ဖိုးထက် - သံယောဇဉ် ဆန္ဒမဲ


ဖိုးထက် - သံယောဇဉ် ဆန္ဒမဲ
(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၅

“အမေ မဲပေးအုံးလေ။ သားတောင် အဝေးကြီးက အလုပ်ပျက် အကိုင်ပျက်လာခဲ့ရသေးတာ။”

“အေး..ပေးတော့ ပေးချင်ပါတယ် ငါ့သားရယ်။ ဒါပေမယ့် အမေက မန္တလေးလဲ ပြန်ရအုံးမှာ။ ပြီးတော့ ငါ့ရောဂါက အကြာကြီးရပ်ပြုနေလို့ ကောင်းတာ မဟုတ်ဘူး။ ဟိုကောင်မကလဲ ငါပါမှ ရမှာပါဟယ်”

အမေသည် အသက်ကြီးလေ သံယောဇဉ်ကြီးလေ ဖြစ်လာသည်။ အမေ့၏ သား၊ သမီး နှင့် မြေးတွေ အပေါ် ထားရှိသော ကြီးမားသော သံယောဇဉ်တွေကို ခင်မင်ရင်းနှီး ချစ်ခင်ရသော လူတစ်ယောက်ကို ပြောပြတော့ ဒီအသက်အရွယ်နဲ့ တရားလေး ဘာလေး အားထုတ်ပြီး အေးအေးဆေးဆေးနေသင့်ပြီဟု အားမလို အားမရ မှတ်ချက်ပေးသည်။ သူ့မှတ်ချက်ကို ကျွန်တော်တို့ မောင်နှမတွေက သဘောတူပါသည်။ သို့သော် ကိုယ့် အမေအကြောင်းကို ကိုယ်သာ အသိဆုံး။ အမေ၏ သား၊သမီးတွေအပေါ် ကောင်းစေချင်သည့်စိတ်၊ မပြတ်နိုင်သည့် သံယောဇဉ်၊ စိတ်မချသည့် စိတ်တွေက လျော့ပါးသွားသည် မရှိ။ နည်းပါး သွားသည် မရှိ။ မြေးတွေအတွက် အသစ် တိုးပွားလာသည်သာ ရှိသည်။ တစိမ်းတရံတွေအတွက် အမေသည် တရားဓမ္မနှင့် ဝေးသောသူ၊ မနေတတ်မထိုင်တတ် မိန်းမကြီးလို့ ထင်မြင်နိုင်ကြသော်လည်း အမေ့ဘ၀က အများကြီး ဖြူစင်သန့်ရှင်းပါသည်။

အမေသည် သူတစ်ဖက်သား အပေါ် မဟုတ်မမှန်တာ မလုပ်။ သား၊ သမီးလေးယောက်ကို ပညာနဲ့ အသက်မွေးနိုင်ဖို့ တစ်ယောက်တည်း ရုန်းကန်ခဲ့ရသည်။ ဆွေမျိုး ကျောထောက်နောက်ခံ လုံးဝမရှိသော အထက်တန်းပြဆရာမ ဘ၀နှင့် သား၊ သမီးတွေကို ရင်အုပ်မကွာ စောင့်ရှောက်ခဲ့သော ကြက်သအုပ်မကြီးနှင့် တူပါသည်။ စာမကျက်မှာ၊ အိမ်စာ မလုပ်မှာ၊ နေမကောင်းဖြစ်မှာ၊ မလိမ္မာမှာ၊ အပျော်အပါးမက်မှာ၊ အရမ်းလှချင် ပချင်စိတ်တွေများမှာ စသည့် ဘက်ပေါင်းစုံက ထောင့်စေ့အောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသော သူ့စိတ်အပြင်အဆင်တွေက အခုမှတော့ အရာအားလုံးကို ပေယျလက်ကန် ပြုထားလိုက်ဖို့ ခက်ပါသည်။

“ကျွန်တော်တို့ လူကြီးဖြစ်ပါပြီ အမေရယ်။ သားတို့ ဘ၀ကို သားတို့ ကျောင်းနိုင်ပါပြီ။ အမေ မပူပါနဲ့။ နေသာသလို နေပါ” ဟု တိုက်တွန်းသော်လည်း အမေက ကျွန်တော်တို့ကို ကလေးလေးတွေလို့ မြင်ဆဲသာ ဖြစ်သည်။ အခုလဲ သူ့အိမ်ထောင်စု ဇယားရှိရာ ရန်ကုန်မှာ မဲပေးရမှာ ဖြစ်သော်လည်း မန္တလေးကို ပြန်ရမည့် သူ့သမီးအငယ်ဆုံးနှင့် သူ့မြေးအငယ်ဆုံးကို စိတ်မချနိုင်ဘဲ မန္တလေးကို လိုက်ပြန်ဖို့ ပြင်နေသည်။ ထို့ကြောင့် သူ့မဲတစ်မဲကို အလကား မဖြစ်သွားစေဖို့ ကျွန်တော်က မဲပေးဖို့ တိုက်တွန်းနေရသည်။

