ရန်ကုန်က ဒေါ်အမာ ချစ်သူတွေ |
ရန်နောင်(ဗိုလ်တထောင်) - ပျော်ရွှင်စွာ နွှဲ အမေမာ့ ရာပြည့်ပွဲ
(မိုးမခ) ။ ဒီဇင်ဘာလ ၁ - ၂၀၁၅
ဆရာစောဝေက ညနေ ငါးနာရီခွဲ သူ့အိမ်ကို အရောက်လာဖို့ ဦးခင်မောင်စိုး စာအုပ်မိတ်ဆက်ပွဲတွင် ထပ်မံပြောခဲ့သည်။ ညစာလည်း စီစဉ်ထားပြီးသား ဟု ပြောသေးသည်။ ဟုတ်ကဲ့ပါ ဆရာ၊ လာခဲ့ပါ့မယ် ဟု ပြန်ဖြေလိုက်သည်။ စာအုပ်မိတ်ဆက်ပွဲက အပြန် ကင်မရာ နှင့် ဖုန်း အားသွင်းနေတုန်း ဘမြင့် (မြင့်ဦးဦးမြင့် ) ဆီက ဖုန်းဝင်လာသည်။
`` သားရေ မင်း ကဗျာစာအုပ် မိတ်ဆက်ပွဲ မလာဘူးလားတဲ့။ ´´
ဘမြင့် လှမ်းခေါ်တော့လည်း ပြေးရပြန်သည်။ ဆရာရွှေညာ စီစဉ်ပေးသော ကဗျာဆရာ နတ်နေကိုင်း ၏ ကဗျာစာအုပ်မိတ်ဆက်ပွဲ ကျင်းပရာ ကိုကျော်ကြီး ဆိုင်သို့ ပြေးရပြန်သည်။ နီးနီးနားနား ဗိုလ်အောင်ကျော်လမ်းမို့ လမ်းလျှောက်သွားလိုက်သည်။ လမ်းတွင် ကလေးမလေး တစ်ယောက် နှင့် တိုက်မိပြီး စီးလာသော ဖိနပ် ပြတ်သွားခဲ့သည်။ ပစ္စည်းများ လိုက်ပို့သော တပည့်ကျော် အား ဖိနပ်တရံ အမြန်ပြေးဝယ်ခိုင်းလိုက်ပြီး စာအုပ်မိတ်ဆက်ပွဲကို တက်ရောက်ခဲ့လိုက်သည်။
စာအုပ်မိတ်ဆက်ပွဲမှ တဆင့် ရွှေဂုံတိုင်ရှိ ဆရာစောအိမ်သို့ အငှားယာဉ်ဖြင့် ဘမြင့်နှင့် နှစ်ယောက်သား ချီတက်ကြသည်။ ဘမြင့်ကို အဌားယာဉ်မောင်းသူမှ ကျနော် ဆရာ့ကို သိသလိုပဲပြောတော့ ဘမြင့်က နာမည် ပြောပြလိုက်သည်။ ထိုအခါ အငှားယာဉ်မောင်းသူက အော် ကျနော် သိတာ မြင့်မူးမူးမြင့် လားလို့ ပါဟု ပြောသဖြင့် ခရီးစဉ် တလျှောက် ရယ်ပွဲဖြင့် စတော့မည်ဟု ကြိုတင်သိလိုက်ပြီ။
ရွှေဂုံတိုင် ရောက်တော့ ဆရာစောတို့ တော်တော်လူစုံနေပြီ ဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။ ဆရာစောက အမျိုးသားတွေ နောက်ကထိုင်၊ အမျိုးသမီးတွေ ရှေ့မှာထိုင် ဆိုပြီး နေရာချထားပေးသည်။ ကားပေါ်မတက်ခင် ကားနံဘေးတွင် ကပ်ထားသော ဗွီနိုင်း ချပ်ပေါ်တွင် အမှတ်တရ လက်မှတ်ရေးထိုးထားသည်။ ဗွီနိုင်းချပ်အား ဒီဇိုင်နာ ကိုညိုရင့် မှ ရေးဆွဲ ပေးထားခြင်း ဖြစ်သည်။ ကားပေါ်တက်လိုက်တော့ ရင်းနှီးချစ်ခင်ပြီးသား စာရေးဆရာ ၊ဆရာမ အပေါင်းအား တွေ့လိုက်ရသည်။ သူတို့က ကိုယ်ပါတာနှင့် ဓါတ်ဆရာ လာပြီဟေ့ ဟု လှမ်းအော်ကြသည်။ ခဏကြာတော့ ဗိုက်ဆာသူများ ထမင်းဘူးများ ဖွင့်ကာ အောက်ဆင်း စားကြသည်။
