ဗိုလ်ထက်မင်း - စိန်ခေါ်မှူတွေရှိနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး တိုက်တွန်းချက် - အပိုင်း (၂)

 (တိုင်းရင်းသား ခေါင်းဆောင်များ၏ ပန်စမ်းတွေ့ဆုံပွဲ၊ ၂၀၁၅၊ နိုဝင်ဘာ၊ ဓာတ်ပုံ - ဧရာဝတီ)

ဗိုလ်ထက်မင်း - စိန်ခေါ်မှူတွေရှိနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး တိုက်တွန်းချက် - အပိုင်း (၂) 
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စိန်ခေါ်နိုင်တဲ့ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်လာနိုင်ဖွယ်ဖြစ်စဉ် များကို စဉ်းစား သုံးသပ်တင်ပြသွားပါမယ်။ - NCA စာချုပ်အရ ဆက်လက်အကောင်အထည်ဖေါ်ရမည့်လုပ်ငန်းစဉ်များ၊ 

၆။ NCA စာချုပ်မှာ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနက် တချို့က လက်မှတ် မထိုးချင်တဲ့ ဝ လိုမျိုးရှိနေရာ တပ်မတော်နဲ့ကျောချင်းကပ်ပြီး ခက်ခဲစွာ ညှိရမဲ့သဘောမြင်ပါတယ်။ ဝ ဟာ ပြည်နယ်အဆင့် တောင်းနေပြီး မိုင်းလားအပါအဝင် “ဝ”ဒေသတော်တော်များများမှာ ရွေးကောက်ပွဲတောင် ပေး မဝင်ခိုင်းတဲ့ အဖွဲ့ဖြစ်ပါတယ်။ ပန်ဆန်းထိပ်သီး အစည်းအဝေးအပြီး တရုတ်ကိုပါ ၀င်ရောက် ညှိခိုင်းနေတာဟာ ကြီးမားတဲ့စိန်ခေါ်မှူဖြစ်ပါတယ်။  UWSA ဝ ဟာ NCA လက်မှတ်မထိုးရခြင်း အကြောင်းပြတုံးက တရုတ် ကြောင့် ဆိုပြီး တရားဝင်ပြောဆိုသလို နယ်စပ်ပြသနာ တရုတ်နဲ့ဖြေရှင်းပေးဖို့ တောင်းဆိုလာပြီဖြစ်တယ်။ ဒါကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်တို့ ယူနန် ပြည်နယ် ကျင်းဟောင်မြို့မှာ သီးခြားပြန်ညှိရတယ်လို့ အရာရှိကြီးတစ်ဦးက ပြောလာပါတယ်။  နိုင်ငံရေးဆွေနွေးပွဲကျရင် ဝ ဟာ ရှမ်းပြည်နယ်မှ ခွဲထွက်ပြီး အစိုးရ ဗဟိုနဲ့ တိုက်ရိုက်လုပ်ချင်တာ တောင်းဆိုဖို့ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

၇။ အစိုးရနဲ့ တပ်မတော်ဘက်ကတော့ အပစ်ရပ်လက်မှတ်ထိုးပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်တက်စေချင်တယ်။ ဝ ဟာ စစ်ရေး အင်အားကို တည်ဆောက်ရာမှာ ရုရှားရဟတ်ယာဉ်၊ မြန်မာလေယာဉ်ကိုပစ်ဖို့ ပုခုံးထမ်းဒုံးတွေ အပြင် အတွဲ လိုက်ပစ်လို့ရတဲ့ ယာဉ်တင်ဒုံးပစ်စင်တွေပါ ရှိလာပြီဖြစ်တယ်။ အမေရိကန်နိုင်ငံက ဝ ခေါင်းဆောင်တွေကို မူးယစ်ရာဇာများ အဖြစ် ဆုငွေ ထုတ်ထားတာတွေ ရှိပါတယ်။  ရှမ်းပြည် နယ်မိုင်းဆတ် လွယ်လန်းမှာရှိတဲ့ ဝေရှောက်ခမ်းဦးစီးတဲ့ (၁၇၁) ဝ တပ်ဖွဲ့ကို ယခင်အစိုးရက ဖယ်ခိုင်းနေတာရှိရာ ရွေးကောက်ပွဲလည်း ပေးမလုပ်တဲ့အပြင် အပစ်ရပ်လက်မှတ်လည်းမထိုးတဲ့အတွက် သူတို့ကို တာဝန်မယူ တော့ဖူးလို့ အစိုးရက ခပ်ပြတ်ပြတ်ပြောလိုက်ပြီဖြစ်တယ်။ ထိုင်းကလည်း ဝေရှောက်ခမ်း ဝ တပ်ဖွဲ့ကို ဖယ်ဖို့ တောင်းဆိုနေတာ နှစ်ကြိမ်ရှိပြီး ယခင်က အစိုးရက အကာအကွယ်ပေးထားခဲ့လို့ဖြစ်ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ကို အကြံပြုလိုတာ က ယခုတလော KIA (ကချင်) နဲ့ NMSP (မွန်) ခေါင်းဆောင်များက ရွေးကောက်ပွဲရလဒ်ကို ကြိုဆိုတဲ့အတွက် အဲဒီနှစ်ဖွဲ့ကို လက်မှတ်ထိုးဖို့ စည်းရုံးနိုင်မယ်ဆိုရင် ဝ ကို တရုတ်နဲ့  မည်သို့ဆက်ဆံရေးသီးခြားရှိနေတာကို စိစစ်ကြည့်လို့ရပါတယ် ။