ပြီးတော့ အမေ့မှာ ဆီးချိုရောဂါ ရှိသည်။ ဆီးချိုထိန်းသိည့် အင်ဆူလင်ထိုးဆေးတွေကို အချိန်အတိအကျနှင့် သူ့ဘာသာ ဆေးထိုးယူနေရလောက်အောင် အမေက ဆီးချိုရောဂါနှင့် ယဉ်ပါးနေခဲ့ပြီ။ သူ့ရောဂါကြောင့် အချိန်နှင့် အတိအကျ အစာ စားရသည်။ အချိန်နှင့် ဆေးသောက်၊ ဆေးထိုး လုပ်ရသည်။ ဆီချိုတိုင်းကိရိယာမှ ပေးသော ကိန်းဂဏန်းများကို မှတ်စုစာအုပ်လေး တစ်အုပ်နှင့် ချရေးမှတ်ပြီး အစား အစာကို လို တိုး၊ ပို လျှော့ လုပ်တတ်နေပြီ။ ထို့ကြောင့်လည်း အမေက တန်းစီ ရပ်စောင့်ပြီး မဲပေးရမှာ ၀န်လေးသလို သူ့သမီးနဲ့ မြေး ခရီးသွားမှာကို စိတ်မချနိုင် ဖြစ်နေသည်။

“ငါ့မဲ တစ်မဲတည်းနဲ့ ဘာမှ မဖြစ်ဘူးလို့ မထင်ပါနဲ့ အမေရယ်။ အမေ သားကို ပြောပြဘူးတဲ့ ပုံပြင်ရှိတာဘဲ။ ဘုရင်ကြီးက သူ့တိုင်းသူပြည်သားတွေကို ညနက်မှောင်မည်းမည်းကြီးမှာ နွားနို့လာထည့်ခိုင်းတော့ အားလုံးက ငါတစ်ယောက်ထဲ ရေရောလို့ ဘာမှ မဖြစ်နိုင်ပါဘူးဆိုပြီး လာထည့်ကြတာ မနက်ကြတော့ ရေတွေချည်းဖြစ်နေတာလေ။ အမေ အဲဒီလို မတွေးပါနဲ့။ မဲပေးဖြစ်အောင် ပေးပါ။ အမေ့သမီးက ကလေးတစ်ယောက်တောင်    မွေးပြီးမှဘဲ။ ဘာစိတ်မချစရာ ရှိသလဲ”  ဟု ကျွန်တော်က ပြောသည်။

“ဖိုးထက်ရယ်..ငါမွေးမှ ကြီးလာတဲ့ အကောင်က။ မိကျောင်းမင်း ရေကင်းပြ မလုပ်စမ်းနဲ့။ ငါသိတယ်။ ငါလဲ မဲပေးချင်တာဘဲ။ ဒါပေမယ့် အဲဒီ အကောင်တွေ လုပ်တဲ့ ရွေးကောက်ပွဲ ငါမယုံဘူး။ အေး..နင်တို့ ဒီလောက်တောင် ငါ့မဲတစ်ပြားကို တန်ဖိုးထားနေရင် ငါ့ကို ကြိုတင်မဲပေးနိုင်အောင်စီစဉ်ပေး။ ဟိုကောင်မ ခေးခေး (သူ့မြေးအငယ်ဆုံးမ) ကိုတော့ သူ့အမေနဲ့ ထည့်မပေးနိုင်ဘူး။ စိတ်မချဘူး” ဟု စောဒက တက်သည်။

