မိမိနိုင်ငံမိမိဒေသအတွက် ကောင်းအောင်ဆောင်ရွက်နိုင်သူ
ဒို့တာဝန်အရေးသုံးပါးအား သိရှိနားလည်းစောင့်ထိန်းနိုင်သူ
နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအမြင်လေးမြင်ရှိသူ
တပ်မတော်အပေါ်နားလည်စာနာမှုရှိသူ “ဖြစ်စေလိုကြောင်း”
ဒုတိယအကြိမ်
၂၀၁၅ အောက်တိုဘာ ၂၀ ရက်
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC) မှာပြောခဲ့တာပါ။
ဒုတိယအကြိမ်ပြောတာကတော့ ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက်နဲ့ အချိန်ကာလအားဖြင့်လည်း နီးကပ်လာပြီမဟုတ်လား၊ ဒီတော့ ပထမအကြိမ်ပြောဆိုထားတဲ့အချက်အလက်တွေထက် အချက်အချို့ ထပ်ဖြည့်လာပါတယ်။ ဒီလိုထပ်မံဖြည့်စွက်လိုက်တဲ့ အချက် အလက်တွေက ဘယ်လိုလူ/ဘယ်ပါတီကို မဲထည့်ရမလဲဆိုတဲ့အချက်က ပိုပြီးတိကျရှင်းလင်းသွားတယ်။ စကားလုံးအသုံး အနှုန်းတွေ လည်း တိကျအောင်ပြောင်းလဲ သွားတာတွေ့ရပါလိမ့်မယ်။
ပထမတစ်ကြိမ်တုန်းကလို “ဖြစ်စေလိုကြောင်း” ဆိုတဲ့ အီစီကလီပြောနည်း မဟုတ်တော့ဘဲ၊
“စဉ်းစား ရွေးချယ်ရန် အကြံပြု လိုကြောင်း” လို့ စကားလုံးတွေပြောင်းလဲ သုံးစွဲလာတဲ့အတွက် ပထမအကြိမ်ထက် အမိန့်ညွန်ကြားချက် ပိုပြီးဆန်လာပါတယ်။ စစ်တပ် တစ်တပ်လုံးရဲ့ထိပ်သီး၊ ကာချုပ်ရဲ့အကြံပြုချက်ကို ဘယ်သူက လွန်ဆန်ဝံ့မှာတုန်း။ ကာချုပ်ပေးတဲ့ အမိန့်အတိုင်းမဲပေးကြရမှာပေါ့။
ဖြည့်စွက်လိုက်တော့ ဟောဒီလိုဖြစ်သွားပါတယ်။
နိုင်ငံနှင့်ဒေသကိုအကျိုးပြုမည့်သူ
နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအမြင် ၄ မြင်ရှိသူ
ဒို့တာဝန်အရေးသုံးပါးအားကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူ
တပ်မတော်အပေါ်စာနာနားလည်မှုရှိသူ
အမျိုးဘာသာ သာသနာကို မှန်မှန်ကန်ကန်နှင့်စနစ်တကျထိန်းသိမ်းနိုင်သူ
ပြည်ပအဖွဲ့အစည်း၊ နိုင်ငံခြားသားများ၏ တစ်နည်းနည်းအားဖြင့်လွှမ်းမိုးမှုမရှိသူများကို “စဉ်းစားရွေးချယ်ရန် အကြံပြု လိုကြောင်း
တတိယအကြိမ်
၂၀၁၅ နိုဝင်ဘာ ၃ ရက် (ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာလိုတော့အချိန်)
ရခိုင်ပြည်နယ်၊ စစ်တွေတပ်နယ်၊ ဗန္ဒုလခန်းမမှာပြောခဲ့တာပါ။ သမ္မတကြီးနဲ့ကာချုပ် အတူတူသွားကြတဲ့ မဲဆွယ်ခရီးစဉ်တစ်ခု လည်း ဖြစ်ပါတယ်။
ရွေးကောက်ပွဲရက်ပိုနီးလာပြီမဟုတ်ပါလား။သံတမန်ဆန်ဆန်တွေအရိပ်ပြအကောင်ထင်တွေပြောနေလို့ မဖြစ်တော့ဘူး။ ပထမ အကြိမ်၊ ဒုတိယအကြိမ်တွေမှာလို ဘယ်လိုလူဘယ်လိုပါတီတွေကို မဲထည့်လို့မပြောတော့ဘူး။ ဒီမှာတော့ ဘယ်လိုလူ/ ဘယ်ပါတီကို မဲ မထည့်နဲ့လို့ တိတိကျကျပြောတာဖြစ်တယ်။ မဲမထည့်ရမယ့် လူနဲ့ပါတီဆိုတာ ဘယ်လိုလူ/ ဘယ်လိုပါတီ ဆိုတာ စစ်တပ်ထဲမှာ အကြိမ်ကြိမ် ရိုက်သွင်းထားပြီးသားဖြစ်လိမ့်မယ်။
ဘယ်သူနဲ့ဘယ်ပါတီကိုမဲမထည့်ရဘူးလို့ရှင်းလင်းသွားအောင်ခွဲခြားပြတဲ့ အဓိကအချက်ကတော့ ဟိုးအောက်ဆုံးက အချက်ပဲ ဖြစ်ပါတယ်။
