ကျော်မောင်(တိုင်းတာရေး) - နာမည်တလုံး အသုံးကျရဲ့လား


ကျော်မောင်(တိုင်းတာရေး) - နာမည်တလုံး အသုံးကျရဲ့လား
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၅

လူမှန်ရင် နာမည်တလုံးတော့ ရှိရမှာပဲ။ ဒါကလည်း သတ်မှတ်ထားကြတာမဟုတ်ပေမယ့် လူဖြစ်လာတာနဲ့ ပိုင်ဆိုင်သွားကြတာပါပဲ။ တချို့လည်း နာမည်တလုံးထက်မက ပိုင်ဆိုင်သူများရှိပါတယ်။ ကာယကံရှင် မသိလည်း တခြားသူက ပေးသွားကြ၊ ကင်ပွန်းတပ်သွားကြတာကို သိတတ်တဲ့အရွယ်ရောက်လာတဲ့အခါ အဲဒီနာမည်ကို သဘောကျရင် ဆက်သုံးနိုင်ပါတယ်၊ မနှစ်သက်ရင်တော့ ကိုယ်ကြိုက်တဲ့နာမည်ကို ပြောင်းလိုက်ရုံပဲရှိပါတယ်။ အတော်တော်များများကတော့ ရလာတဲ့နာမည်တွေကို ဒါသူ့နာမည်ပဲရယ်လို့ မှတ်ယူကာ သေတပန် သက်တဆုံး သုံးစွဲနေလိုက်တာပါပဲ။ 

ဆရာမတယောက် ရှိပါတယ်။ အဲဒီဆရာမက နာမည်တွေကို မှတ်မိတဲ့ ဆရာမဖြစ်ပါတယ်။ သူ့မှာ ကျောင်းသူကျောင်းသား အများကြီး ရှိပေမယ့် နာမည်နဲ့ လူနဲ့ မှားခေါ်တာမျိုး မကြားဘူးပါ။ ကျနော်တို့ မရင်းနှီးတဲ့ နာမည်တွေ၊ ခေါ်ရ မှတ်ရ ခက်တဲ့ နာမည်တွေဟာ ဆရာမအတွက် အခက်အခဲမရှိသလိုပါပဲ။ နာမည်နဲ့ လူနဲ့ တွဲမှတ်ထားနိုင်တာကို အတုယူဖြစ်ပါတယ်။

စာသင်ကျောင်းတွေရဲ့ ပထမဆုံးသင်ခန်းစာ အစပိုင်းမှာဖြစ်ဖြစ်၊ အဆုံးပိုင်းမှာဖြစ်ဖြစ်၊ စာသင်ပြတဲ့ ဆရာ ဆရာမတွေက သူတို့နာမည်တွေကို ကျောက်သင်ပုန်းမှာ ရေးပေးသွားလေ့ရှိပါတယ်။ ဆရာတယောက်ဆို နာမည်ရေးပြပြီး အခုလိုပြောပါတယ်။ "နာမည်ရေးပြတာက နာမည်မသိရင် နာမည်အသစ်ထပ်ရမှာစိုးလို့ပါပဲ"။ ဟုတ်လည်း ဟုတ်ပါတယ်။ ကျောင်းသူ ကျောင်းသား တွေက ဆရာ ဆရာမတွေကို သူတို့နဲ့ လိုက်ဖက်တဲ့ နာမည်တခုခု ပေးလိုက်ကြတာ များပါတယ်။ ဆရာတွေ ရှေ့မှာတော့ မခေါ်၊ အချင်းချင်းသာ နားလည်တဲ့ နာမည်တွေဖြစ်ပြီး လေးစားသမှုနဲ့ သုံးနှုန်းကြတာဖြစ်ပါတယ်။

မတွေ့ဖူး မမြင်ဖူးတဲ့သူများ တွေ့ကြ နှုတ်ဆက်ကြတဲ့အခါ နာမည်တွေ ပြောပြီး နှုတ်ဆက်ကြပါတယ်။ အဲဒီအခါ နာမည်တွေကို သေသေချာချာမှတ်ထားဖို့လိုပါတယ်။ နောက်တခါ တနေရာမှာ ပြန်ဆုံတဲ့အခါ နာမည်ခေါ်ပြီး နှုတ်ဆက်တတ်ဖို့ လိုပါတယ်။