သမီးကို အမေအရင်း ဖြစ်သူနှင့်တောင် စိတ်မချနိုင်သော ကျွန်တော့်အမေကို လက်လျှော့လိုက်ပြီး ကြိုတင်မဲပေးဖို့ စီစဉ်ရတော့သည်။ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် ရုံးကို သွားမေးတော့ ထင်သလောက် မလွယ်။ ကျန်းမာရေး ဆေးစစ်ဖို့ မန္တလေး ပြန်ရမှာပါလို့ ကျွန်တော်က လိမ်တော့ ရန်ကုန်ကနေ မန္တလေး ကို ဆေးစစ်ဖို့ သွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး မောင်ရင်ရယ်လို့ လိပ်ပြာမလုံသည့် ကျွန်တော့်ကို ပြောသည်။ မန္တလေးမှာ သူ့သမီးဆရာဝန်မ ရှိတော့ မန္တလေးမှာ ဆေးစစ်ချင်တဲ့ သဘောပါ အန်ကယ်လ်ရယ်ဟု ဆင်ခြေပေးပြန်တော့ ဒါဆို ကားလက်မှတ်ပြတဲ့။ ကားလက်မှတ်က တယ်လီဖုန်းဆက်ဝယ်ထားတာ။ မရှိပါဘူးဆိုပြန်တော့ မရှိရင် မရဘူးလို့ တင်းခံပြန်သည်။ ကျွန်တော် မတတ်နိုင်တော့။ လိမ်ရပြန်သည်။ ကျွန်တော့်အတွက်ဝယ်ထားသော ကားလက်မှတ်ကို နာမည်ပြောင်း၊ ရက်စွဲပြောင်းပြီး မိတ္တူကူးကာ ပြန်ပြပြန်တော့လည်း အင်တင်တင်။ တိုက်မှုး လက်မှတ် ယူပါအုံးတဲ့။ အတူပါလာသည့် အမေက စိတ်မရှည်တော့။

“ကျွန်မ အသက် ၇၀ နားနီးပြီ။ တစ်သက်လုံး မဟုတ်တာ၊ မမှန်တာ မလုပ်ခဲ့ဘူး။ လိမ်လဲ မပြောခဲ့ဘူး ဘူး။ တကယ် မန္တလေးပြန်မှာမို့ မန္တလေးပြန်မှာ ပြောတာ။ ရှင်တို့ မယုံရင် မနက်ဖြန် ကားဂိတ်ဆင်းရင် လိုက်ခဲ့။ Taxi ခ အသွားအပြန် ကျွန်မပေးလိုက်မယ်။ အခု ရှင်တို့ လိုချင်တဲ့ ကားလက်မှတ် အထောက်အထားလဲ ရပြီ။ ရောဂါသည် ကျွန်မ လူကိုယ်တိုင်လဲ ရပ်စောင့်နေရတာ ချွေးတွေ ထွက်တာများလို့ ခေါင်းတောင် မူးနေပြီ။ ကြိုတင်မဲကို လက်ခံမလား၊ လက်မခံဘူးလား ရှင်းရှင်းပြော။ ဝေ့လည်ကြောင်ပါတ်မလုပ်နဲ့။ ဘာတိုက်မှုး လက်မှတ်မှ မယူပေးနိုင်ဘူး။ ဒါဘဲ” ဟု အမေက ငယ်မူငယ်သွေး ကြွစွာ စွာတေးလန်တော့သည်။

ထိုင်ရာမထ၊ အီးလေးစွဲ အလုပ်လုပ်နေသည့် ရွေးကော် ကော်မရှင်ဆိုသည့် လူကြီးသည် အမေ့ကို တစ်ချက်မှ လှည့်မကြည့်တော့ဘဲ “ကိုင်း..ကိုင်း..ဒါဆိုလဲ လုပ်ပါ။ လုပ်ပါ အမကြီး” ဟု ခွင့်ပြုလိုက်သည်။ အမေ့ကို မဲတံဆိပ် မထုခင်မှာ လက်မှတ်ပေါ်မှာ သက်ဆိုင်ရာ ရွေးကော် လက်မှတ် ပါ၊ မပါ စစ်ဖို့။ NLD အလံကို တယ်လီဖုန်းထဲက ပြပြီး ဆင်တူရိုးမှား တံဆိပ်တွေကို သတိထားဖို့။ တံဆိပ်တုံး ထုရင် သေသေချာချာ ထုဖို့။ စာရွက်ကို ခေါက်ရင် မှင်မစွန်းအောင် လေနဲ့ မှုတ်ပေးပြီး အခြောက်ခံဖို့။ သက်ဆိုင်ရာ မဲလက်မှတ်ကို သက်ဆိုင်ရာ စာအိတ်ထဲ ထည့်ဖို့။ မဲပုံးမှားမထည့်ဖို့ ကျွန်တော် ဘေးမှ တတွတ်တွတ်မှာနေသည်ကို အမေက “နင်ငယ်ငယ်က သချာင်္ဖြေခါနီး ငါမှာနေသလိုပါဘဲလားဟဲ့ ဖိုးထက်ရဲ့..ငါက နင့်လို မဟုတ်ဘူး။ ဒီလောက်မှာလိုက်တာတောင် အမှားတွေ ဖြေခဲ့မယ့် နင့်လိုများ ထင်နေသလား။ ငါသိပြီ။” ဟု နားညည်းရှာသည်။

