ထူးထူး (တောင်ငူ) - ကြိုက်ရင် မဲပေး၊ မကြိုက်ရင် မဲမပေးနဲ့



ထူးထူး (တောင်ငူ) - ကြိုက်ရင် မဲပေး၊ မကြိုက်ရင် မဲမပေးနဲ့
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၅

အခန်း (၁)

“ဟိတ်… ရွှေမိ၊ မင်းလွန်နေပြီနော်… မင်းစကားက ဘာအဓိပ္ပာယ်လဲ၊ မင်းချမ်းသာချင်ရင် အဲ့လို စောရနက္ခတ်နဲ့ ယှဉ်မွေးလာတဲ့သူကို ယူပေါ့… ဘာဖြစ်လို့ ငါ့ကိုယူခဲ့လဲ”

“အဲ့ဒါပြောတာပေါ့၊ ကျုပ်ကိုကမှားတာပါ… ရှင့်လို စာရင်းကိုင်တယောက်ကိုယူခဲ့တာကိုက ကျုပ်ရဲ့ မဟာအမှား….. ပြောလိုက်ရင် Business Ethics ဆိုတာက ပါးစပ်ထဲကမချဘူး။ တော်ပြောတဲ့ အဲ့ဒီ့ Ethics (ကိုယ်ကျင့်တရားတွေ) ဆိုတာက ပြုတ်စားလို့မရဘူးတော့… နားလည်လား” 

သာလှ တယောက်မခံချင်အောင်ဖြစ်သွားရတဲ့အကြောင်းအရင်းကတော့ အိမ်သူသက်ထား ဒေါ်ရွှေမိ မေးလိုက်တဲ့မေးခွန်းကြောင့်ပါ… “ကိုရင်သာလှ….. ရှင် နယူးဇီလန်မှာ စာရင်းကိုင်တယောက် လုပ်နေပြီး၊ ဒီတသက် ကိုယ်ပိုင်အိမ်လေး တလုံးလောက်တောင် ဝယ်နိုင်ပါ့မလား”…

ပြဿနာရဲ့အစကတော့- သာလှတယောက် လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာတွေ့နေရတဲ့ သမီးလေး မစုဝေ ကိစ္စကစတာပါ။ ကိုယ့်ဟာကိုယ် တယောက်တည်းအေးအေးဆေးဆေး အင်တာနက်သုံးပြီး၊ လူမှုကွန်ယက်စာမျက်နှာအထက်မှာ အတွေးရေကြောမှာမျောနေရင်လည်း အကောင်းသား၊ အခုတော့ တခုခုဆို အသိပေး (report တင်တဲ့) အကျင့်ဆိုးကြောင့်ပေါ့… 

သာလှရဲ့ နှလုံးသားထဲမှာကော၊ ဦးနှောက်ထဲကပါ လုံးဝလက်မခံနိုင်လွန်းတဲ့ကိစ္စမိုလို့ ရင်ထဲတင်းကြပ်နေတာတွေကို ပေါ့သွားအောင် ဘေးနားက ရွှေမိ ကိုခေါ်ပြမိ၊ ရင်ဖွင့်မိကာမှ ပြဿနာကို လက်ယက်ခေါ်သလိုဖြစ်သွားတာပါ…

သာလှက “မစုဝေ” လေးကိုဘယ်လိုနှိပ်စက်ကြတယ်… သူ့ခန္ဓာကိုယ်ပေါ်မှာ အညိုအမည်းတွေက ဘယ်လိုစွဲနေတာ… ရှင်းပြနေတုန်းရှိသေးတယ်… ရွှေမိက သာလှပုခုံးကိုနောက်ကနေ ကျော်ကြည့်ပြီး 

“အိုး… ကောင်းလိုက်တဲ့အိမ်ကြီးပါလား…. ဘယ်နားမှာလဲ” လို့မေးလည်းမေး… သူ့ဟာသူလည်း သတင်းကိုဆက်ဖတ်တော့၊
“ သြော် အဲ့ဒီ့နေရာမှာ အဲ့လိုအိမ်မျိုးဆို အနည်းဆုံး သိန်းလေးထောင်၊ ငါးထောင် အထက်မှာ ရှိတယ်တဲ့ ” …..

ရွှေမိ စကားကအဲ့ဒီ့နေရာမှာတင်ရပ်သွားရင် ဘာပြဿနာမှမရှိပေမယ့်၊ သူကလည်းစကားကို မရပ်…

“ရှင်တို့များ ကျောင်းတက်တုန်းကလည်း လုပ်လိုက်ရတဲ့ Assignments တွေ၊ ဖတ်လိုက်ရတဲ့စာအုပ် တွေ၊ ဝယ်လိုက်ရတဲ့စာအုပ်တွေ၊ ကျောင်းပြီးတော့လည်း အလုပ်ကလည်းလိုက်ရှာရသေးတယ်… အလုပ်ရပြန်တော့လည်း ဆောင်လိုက်ရတဲ့အခွန်အခတွေ၊ သံသရာကမပြတ်နိုင်ဘူး … 

သူများတွေများကြည့်စမ်းပါအုံး… G.E တပ်မှာ ဗိုလ်မှူးအဆင့်မှာကို သိန်း(၄၀၀၀) ကျော် တန် တဲ့ ကိုယ်ပိုင်အိမ်နဲ့… 

