ခင်လွန်း - ဆရာမောင်အောင်ပွင့်သို့ လွမ်းသဖြင့်....


ခင်လွန်း - ဆရာမောင်အောင်ပွင့်သို့ လွမ်းသဖြင့်....
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၅


သို့
ဦးပုရွက်ဆိတ်
မှ
...

ခုလောက်ဆို ပုသိမ်မြို့ညနေခင်း င၀န်မြစ်ကမ်းဘေး ရှုခင်းရှုကွက်ကောင်းကောင်းလေးတနေရာမှာ အကိုပွင့်နဲ့သူ့မိတ်ဆွေတွေ ရဲဘော်တွေ ညီအကိုတွေ ရီဝေနေကြလေပြီလား။
ဒီနေ့ ကဗျာဆရာမောင်အောင်ပွင့်ရဲ့ အသက် (၇၀)ပြည့်မွေးနေ့။
ဒီနေ့မတိုင်မီ နှစ်တွေ လတွေထဲက ကျနော် ဒီနေ့ဒီရက်မှာ သူနဲ့ကျနော်ကြားအမှတ်ရစရာလေးတွေ ရေးမယ်စိတ်ကူးထားခဲ့တယ်။
ဒါပေမဲ့ ဒီနေ့သာ ရောက်သာလာရော ကျနော် ဘာမှမရေးဖြစ်ခဲ့ပြန်ဘူး။
နောက်တခါ ဘယ်နေ့မှာ ရေးရမလဲဆိုပြီး ကျနော်ဟာ တေးမှတ်ထားပါလိမ့်အုံးမယ်။ ပြီးတော့လဲ အဲဒီနေ့ရောက်တဲ့အထိ ဘာတလုံးမှမရေးဖြစ်ခဲ့သလို နှစ်တနှစ်ဟာလဲ အရင်နှစ်တွေလိုပဲ ကုန်လွန်သွားကြပေအုံးမှာပါပဲ။
ဘာကြောင့်များ အဲဒီလိုဖြစ်ရပါလိမ့်လို့ကိုယ့်ဘာသာဆန်းစစ်တော့ အဖြေတခုရတယ်။
ဒီအဖြေက တခြားသူတဦးဦးနားလည်မယ်မထင်ဘူး။
ထားလိုက်တော့။

သူနဲ့ကျနော့် ကြားထဲကအကြောင်းအရာတွေ၊ မိတ်ဆွေမှာလဲ သူနဲ့မိတ်ဆွေအကြား မမေ့စရာတွေအကြောင်းတွေ အများကြီးရှိချင်ရှိပေလိမ့်မယ် ထင်ပါတယ်။
အဲဒီတော့ အကြောင်းအရာတွေကို ကျနော်မပြောတော့ဘဲ သူနဲ့ကျနော်ကြားက စိတ္တဇဆန်တဲ့(ဒီလိုသုံးတော့ တမျိုးတမည်ယူဆစရာပဲ၊ ကျနော်ဆိုလိုတာက ကိုင်တွယ်ထိတွေ့ပြသလို့မရတဲ့နယ်ပယ်) အရာတွေရှိတဲ့အထဲက အရေးကြီးတာလေးတခုလောက်ပြောပြရမလားပေါ့။

ဥပမာဗျာ ကျနော် သူ့ကို ချစ်တယ်။ အကိုတယောက်လို၊ ကျနော်တန်ဖိုးထားတဲ့ကဗျာဆရာတယောက်လို။ အဲဒါမျိုး။ ပြီးတော့ သူ့ကိုကျနော်ယုံတယ်။ သူ့ဘ၀ဖြတ်သန်းမှု အစုစုကိုသိလို့ယုံတာ။ ဒီလောက်ဆိုလုံလောက်ပြီထင်ရဲ့။
ဆိုတော့ မိတ်ဆွေမှာလဲ ဒါတွေ ရှိနိုင်ပါလိမ့်မယ်။
တခုရှိတာက ကျနော့် သူ့ကိုထားတဲ့စိတ်မျိုး သူကျနော့် အပေါ်ထားမထား၊ ဘယ်လောက်ထိ လေးနက်မနက်။