သို့နှင့် ညနေ ခြောက်နာရီ ကျော်တွင်တော့ ရန်ကုန် ရွှေဂုံတိုင် မှ မန်းလေး တောင်လေးလုံးသို့ အမေမာ ရာပြည့်ပွဲ ဆင်နွှဲ ရန် စတင် ထွက်ရှိလာပါတော့သည်။
ရန်ကုန် မန်းလေး အမြန်လမ်း တိုးဂိတ်ကျော်သည်နှင့် ဆရာစော ဦးဆောင်မှုနှင့် ကားပေါ်ပါလာသူများ တဦးစီ မိတ်ဆက်စကားများ ပြောကြားကြပါသည်။ ကားပေါ်တွင် စာရေးဆရာများ၊ကဗျာဆရာများ၊ ပန်းချီဆရာများ၊ ဒီဇိုင်နာများ၊ အယ်ဒီတာများ နှင့် စာပေချစ်သူများ ပါဝင်လိုက်ပါလာသည်ကိုလည်း တွေ့ရှိခဲ့ရသည်။
ခရီးသွားရင်း ကဗျာဆရာများက ကဗျာများဖြင့်လည်းကောင်း၊ စာရေးဆရာများကလည်း ကဗျာ များ ၊စာများဖြင့် အမေမာကို လမ်းခရီး တလျှောက် မမောနိုင် မပန်းနိုင် မအိပ်ပဲ ရွတ်ဆိုလာခဲ့ကြသည်။
အမေမာ လို့ အများခေါ်ကြတဲ့ လူထုဒေါ်အမာ ကို မြင်ဖူး၊တွေ့ဖူးသူ အများစု မှာ မပါခဲ့သော်လည်း အမေမာကို စာပေမှတဆင့် ဆွေမျိုးတော်စပ်ခဲ့ပုံများကို အမှတ်တရ ပြောပြခဲ့ကြသည်။
သည်လိုနှင့် ကျနော့်ကို ဆရာစောက လှမ်းခေါ်ပါသည်။ `` ကျနော် ခေါ်ချင်တဲ့ တယောက်ရှိတယ်ဗျ။ သူဘာပြောမလဲဆိုတာကို ကျနော် သိချင်နေပါတယ်။ မိုးမခ က ရန်နောင် ရှေ့ကိုလာပါ ´´ ဆိုတော့ စာရေးဆရာ၊ ကဗျာဆရာတွေကြား ဘာပြောရမှန်း မသိပေမဲ့ ထွက်လိုက်ပါတယ်။
`` ကျနော်တို့ ဒီနှစ် ၂၀၁၅ မှာ ဗိုလ်ချုပ်အောင်ဆန်း၊ လူထုဒေါ်အမာ၊ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ် သူတို့ သူငယ်ချင်းလေးယောက် ရာပြည့် နှစ်တွေကို ကိုယ်တိုင်ဆင်နွှဲခွင့်ရခဲ့ပါတယ်။ ကျနော် ကိုယ်တိုင်လည်း ဗိုလ်ချုပ် ရာပြည့်၊ ဘဘလတ်နဲ့ မေမေကြီး ရာပြည့်တွေကို လုပ်ခွင့်ရခဲ့ရပါတယ်။ ခု လူထုဒေါ်အမာ (အမေမာ) ရဲ့ ရာပြည့်ကို တက်ခွင့်ရတဲ့အတွက်လည်း ဒီခရီးကို စီစဉ်ပေးတဲ့ ဆရာစော ကိုလည်း ကျေးဇူးတင်ပါတယ်။ လိုက်ပါဖို့ စာရင်းပေးရန် လက်တို့တဲ့ မစုမီ ကိုလည်း ကျေးဇူးတင်ပါတယ်ပေါ့ ´´ အဲဒီလို ပြောတတ်သလိုလေး ပြောလိုက်ပါတယ်။
ဆရာစောကတော့ မှတ်ချက်ပေးပါတယ်။ တိုတိုနဲ့ ထိထိ မိမိ ပြောသွားပေးတာ ကိုယ်ပါ။
၁၁၅ မိုင် နားနေစခန်း ရောက်တော့ ဆရာစော နဲ့ အသိ ဖြူးမြို့သား ရဲ့ ပိုင်အိုနီးယား ထမင်းဆိုင်မှာ ညလယ်စာ သုံးဆောင်ကြပါတယ်။ ထို့နောက် ဆက်လက်ထွက်ခွာလာခဲ့ရာ ကဗျာရွတ်ခြင်း အစီအစဉ်အား ပြန်လည်စတင်ပြန်ပါတယ်။
