ဆောင်းယွန်းလ - ဆိုတော့ကာ...ဘာဘာ ဘာမှမသိချင်ဘူး

  ဆောင်းယွန်းလ - ဆိုတော့ကာ...ဘာဘာ ဘာမှမသိချင်ဘူး
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၅

ဘာဘာ ညာညာ လုပ်ပေးမယ်ဆိုတာ
ဘာဆိုဘာမှ မလုပ်ရသေးလို့
ညာနေတဲ့ စကားလုံးတွေပဲ...

ဆိုတော့ကာ....ဘာဘာ ဘာမှမသိချင်ဘူး...

ကံကြမ္မာကောင်းဖို့အတွက်
အလေးသာတဲ့ဖက်မှာ
သံသရာကို တစောင်းထိုင်ရင်း
ဝင်သက် ထွက်သက် ရှုမှတ်မတဲ့လား...

ဆိုတော့ကာ....ဘာဘာ ဘာမှမသိချင်ဘူး...

လည်နေတဲ့ ကမ္ဘာကိုချုပ်ထိမ်းဖို့
ယာယီဖြုတ်သိမ်းထားတဲ့ ကျည်ဆန်တွေက
ရင်ဝကို အချက်ကျကျ လာမှန်နေတယ်...

ဆိုတော့ကာ...ဘာဘာ ဘာမှမသိချင်ဘူး...

ဆီပေးတိုင်း ဆန်မဖြစ်သလို
ဆေးပေးတိုင်းလည်း ဆားမဖြစ်ပြန်ဘူး
ပဲပေးရုံနဲ့ မဲပေးရမတဲ့လား
ဆန် ဆီ ဆေး ဆား
အားလုံးရှားပါးနေတဲ့ ခေတ်ကြီးထဲမှာ
အမှန်တရားက
အားလုံးသော အားလုံးထက် ရှားပြီး ပါးနေပြန်တယ်....

ဆိုတော့ကာ... ဘာဘာ ဘာမှမသိချင်ဘူး...

အိမ်မပိုင်ပဲ လုပ်ချင်တဲ့ ဂေါ်လီတွေနဲ့
ကိုယ်ပိုင်စတိုင်မရှိပဲ တိုင်ပတ်နေတဲ့ တော်ကီတွေ
တော်ပါပြီ......
မျက်စိနောက်ပြီး နားငြီးတယ်....

ဆိုတော့ကာ..ဘာဘာ ဘာမှမသိချင်ဘူး..

အမျိုးကိုစောင့်တဲ့ ဥပဒေနဲ့ မသိချင်သလို
ဥပဒေကိုစောင့်တဲ့ အမျိုးနဲ့လည်း အမျိုးမတော်ချင်ဘူး
ခေတ်ကြီးက
တရားကိုစောင့်တဲ့ နတ်တွေ
တရေးတမောနှပ်နေတဲ့ ခေတ်ကြီးပဲ
နတ်ကို စောင့်တဲ့တရားတွေ
ထာဝရအနားယူထားတဲ့ ခေတ်ကြီးပဲ.....

ဆိုတော့ကာ... ဘာဘာ ဘာမှမသိချင်ဘူး....

ဆိုတော့ကာ..
ဆိုတော့ကာ...ဘာဘာ
ဘာမှမသိချင်ဘူး
ဘာဘာ....ဘာမှမသိချင်ဘူး.....။

ဆောင်းယွန်းလ