သစ်ကောင်းအိမ် - သစ်ကောင်းအိမ်မှ ... ကမာပုလဲဆီသို့ ...

 

သစ်ကောင်းအိမ် - သစ်ကောင်းအိမ်မှ ... ကမာပုလဲဆီသို့ ...
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၅

(လေထန်လွန်းပြီး သစ်ရွက်တွေ ဒရောသောပါးကြွေနေတဲ့ မနက်ခင်းတခုမှာ အလုပ်ကနေ အိမ်ပြန်ရောက်ရောက်ချင်းကိုပေါက်ဆုံးပြီဆိုတဲ့.... ကိုမျိုးမြင့်ပို့ထားတဲ့မက်ဆေ့ခ်ျကိုတွေ့တော့ ကိုယ့်သူငယ်ချင်းတွေထဲ ကိုပေါက်တွေကလည်း သုံးလေးယောက်မို့ဘယ် ကိုပေါက်လည်း ဗျ..လို့ ပြန်မေးတော့ (ခင်ဗျားမဟုတ်ပါစေနဲ့လို့လည်း ကျနော့်စိတ်ထဲ မတင်မကျနဲ..) ကဗျာဆရာကမာပုလဲ... တဲ့..သေချာအောင်မကြည်ကိုထပ်မေးတော့ခင်ဗျားပါပဲ။ ကာလတခုတုန်းကကိုပေါက်နဲ့ကျနော် အပြန်အလှန် နောက်ပြောင်စကားပြောခဲ့ကြတဲ့နေ့တနေ့က အကြောင်းအရာတွေ ကဗျာအဖြစ် ကျနော်ဖွဲ့စည်းထားတဲ့ကဗျာတပုဒ်ကို ကိုပေါက်မရှိတော့တဲ့ ဒီနေ့မှာ ကျနော်တို့ နှစ်ယောက်ကြားက အမှတ်တရအဖြစ်ရည်ရွယ်ရင်း .....)

 ==========
သစ်ကောင်းအိမ် - ကမာပုလဲနှင့် ဂျီတော့ပေါ်မှာ စကားပြောခြင်း
=======
 
တကယ်တော့
ပစ်စရာဆိုလို့ ကျည်ဆံတတောင့်မှ
မကျန်တော့တဲ့နေ့မှာ
ကိုယ့်အပေါ်ကျရောက်လာမယ့်စီရင်ချက်တရပ်ကိုပဲ
သေသေသပ်သပ်စောင့်ကြည်နေရုံသာ
အီိရတ်က စစ်တပ်တွေ
ရုတ်မယ် ရုတ်မယ်နဲ့ တကယ်မရုတ်ဖြစ်သေးဘူး
ငါ့ဘ၀ထဲ မင်းဆုတ်ခွာသွားပုံကတော့
တကယ့်ကို မြန်မြန်ဆန်ဆန်
ကမာပုလဲ…
ကမာပုလဲ……တဲ့
အွန်လိုင်းပေါ်မှာ
ကဗျာဆရာကမာပုလဲက အော်ပြောတယ်
မင်းက အမေရိကန်သမ္မတတွေထက်
ပိုရက်စက်တဲ့မိန်းမ…..
ဘဂ္ဂဒက်မြို့ပျက်ကြီးတောင်
ငါ့နှလုံးသားလောင်ကျွမ်းမှုရဲ့
အပျက်စီးအဆုးံအရှုံးတွေကို
လိုက်မမီတော့ပါဘူးကွာ...တဲ့
ဘာရယ်မဟုတ်ပါဘူး
လေတိုးသွားလို့
ငါ့ခန်းစီးစတွေ လှုပ်ခါကျန်ရစ်တာပါ
ဘာရယ်မဟုတ်ပါဘူး
နေ့ခင်းကြောင်တောင်ကြီး
ပန်းတပွင့်နဲ့ ခလုတ်တိုက်လဲမိတာပါ
ဘာရယ်မဟုတ်ပါဘူး
ရေပြောင်းမြေပြောင်းမို့
ဖျားချင်နာချင်ဖြစ်မိတာပါ
ပန်းပဲဖိုထဲက ပေတုံးဘ၀ရောက်သွားတဲ့
သံလမ်းဟောင်းလေးတခုလို
လူခြေတိတ်ချိန်ညရောက်တိုင်း
ဟိုး အဝေးက မီးရထားဥသြသံတွေများလား…
ယောင်ယမ်းထထကြည့်တတ်တာကလွဲလို့
ဘာရယ်မဟုတ်ပါဘူး ။ ။

(၃၀၊ မတ်လ၊ ၂၀၀၉)

illustration credit: Kyaw Holme