မန်းလေးကို နံနက် ၆ နာရီခန့်မှာ ရောက်ရှိပြီး ထွန်းဦး စာပေ မှာ ကားခေတ္တရပ်နားကာ အမျိုးသမီး များ နားနေရန် ဆင်းကြပါတယ်။ ကျန်တဲ့ အမျိုးသားတွေကိုတော့ တောင်လေးလုံးကျောင်းတိုက်မှာ နားနေရန် စီစဉ်ထားကြောင်း ဆရာစောက ပြောပါတယ်။
အမရပူရ တောင်လေးလုံး ဆရာတော် ဦးပညာ ကျောင်းရောက်တော့ ပြည်သူ့အရေး ဂျာနယ်မှ ဦးဝင်းချို၊လဲ့လဲ့၊ မသွယ် တို့ နှင့် စတွေ့ပါတယ်။ သူတို့ကတော့ တရက်ကြို ရောက်နေကြတာ ဖြစ်ပါတယ်။ ကျောင်းတိုက်ထဲဝင်တော့ တဲတခုမှာ ကျနော်တို့ကို နေရာချပေးပါတယ်။ ရေမိုးချိုး အဝတ်အစားလဲပြီး မယ်ဇယ်ပင်တန်းတွေကို ဖြတ်ကာ နာမည်ကျော်ဦးပိန် တံတားကိုလည်း ဓါတ်ပုံသွားရိုက်ခဲ့ပါသေးတယ်။ေ ကျာင်းတိုက်အတွင်းမှာတော့ ကဗျာဆရာ တချို့ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
ဦးပိန်တံတားက ပြန်လာပြီး ဓူဝံဦးဝင်းချို မှ စစ်ကိုင်းဘက်ကိုကူးပြီး နံနက်စာစားရန် ခေါ်သဖြင့် ကျနော်တို့ အုပ်စု ချီတက်ကြပါတယ်။ သို့သော်လည်း ရန်ကုန်လို အငှားယာဉ် အလွယ်တကူ ငှားမရတာကြောင့် စိတ်လျှော့ကာ နီးစပ်ရာဆိုင်မှာသာ နံနက်စာကို မုန့်တီ နှင့် လက်ဘက်ရည် ဆွဲခဲ့ရပါတယ်။
ဂုဏ်ထူးဦးသိန်းနိုင် |
စောင်းပညာသည်များ ဖျော်ဖြေမှု |
ကျနော် တို့ နံနက်စာ စားသုံးပြီး ပြန်လည်၍ ကျောင်းသို့ ရောက်ရှိသောအခါ ကျောင်းတွင် လူအတော်ပင် များနေတာကိုလည်း တွေ့ရှိရပါတယ်။ ကျောင်းရောက်သည်နှင့် တွေ့သမျှ သိသမျှ စာရေးဆရာ များကို နှုတ်ဆက် ၊သူတို့ပေးသော လက်ဆောင်စာအုပ်များ ယူနှင့် ပွဲလေးကား စည်ကားစပြုနေပြီ ဖြစ်ပါတယ်။
ဓာတ်ပုံပြခန်း |
ဆရာနေ၀င်းမြင့်နဲ့ မိုးမခမန်းတာဝန်ခံ ကျော်မိုးလွင် |
ထိုအချိန်ထိ ချိန်းထားသော ဆရာဇာနည်ကို ကား မတွေ့ရသေးချေ။ ဆရာ့အတွက် ထည့်ယူလာသော အနွေးထည်ကို ဆရာ့ကို ပေးရန်၊ သူမှာသောမဂ္ဂဇင်းစာအုပ်များ ပေးရန် သူ့ကို လိုက်ရှာရပါသည်။
ရန်ကုန် မှစာရေးဆရာများကို အများစု သိပြီး မန်းလေးမှ စာရေးဆရာများကို အနည်းစုသာ သိသဖြင့် ဓါတ်ပုံရိုက်ရင်း တန်းလန်း နာမည်များအား မေးရသေးသည်။ ဆရာဇာနည်ကိုတွေ့တော့ သူက အလုပ်ရှုပ်နေသည်။ အမေမာ၏ အမှတ်တရ ဓါတ်ပုံများကို ဘုတ်ထောင်၍ ကပ်ရန်လုပ်နေသည်။ မိုးမခ ၏ အထက်မြန်မာပြည် တာဝန်ခံ ကိုကျော်မိုးလွင်ကိုလည်း တွေ့ခဲ့ရသလို မန်းလေး မိုးမခ သတင်းထောက် ချမ်းမြ နှင့်လည်း တွေ့ဆုံခဲ့ရသည်။
ရင်ပြင်ပေါ်က ထမင်းဝိုင်း |