၁၁။ တိုင်းရင်းသားခေါင်းဆောင်တွေ အချို့ထဲမှာ ၈ ပြည်နယ်မူကို ဆုပ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေ ရှိသလို၊ လက်တွေ့  လက်ရှိမှာ ဒေသအနှံအပြား လူမျိုးပေါင်းစုံတွေရဲ့ ဖြန့်ကျဲနေမှုကို အသိအမှတ်ပြုရမှာတွေလည်း ရှိပါတယ်။  မိမိလူမျိုးသီးသန့်အတွက်သာ ကြည့်နေကြရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ အငြင်းအခုန်ပြင်းထန်မဲ့သဘော မြင်လာရနိုင်ပါတယ်။ တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးဆွေးနွေးပွဲမကျင်းပရသေးခင် ဖက်ဒရယ်တပ်မတော်ဆိုပြီး ခေါင်းစဉ်တင်လာတာနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ သူတို့ကြားမှာ သံသယတွေ ကြီးမားနေတယ်လို့ ဆိုနိုင်ပါတယ်။ တိုင်းရင်းသားဒေသတွေအပြင် တိုင်း ပြည်နယ်တွေမှာ အာဏာခွဲဝေမှုတွေနဲ့ အများလက်ခံတဲ့ ဖက်ဒရယ်စနစ် ရပြီးတဲ့နောက်ပိုင်း လက်နက်မစွန့်ဘဲ ခွဲထွက်တဲ့ အစိတ်အပိုင်းတွေ ပေါ်ထွန်းလာဦးမှာလား ဆိုတာကလဲ တပ်မတော်ဘက်က တွေးခေါ်ချက်တခုလို့ ဆိုပါတယ်။

၁၂။ ယခုဆိုရင် ၂၀၁၀ တုန်းက ၀င်ခဲ့ကြတဲ့ ပြည်နယ်ကိုယ်စားပြု တိုင်းရင်းသားပါတီတွေအများစုဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံးခဲ့ကြလို့ သူတို့ရဲ့ အသံ၊ အာဘော်အတွက် စိုးရိမ်မှု ရှိလာကြပါတယ်။ သူတို့ရဲ့ မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သွားရောက်ပူးပေါင်းကြဖို့ အလားအလာဖြစ်လာနိုင်ပါတယ်။ သူတို့တွေက သူတို့ အာဘော်၊ သဘောထားတွေကို  NCA လမ်းပေါက်ဖက်ကနေ တင်ပြဆွေးနွေး တောင်းဆိုလာမယ်လို့ သုံးသပ်မိပါတယ်။ သူတို့ရဲ့တိုင်းရင်းသားအခွင့်အရေးကို တောင်းဆိုဖို့ ဒီတပေါက်သာရှိတယ်။ လွှတ်တော်အပေါက်ကနေ သူတို့သွားလို့ မရတော့ဘူးလို့ စဉ်းစားနိုင်ပါတယ်။ သည်လိုတိုင်းရင်းသားအုပ်စုတွေကို လွှတ်တော်လမ်း၊ အပစ်ရပ် ဆွေးနွေးရေးလမ်းတွေကို စတင် ဖော်ခဲ့တဲ့ လက်သည်၊ ဒီအခင်းအကျင်းတွေကို ဖန်တီးခဲ့သူ တပ်မတော်ရဲ့ သဘောထားကို အနိုင်ရ အင်န်အယ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ကြို သိထားနိုင်ဖို့ လိုမယ် ထင်ပါတယ်။

၁၃။ အကြံပြုချင်တာကတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို သူတို့လက်ရှိ စိုးမိုးနေတဲ့ နယ်မြေကို သေချာ သတ်မှတ်ပေးလိုက်ဖို့က အရင်ဦးဆုံး ခြေတလှမ်း၊ တပြိုင်နက်တည်းမှာပဲ အခြေခံဥပဒေကို တိုင်းနှင်ပြည်နယ်အလိုက် ဖက်ဒရယ်စနစ် အာမခံတဲ့အထိ ညီညွတ်အောင် ပြုပြင်ဖို့။ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တွေမှာ အကျိုးစီးပွားအခြေခံတဲ့ တောင်းဆိုချက်နဲ့ (ဥပဒေပြု၊ အုပ်ချုပ်၊ စီရင်) ဆိုတဲ့ အာဏာကို အခြေခံတဲ့ တောင်းဆိုချက်တွေကို ခွဲခြား စိစစ်ကြည့်ပြီး နိုင်ငံရေးနည်းနဲ့သာ အဖြေရှာကြတဲ့ လမ်း၊ ရွေးကောက်ပွဲလမ်းကို လျောက်လှမ်းကြဖို့သာ နောက်ဆက်ရမယ့် ခြေလှမ်းတွေလို့ ဆိုချင်ပါတယ်။