ကိုသာလှ- ရှင် နယူးဇီလန်မှာ စာရင်းကိုင်တယောက်လုပ်နေ ပြီး၊ ဒီတသက် ကိုယ်ပိုင်အိမ်လေး တလုံးလောက်တောင် ဝယ်နိုင်ပါ့မလား”…

သာလှ တယောက်မခံမရပ်နိုင်ဖြစ်သွားပြီး၊ ယောက်ျားသိက္ခာကို ထိပါးစော်ကားခံရတယ်လို့ ခံစားလိုက်ရတဲ့အတွက် တသက်လုံးသည်းခံခဲ့သမျှ ဒီတခါတော့ လုံးဝအလျှော့ပေးလို့မဖြစ်  တော့ပါဘူး။ 

သည်းခံလို့လုံးဝမဖြစ်နိုင်ဘူး… မရတော့ဘူး၊ ဒီတခါအလျှော့ပေးလိုက်ရင် နောက် နှစ် (၅၀) အသာလေး အနိုင်ကျင့်ခံရတော့မယ်။ ငါ ပြောင်းလည်းချိန်တန်ပြီလို့ ကိုယ့်ကိုယ်ကို တယောက်တည်း အားပေးစကားပြောရင်း… ခွန့်တုန်ပြန် စကားများရာမှ နောက်ဆုံးအဆင့် ကွဲမယ်ကွာမယ်ဆိုတဲ့ အဆင့်အထိရောက်ခဲ့ရပြန်ပါတယ်။

အခန်း (၂)

တကယ့်တကယ် ကွဲကြမယ်ဆိုတော့- သာလှရင်ထဲ တကယ်ကိုမချိတာပါ။ ဟုတ်တယ်လေ- ပေါင်းသင်းလာတာ ဘာပြဿနာမှ မရှိခဲ့ဘူးပါဘူး။ ကလေးတောင်(၂) ယောက်ရနေပြီ။ အခု ဒီ G.E တပ်က ဗိုလ်မှူးနဲ့ကျမှပဲ လင်မယားပြဿနာဖြစ်ရတယ်…

ဒါနဲ့ပဲ… ကလေး (၂) ယောက်ကိုမေးမယ်၊ သူတို့သဘောထားအတိုင်းပဲ… သူတို့ မဲပေးတဲ့သူအနိုင်ပဲ။ တကယ်လို့ တယောက် တမဲရရင် ညွှန့်ပေါင်းဖွဲ့မယ်ဆိုပြီး လင်မယားနှစ်ယောက်ကြိုတင် သဘောတူခဲ့ကြ ပြန်ပါတယ်။

သားနဲ့သမီးကိုခေါ်ပြီး ဖြစ်ကြောင်းကုန်စင်ရှင်းပြပြီး ကလေးတွေရဲ့ ဆန္ဒသဘောထားကို ခံယူဖို့ ပြင်နေ ကြတုန်း-

သာလှက ငါက (Bread winner) အိမ်ထောင်ဦးစီး၊ ငါ့ဆီမှာသာ အာဏတည်ရမယ်ဆိုပြီး မာန်တင်းကာ၊ ကလေးနှစ်ယောက်ကို “ဖေဖေ့ကို ကြိုက်ရင်မဲပေး၊ မကြိုက်ရင် မဲမပေးနဲ့” လို့ လက်ညှိုးထိုး၊ မျက်လုံးပြူးပြီး မာန်အပြည့်ပြောထည့်လိုက်ပါတယ်။

ရလဒ်အနေနဲ့ကတော့- မဲရေတဲ့နေ့မှာ ရွှေမိက ဆန္ဒမဲ (၂) မဲနဲ့အပြတ်အသတ်အနိုင်ရသွားခဲ့ပါတယ်။ 

အခုတော့ သာလှ တယောက်မဲရှုံးပြီ… ဒေါ်ရွှေမိ ပြုသမျှနုရတော့မယ့်ဘဝ။ ဟိုကလေးနှစ်ယောက်ကလည်း သာလှဆီက မုန့်ဖိုးလည်းယူတယ်… အားရင်အားသလို ဂုတ်ကိုလည်း အလှည့်ကျ ခွစီးပြီး ဆော့ကြတယ်။ အခုမဲလည်းပေးရော- အဲ့မျက်နှာကိုမှမထောက်… လုံးဝပြတ်ပြတ်သားသား တောင်ပြိုကမ်းပြို သူ့အစ်မေကို မဲပေးလိုက်ကြတယ်လေ…

အခုတော့ သာလှတယောက် သောင်ပြင်လွတ်တဲ့ ရွှေဟင်္သာလေး ဖြစ်ပြီ၊ ဘုန်းကြီးဝတ်ပြီး ရိပ်ကြီးပဲ ခိုရတော့မလိုလို၊ မုန့်ဟင်းခါးပဲရောင်းရတော့မလိုလို၊ မဖြစ်ပါဘူး… ရွာက သူကြီး ဘကြီးစိန်ဆီသွားပြီး တခုခုပူဆာမှဖြစ်တော့မှာပါ။


ထူးထူး (တောင်ငူ)