တောင်လေးလုံး၏ နာမည်ကြီး ဝက်ကသည်းချက် ကို တော့ စားဖူးတယ်ရှိအောင် စားမည်ဟု ရည်မှန်းထားသည့်အတိုင်း စားဖြစ်အောင်စားလိုက်သည်။ ဝက်ကသည်းချက်၊ ကုလားပဲချက်၊ ဗလာချောင်ကြော်၊ မှန်ရောင်ဟင်းချို တို့နှင့် ထမင်းတပန်းကန်တော့ ထပ်ထည့်ထားလိုက်ပြန်သည်။ ဘူးသီးကျော်ကတော့ မမှီနိုင်ပါ။ တအိုးတည်း ကြော်နေရ၍ ထည့်မနိုင် ဖြစ်နေပါသည်။ ရှေ့ပိုင်းစားသူများသာ ဝက်ကသည်းချက် နှင့် စားရပြီး နောက်ပိုင်းစားသူများ ကြက်ဥကြော် နှင့်သာ စားခဲ့ရသည်ကိုလည်း တွေ့ခဲ့ရသည်။ ထင်ထားသည်ထက်ကို လူများ တော်တော်များများ ရောက်လာသည်ကိုလည်း တွေ့ရှိခဲ့ရသည်။
နံနက် (၉) နာရီ ခန့်တွင် အခမ်းအနားကို စတင်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားမှူး ဆရာကျော်ရင်မြင့်မှ အခမ်းအနား အစီအစဉ်များကို ဖတ်ကြားပါသည်။ ထို့နောက် ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် မှ အမှတ်တရ စကားပြောကြားပါတယ်။ `` ဒေါ်ဒေါ်သာ ခုနေ သက်ရှိထင်ရှား ရှိနေသေးရင် ဒေါ်ဒေါ် အပျော်ဆုံးနေ့ဟာ နိုဝင်ဘာလ (၉) ရက်နေ့ ဖြစ်မှာပါ ´´ တဲ့။ ရင်ထဲ ဆို့တက်သွားတယ်လေ။ ဟုတ်တယ်လေ၊ ကိုယ်တွေတော့ အဲဒီည ကို ဘယ်လိုမှ မမေ့တဲ့ညတည စာရင်းသွင်းခဲ့တာပေါ့။
ထို့နောက် ဆရာတက္ကသိုလ်စိုးနိုင် မှ စောင်းဖြင့် ယိုးဒယားကြိုးသီချင်းဖြင့် ဂုဏ်ပြုပါတယ်။ ဆက်လက်ကာ တက်ရောက်လာသော ကဗျာဆရာများ၊စာရေးဆရာများက အမှတ်တရ စကားများ ပြောကြားခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
အထက်မြန်မာပြည်၊ အောက်မြန်မာပြည် စာရေးဆရာများ တွေ့ဆုံပွဲလေး ဖြစ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ နိုင်ငံရေးသမားများ၊ စာပေပညာရှင်များ ၊ပန်းချီအနုပညာရှင်များ တော်တော်များများ စုံညီစွာတက်ရောက်ကြတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ တသက်မှ တခါလို့ ဆိုရမယ့် အမေမာရဲ့ ရာပြည့်ပွဲကို နွှဲခဲ့ရတာကတော့ ပျော်မဆုံး၊ မော်မဆုံး ဖြစ်ခဲ့ရပါတယ်။ မယ်ဇယ်တန်းက ဆိုင်တွေမှာလည်း ကိုယ့်နီးစပ်ရာအပေါင်းအသင်းများနှင့် ကဗျာများ ရွတ်ဆို၊စာပေ အကြောင်းတွေ ပြောဆိုနေတာကိုလည်း တွေ့မြင်ခဲ့ရပါသေးတယ်။
အမေမာ( လူထု ဒေါ်အမာ) ရဲ့ စာပေ တွေဟာ တိုင်းပြည်ကို အကျိုးပြုခဲ့ရုံတင်မက တိုင်းပြည်တွင်းမှာ နေထိုင်သူ စာရေးဆရာများကိုလည်း ချစ်ကြည်နှူးစေတဲ့ ပွဲလေးတပွဲ အဖြစ် မြင်တွေ့ခဲ့ရကြောင်း တင်ပြလိုက်ရပါတယ်။