- နိုင်ငံနဲ့ဒေသကို ဖွံ့ဖြိုးအောင်လုပ်မည့်သူ
- ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မည့်သူ
- တပ်မတော်အပေါ်နားလည်မှုရှိသူ
- အမြင်လေးမြင်ရှိသူ
- အမျိုးဘာသာသာသနာနှင့်ပတ်သက်ပြီး မှန်မှန်ကန်ကန်နှင့်စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်သူ
- နိုင်ငံခြားသား၊ နိုင်ငံခြားတိုင်းပြည် အဖွဲ့အစည်းတစ်ခုခုဖြင့် ဆက်သွယ်မှုမရှိသူ၊ လွှမ်းမိုးမှုမရှိသူဖြစ်ရန်လိုကြောင်း
စစ်အုပ်စုဟာ စစ်တပ်ကြီးကို ခါးပိုက်ဆောင်တပ်သဖွယ် တစ်လက်ကိုင်လုပ် ဂုပ်ခွစီးထားနိုင်တဲ့အတွက် အခြေခံဥပဒေကို ဖျက် ဆီးပစ်နိုင်တယ် (၁၉၄၇ အခြေခံဥပဒေ)။ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပစ်နိုင်တယ် (၁၉၉၀ ရွေးကောက်ပွဲရလဒ်)။ သူတို့စိတ်ကြိုက် အခြေခံဥပဒေရေးဆွဲနိုင်တယ်/ အတည်ပြုနိုင်တယ်(၂၀၀၈အခြေခံဥပဒေ)။ သူတို့စိတ်ကြိုက် ရွေးကောက်ပွဲရလဒ်ဖြစ်တယ်ဆိုရင် လည်း အတည်ပြုနိုင်တယ် (၂၀၁၀ နိုဝင်ဘာ ၇ ရွေးကောက်ပွဲရလဒ်)။
ဒါတွေအပြင် စစ်အုပ်စုစိတ်ကြိုက်ရေးထား “၂၀၀၈ အခြေခံဥပဒေ” ထဲမှာ လွှတ်တော်ဖွဲ့စည်းရာမှာ၊ အစိုးရဖွဲ့စည်းရာမှာ၊ ကာလုံဖွဲ့စည်းရာမှာ၊ စစ်တပ်တစ်တပ်လုံးကို လိုသလိုစီမံနိုင်အောင်၊“ဥပဒေနဲ့အညီ”စစ်တပ်က အချိန်မရွေးအာဏာသိမ်းနိုင်အောင် အခွင့် အရေးမျိုးစုံ ထည့်သွင်းရေးထားပါတယ်။ ဒါ့အပြင် ဒီလိုစိတ်ကြိုက်ရေးသားထားတဲ့ အခွင့်အရေးတွေကို (စစ်အုပ်စုနဲ့ စစ်တပ်က လက်မခံဘဲ) ပြောင်းလို့/ ပြင်လို့မရအောင် ချုပ်ကိုင်ထားနိုင်အောင် ဘက်စုံဒေါင့်စုံ အကွက်ချပြီး ထည့်သွင်း ရေးသားထားပါသေးတယ်။
ဒီအချက်တွေကနေ အခုလိုပြောနိုင်ပါတယ်၊ စစ်တပ်ပါတီကို မဲထည့်ဖို့ ကာချုပ်က ဗြောင်အမိန့်ပေးနိုင်ပါတယ်။
“ဘယ်လိုလူ/ဘယ်ပါတီကို မဲထည့်ကြဟေ့”လို့ ကာချုပ်ကဗြောင်ပြောနိုင်တဲ့စနစ်ကို “စစ်အာဏာရှင်စနစ်” လို့ မခေါ်ရင်တခြား ဘယ်လိုခေါ်ချင်ကြသေးလို့လဲ။
သမ္မတ၊ ကာချုပ်တို့က မဲဆွယ်/မဲထည့်လို့ ဗြောင်ပြောနိုင်တဲ့စနစ်၊ ရွေးကောက်ပွဲကော်မရှင်က စိတ်ကြိုက်ညစ်ကွက်ညစ်လုံး နည်းပေါင်းစုံ လုပ်ကြံဖန်တီးနိုင်တဲ့စနစ်၊ အစိုးရပိုင်သတင်းစာတွေကနေ မဲဆွယ်ရေးသားနိုင်တဲ့စနစ်၊ ရာဇဝတ်အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အတိုက်အခံပါတီတွေကို အကြမ်းဖက်ရန်ပြုစေနိုင်တဲ့စနစ် ---- ဒီလိုစနစ်ဆိုး - စနစ်ညစ် - စနစ်ယုတ် ကို စစ်အာဏာရှင်စနစ်လို့မခေါ်ရင်ဘယ်လိုခေါ်မလဲ။
“စနစ်ပြောင်းမယ်” ဆိုတဲ့ပါတီဟာ ဒီစနစ်ကိုပြောင်းရမှာပါ။ ပုပ်သိုးနေတဲ့ စနစ်ဟောင်း (ဝါ) စစ်အာဏာရှင်စနစ်ကို အသည်း ကြားက မဲ ၃ ပြား (အချို့ဒေသမှာ ၄ ပြား) နဲ့ အမှန်တကယ် ပြောင်းနိုင်/မပြောင်းနိုင် ဆိုတာ မကြာခင်အဖြေပေါ်လိမ့်မယ်။
ညွန်း-
ကြေးမုံသတင်းစာ (၁၉-၉-၂၀၁၅) စာမျက်နှာ ၇
ကြေးမုံသတင်းစာ (၂၁-၁၀-၂၀၁၅) စာမျက်နှာ ၅
ကြေးမုံသတင်းစာ (၄-၁၁-၂၀၁၅) စာမျက်နှာ ၃