နာမည်ဆိုတာမှာ ငယ်နာမည်ဆိုတာကလည်း အတော်ကို အရေးပါပါတယ်။ ငယ်နာမည်ဆိုတာ  အိမ်ခေါ်နာမည်ပေါ့။ တရက်မှာ ညီဖြစ်သူက သူ့နာမည်တွေ ဘယ်လိုရသလဲဆိုတာ မေးလာပါတယ်။ သူ့နာမည်တွေဆိုတာမှာ အိမ်သားတွေ ရင်းနှီးသူတွေ ခေါ်တဲ့ အိမ်ခေါ်နာမည် (ငယ်နာမည်) နဲ့ ကျောင်းသုံးရုံးသုံးနာမည် (နာမည်ရင်း) တွေကို ပြောတာဖြစ်ပါတယ်။ အဲဒါနဲ့ ငယ်နာမည်ရလာတာက ဘယ်လိုဘယ်ပုံ၊ ကျောင်းနာမည်ရလာတာက ဘယ်သို့ဘယ်ညာဆိုပြီး စာတတန် ပေတတန်ဖွဲ့ပေးလိုက်မှ အတော်သဘောကျသွားပါတယ်။ စာဖွဲ့တော့မှ စာဖွဲ့သူလည်း သူ့နာမည်ဘယ်လိုရလာသလဲဆိုတာ သေသေချာချာ သိသွားပါတယ်။ 
သူ့နာမည်တွေအကြောင်း စာဖွဲ့ဖြစ်နေစဉ်မှာပဲ သက်ကြီးရွယ်အို ဆွေမျိုးတွေကို သူတို့ရဲ့ ငယ်နာမည်တွေ ဘယ်လိုခေါ်ကြပါသလဲမေးကြည့်တဲ့အခါ အတော်စိတ်ဝင်စားဖို့ကောင်းကြောင်း တွေ့ရပါတယ်။

လူကြီးတွေချစ်စနိုးနဲ့ ခေါ်တာ ခွေးမတဲ့။ မွေးချင်းတွေ မွေးပြီး နောက်ဆုံးမွေးချင်းနဲ့ ဆယ်နှစ်လောက်အကြာမှာမှ မွေးလာတာဖြစ်လို့ ကြာပေါ်တဲ့၊ ကြာတဲ့အခါမှ ပေါ်လာလို့တဲ့လေ။ အဖိုးတယောက်က သားနှစ်ယောက်ကို အိမ်ခေါ်နာမည်မှည့်ခါနီးမှာ အဲဒီခေတ်က  သူတို့နယ်ဖက်မှာ ပြိုင်စံရှား ဖြစ်တဲ့ ပြိုင်လှေနှစ်စင်းနာမည်ကို ပေးပါတယ်။ လူကြီးဖြစ်တဲ့အထိ တွင်တဲ့နာမည်တွေပါ။ သူ့မြေးမတွေကို နာမည်ပေးတဲ့အခါ ခေါင်းပေါ်မှာ ရှိတဲ့ ပစ္စည်းတွေ၊ အမြတ်တနိုးထားအပ်တဲ့ အရာတွေရဲ့ နာမည်တွေကို ယူမှည့်ပါတယ်။ အာကာသထဲက နာမည်တွေကိုလည်း သုံးပါတယ်။  ဥပမာ ရွှေဘီးတို့၊ ဂြိုလ်တု တို့ ဆိုတာမျိုးပေါ့။ အဲဒီနာမည်တွေက ကျောင်းတက်တဲ့အခါလည်း ကျောင်းမှာ တွင်ပါတယ်။ နာမည်ရင်းတွေ ဖြစ်သွားပါတယ်။ အခုနေ သူသာ ရှိသေးရင် ကိုအင်တာနက်၊ မဖေ့ဘုတ်၊ ကိုဗိုက်ဘာ၊ မတွစ်တာ ဆိုတာတွေ မှည့်ပေးမလား မပြောတတ်ပါ။
တချို့က ကျောင်းနေအရွယ်မရောက်မီမှာပဲ အိမ်ခေါ်နာမည်တွေ အမျိုးမျိုးအခေါ်ခံရပါတယ်။  ကျောင်းတက်ဖို့ ကျောင်းအပ်တဲ့အခါမှ နာမည်ရွေးကြပါတယ်။ အတန်းဖော်သူငယ်ချင်းက အိမ်နီးနားချင်းဖြစ်ရင် အိမ်ခေါ်နာမည်ကို ကျောင်းမှာလည်း အခေါ်ခံရတတ်ပါတယ်။