ကျနော်က ဘာမှမဟုတ်တော့ ဘာကိုမှတယောက်ယောက်ဆီက ကြီးကြီးကျယ်ကျယ်မျှော်လင့်နိုင်သူမဟုတ်။ ကိုယ်က တစုံတဦးအပေါ် ဘယ်လောက်ပေးထားပေးထား ကိုယ်က ပြန်ရချင်မှရတဲ့အခြေအနေ။ ကိုယ့်ဘာသာပြန်ကြည့်တော့
နံမည်ကြီး ကဗျာဆရာ စာရေးဆရာ စာပေသမား ဘာမှမယ်မယ်ရရ မဟုတ်ရဘူး။ စာပေနယ်မှာလဲ ထမင်းထုပ် ဟင်းထုပ်အဆင့်ပေါ့။ ရုပ်ရှင်စကားနဲ့ဆိုရင် ဖြတ်လျှောက်အဆင့်လောက်။
ဒါပေမဲ့ လူတယောက်နဲ့လူတယောက်မှာ အတွင်းသားချင်း စီးဆင်းထွင်းဖောက်မြင်နိုင်တဲ့အခါမျိုး သူနဲ့ကျနော်ကြားရှိခဲ့တယ်လို့ကျနော်ခံစားရတဲ့အခါတွေ ရှိတယ်။
ဘာကြောင့်လဲဆိုတော့ တနေ့မှာ သူဟာ ကျနော့်ကို ဘ၀ချင်း လူချင်း ပုံအပ်ကြရမယ့်အလုပ်တာဝန်တခု စိတ်တူကိုယ်တူ လုပ်ကြဖို့ တိုင်တည်လာတယ်။
ဒီ့ထက်အဆုံးအစွန်ဆိုတာ မီးလျှံတရဲရဲနဲ့ချောက်ကမ်းပါးပဲရှိတော့တယ်။
ကျနော်တို့နှစ်ယောက်သားကြားမှာ ပါးပါးလေးနဲ့သီထားတဲ့ကြိုးဟာ တယောက်ပေါ်တယောက်ယုံကြည်မှုပဲ။
ကျနော်ဟာ သူ့အပေါ်မှာ တည်မှီနေသလို သူဟာ ကျနော့် အပေါ်မှာ တည်မှီနေခဲ့တယ်။ အဲဒါဟာ အရာခပ်သိမ်းပဲ။

ဒါကို မိတ်ဆွေသိအောင်လဲ ကျနော်ရှင်းပြမနေချင်တော့ဘူး။
အကြောင်းအရာတခုခုလို ပြောလို့လွယ်ကူတာမျိုးမဟုတ်တော့ ကျနော်သိပ်လဲပြောပြမနေချင်ဘူး။
အဲဒါနဲ့ပဲ သူဟာ (၇၀)ပြည့်ခဲ့ပြီ။
အဲဒါနဲ့ပဲ ကျနော်ဟာ (၆၀)နီးခဲ့ပြီ။

ခုတော့ သီတာခုနှစ်တန်မက ပင်လယ်သမုဒ္ဒရာတွေတောင်ခြားလို့။
သူ ကျန်းမာရေးမကောင်းဘူး။ ကျနော်က လမ်းကောင်းကောင်းမလျှောက်နိုင်တော့တဲ့ဒုက္ခိတတပိုင်းအဖြစ်။
ဒါပေမဲ့ ကျနော်တော့ ယုံနေတယ်။ " ဟေ့လူ ကိုခင်လွန်း ...ငြိမ်းချမ်းရေးညစာ အတူစားကြမယ်ဗျာ မကြာတော့ဘူးဗျ မကြာတော့ဘူး " လို့ပြောခဲ့တဲ့ ၁၉၉၀ ခုများရဲ့ နှောင်းပိုင်းကာလ နယ်ခြားလိုင်းပေါ်က ညနေခင်းလေးတွေကို ခုထိယုံကြည်နေတုံးပဲ။

ဟုတ်တယ် ကျနော်တို့တွေ ငြိမ်းချမ်းရေးညစာအတူစားကြဖို့ တွေ့ကြရပေးအုံးမယ်။ ရာသီနဲ့ပန်း မှန်းဆကြည့်တော့ ...အင်း တကယ်မကြာတော့ဘူးထင်ပါရဲ့။
အဝေးကနေ
လွမ်းဆွတ်တမ်းတစွာ ဦးညွှတ်အလေးပြုပါတယ်အကိုပွင့်
ချစ်ခင်လေးမြတ်လျက်...

ညီရဲဘော်
...

ခင်လွန်း
ခေတ္တ-နယူးဇီလန်

သရုပ်ဖော်ပန်းချီအား - oothandar.blogspot မှ ရယူပါသည်။