တနှစ်မှာ ဆွေမျိုးတွေရှိရာ နယ်ဖက်ကို ကိစ္စတခုနဲ့ သွားရပါတယ်။ အဒေါ်ဝမ်းကွဲဖြစ်သူနဲ့ ရွာရိုးအတိုင်း လမ်းလျှောက်ပြန်လာရင်း ဟေ့ ၀ဲကျော်မ ဟေ့ ၀ဲကျော်မလို့ အဖွားကြီးတယောက်က အဒေါ့်ကို ကြည့်ရင်း ခေါ်နေပါတယ်။ အဒေါ်က ပြန်မကြည့်ဘဲ ပါးစပ်မှ ပွစိပွစိပြောကာ မြန်မြန်လျှောက်သွားပါတယ်။ အဖေ့ကို ကပ်မေးတော့မှ အဒေါ်ရဲ့ငယ်နာမည်ဖြစ်ကြောင်းသိရပါတယ်။ အဒေါ် မကြိုက်တဲ့ နာမည်လို့လည်း ပြောပါတယ်။ အဒေါ်က အဲဒီအချိန်မှာ အသက်ခြောက်ဆယ်နီးပါးရှိနေပါပြီ။

အများသိပြီးသား နာမည်တခုကို ပြန်ပြောင်းဖို့ဆိုတာ အတော်မလွယ်ပါ။ တချို့က သတင်းစာမှာ နာမည်ပြောင်းလဲခေါ်ဝေါ်ပါရန် ဆိုပြီး ကြေငြာပါတယ်။ သတင်းစာ မဖတ်မိတဲ့သူတွေ အခက်တွေ့စေပါတယ်။

ဒီနာမည်ကွာ ကြားကို မကြားချင်ဘူး။ အတော်ဆိုးတဲ့ လူတွေ ဆိုတာကို ကြားဖူးကြမယ် ထင်ပါတယ်။ နာမည်ကို မကြားချင်လောက်အောင် ရွံ့မုန်းခံရပြီဆိုရင် အဲဒီနာမည်ရှိတဲ့သူဟာ လူတွေအတွက် အသုံးကျဖို့ အတော်ဝေးပါတယ်။ ပြောင်းပြန် ပြန်တွေးရရင်လည်း အသုံးကျတဲ့သူရဲ့ နာမည်ကို အသုံးမကျတဲ့ လူတွေက မကြားချင်လောက်အောင်ကို ဖြစ်ကြတာလည်း ရှိပါတယ်။ ဘယ်လိုနာမည်ရှိပါစေ အသုံးကျတဲ့သူအတွက်က နာမည်ကောင်းဖြစ်မှာပါပဲ။

တိုင်းပြည်တပြည်ရဲ့နာမည်ကို ကမ္ဘာ့သမိုင်းတို့ ကမ္ဘာ့ပထ၀ီဝင်တို့ လေ့လာဖူးသူ၊ သတင်းဖတ်သူ၊ မျက်မှောက်ရေးရာ လေ့လာသူ၊ ဗဟုသုတရှိသူများသာ သိနိုင်ဖို့ရှိပါတယ်။ ဒါပေမယ့် အဲဒီလိုသိတဲ့ လူများဟာ တခါတလေမှာ နိုင်ငံတွေကို သိပ်ပြီး ကွဲကွဲပြားပြား မသိကြတာမျိုးလည်း ရှိပါတယ်။ အဲဒီအချိန်မှာ လူနာမည် တလုံးကို ရွတ်ပြလိုက်တဲ့အခါ သြော် အဲဒီနိုင်ငံကပဲ ဆိုတာ ဒက်ကနဲသိသွားနိုင်ကြပါတယ်။ နာမည်ကောင်းနဲ့ ကျော်ကြားတာတွေ ရှိသလို နာမည်ဆိုးနဲ့ ကျော်ကြားတာတွေ လည်း ရှိပါတယ်။ လူသေပေမဲ့ နာမည်မသေတဲ့ သူများ ရှိသလို လူမသေသေးပေမဲ့ နာမည်တွေ ခဏခဏသေနေကြတဲ့ သူများလည်း ရှိပါတယ်။

တရက်မှာ ဂါနာနိုင်ငံသားနှစ်ယောက်နဲ့ စာသင်ချိန်မဟုတ်၊ တခြားသူတွေလည်း သိပ်မရှိတော့ ကိုယ်သုံးနေတဲ့ ကွန်ပျူတာရှေ့တွေဆီကနေပြီး လုပ်လက်စ စာတွေလုပ်နေရင်း စကားလှမ်းပြောဖြစ်ကြပါတယ်။ ဘယ်နိုင်ငံကလည်း ဆိုတာ မေးကြ ပြောကြနဲ့ နိုင်ငံနာမည်ကြားတော့ နှစ်ယောက်ထဲက တယောက်က နာမည်တခုရွတ်ပြပါတယ်။ အားပါးတရ ရယ်မောရင်းနဲ့ပေါ့။ အဲဒီလူ တော်တော်ဆိုးတဲ့လူ ဆိုပြီး ပြောပါသေးတယ်။ ပြီးတော့ မေးပါတယ်။ သူတို့နိုင်ငံကို ကြားဖူးလားဆိုပြီး။ အဖြေမပေးခင်မှာပဲ ကျန်တယောက်က သူတို့နိုင်ငံက ဘယ်သူဟာ ကုလအတွင်းရေးမှူးလုပ်ခဲ့တဲ့တယောက်လေဆိုပြီး ကွန့်ပါတော့တယ်။ အကွက်ကလည်း ဆိုက်လာတော့ သူ့အရင့်အရင်က ကုလအတွင်းရေးမှူးဟာ ဒို့နိုင်ငံသားပဲဆိုပြီး ပြောလိုက်ပါတယ်။ ဆက်ပြီး နာမည်တွေရွတ်ပြကြ၊ ကောင်းတယ် ဆိုးတယ် ပြောလိုက်ကြနဲ့ အဲဒီနေ့က ဟုတ်တိပတ်တိဖြစ်လောက်အောင် စာမပြီးခဲ့ပါ။ သူတို့ပြောတဲ့နာမည်တွေထဲမှာ နိုင်ငံကို အုပ်ချုပ်သွားတဲ့ ပုဂ္ဂိုလ်ကြီးများလည်း ပါပါတယ်။ 

တခေါက်မှာ အိမ်ကို ဇာတိမြို့က စာချဘုန်းတော်ကြီးတပါးကြွလာပါတယ်။ ဘုန်းဘုန်းနဲ့ စကားစမြည်ပြောကြ လျှောက်တင်စရာရှိတာ လျှောက်တင်ကြရာမှာ မြို့က လူတွေ ဟိုလူတွေ ရှိသေးလား၊ ဒီလူတွေ ရှိသေးလားဆိုပြီး အမေက နာမည်တွေနဲ့တကွ မေးလျှောက်ပါတယ်။ ဘုန်းဘုန်းက နာမည်တလုံးရွတ်ပြလိုက်ပြီး အဲဒီဒကာကြီး အဲဒီဒကာမကြီးမဟုတ်လား၊ သေပြီဗျ၊ ဆုံးပြီ၊ မရှိရှာတော့ဘူး၊ လွန်ပြီနဲ့ ပြောနေကြတာ ကြားရတဲ့အခိုက်မှာ အတော်သံဝေဂ ရစရာကောင်းလှပါတယ်။ အဲဒီနောက်မှာ ခုနင်က လူပုဂ္ဂိုလ်တွေရဲ့ သက်ရှိထင်ရှားရှိစဉ်က ပြုခဲ့သော ကုသိုလ်ကောင်းမှုအစုစုတို့ကို သာဓုခေါ်ဖွယ် ကြားရပါတယ်။ လူတော့ မရှိတော့ပါ၊ ဒါပေမဲ့ သူတို့နာမည်တွေကို အမှီပြုပြီး ပြုခဲ့တဲ့ ကုသိုလ်တွေ၊ လုပ်ရပ်တွေက ဆက်နေတုန်းပါပဲလို့ အတွေးပေါက်ခဲ့ပါတယ်။

နာမည်ကြားဖူးတာကြာပါပြီ၊ အခုမှ လူချင်းတွေ့ဖူးတာပါပဲလို့ ပြောကြဆိုကြပါတယ်။ နာမည်ကြားဖူးတယ်ဆိုတာမှာ နာမည်ကောင်းနဲ့ ကြားဖူးတာလား၊ နာမည်ဆိုးနဲ့ ကြားဖူးတာလားဆိုတာ သိဖို့လိုပါတယ်။  
နာမည်တွေက အသုံးဝင်ပါတယ်။ နာမည်တွေဆိုတာမှာ လူနာမည်တွေကိုပဲ ရည်ညွှန်းပါတယ်။ အသုံးကျတဲ့ နာမည်ပိုင်ရှင်တွေ ဖြစ်အောင်သာ ကြိုးစားဖို့လိုပါတယ်။ ကိုယ့်အတွက်လည်း အသုံးကျ၊ အများအတွက်လည်း အသုံးကျရင်တော့ အတိုင်းထက်အလွန်ဖြစ်ကြောင်းပါ။

ကျော်မောင်(တိုင်းတာရေး)