မဲပေးပြီး အမေထွက်လာတော့ “အေးဟဲ့..နင်ပြောတာ ဟုတ်သားဘဲ။ ဆင်တူရိုးမှား တံဆိပ်တွေ များလိုက်တာ။ ဒါ သက်သက်မဲ့ လုပ်ထားတာ နေမှာ။ ဘယ်လိုဘဲဖြစ်ဖြစ် အောင်ဆန်းစုကြည်ရဲ့ ပါတီဘဲ မဲပေးခဲ့ပါသတော်။ (အမေ့အသက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ရွယ်တူလောက် ဖြစ်ပါသည်။) ငါက ဘွဲ့ရ ပညာတတ် အငြိမ်းစားမို့ တော်သေးတယ်။ တောသူ တောင်သားတွေဆို အများကြီးမှားနိုင်တာပေါ့။ ကလိမ်ကကျစ်နဲ့ ဘယ်လိုလူတွေလဲ မသိပါဘူး ငါ့သားရယ်။ စိတ်ပျက်စရာကြီးပါလား။ လူတွေကဖြင့် သေခါနီး တွင်းတစ်ခြမ်းဆင်းနေပြီ။ အခုထိ ညစ်ချင်၊ ကပ်ချင်တုံး” ဟု သူ့ကို ပေကတ်ကတ်လုပ်ခဲ့သည့် မဲရုံမှုးကြားလောက်အောင် ရိသဲ့သဲ့ ပြောပြီး ရင်ကော့ ခေါင်းမော့ ထွက်လာသည်။

တိုက်ခန်းပေါ် ပြန်ရောက်တော့ အမေ့ခမျာ ဖတ်ဖတ်မောနေပြီ။ ဆီးချိုတွေလဲ အရမ်းကျနေသည်ထင်တယ်ဟု သူ့ဘာသာ ထင်ပြီး တိုင်းကြည့်တော့ ဟုတ်သည်။ ဆီးချိုတွေ ကျနေသည်။ အချိုတစ်ခုခု ငါ့လုပ်ပေးစမ်းဟု သူ့မြေးမကြီးကိုခိုင်းပြီး စားကာ အိပ်ရာပေါ်မှာ မှိန်းနေရှာသည်။ အိပ်နေရာက အမေထလာတော့..

“နင်တို့ ဇွတ်မဲသွားပေးခိုင်းလို့သာ ပေးရတာပါဟယ်။ လုပ်ပုံ ကိုင်ပုံ အလုပ်လုပ်တာကလဲ စည်းစနစ်မကျ။ ပျင်းက ပျင်းသေး။ ဖျင်းက ဖျင်းသေး။ ဒါနဲ့များ နိုင်ငံကို ဆက်အုပ်ချုပ်ချင်သေးတယ်။ အေးလေ..ခိုးလို့မ၀သေးလို့ နေမှာပေါ့။ အောင်ဆန်းစုကြည် နဲ့ ငါနဲ့က ဘ၀မှာ ရုန်းရ ကန်ရတာ ဘ၀တူတွေဟဲ့။ အဲဒီ အစိုးရနဲ့ နင်တို့ အဖေနဲ့ အတူတူဘဲ။ သောက်သုံးက တစ်စက်မှ မကျဘူး။ လူရာဝင်ချင်တာလဲ သူတို့အပြင်မရှိဘူး။ ဟား…ဟား…” ဟု မကျေမချမ်းနိုင် ပြောပြန်သည်။

“ကိုင်းပါ..အမေရယ် နားပါတော့။ မနက်ဖြန်လဲ ခရီးသွားရအုံးမယ်မို့လား။ ဒီနေ့ နားထားနော်။ သား အောက်ဆင်းပြီး လ္ဘက်ရည် သွားသောက်အုံးမယ်” ဟု ဆင်းပြေးခဲ့ရသည်။

“ဟိုကောင်..ဘီယာ၊ အရက်တွေ သောက်မလာနဲ့အုံး။ နင့်အစာအိမ်က ကောင်းတာလဲ မဟုတ်ဘဲနဲ့ အသက်ဥာဏ်စောင့်တဲ့။ လ္ဘက်ရည်ဆို လ္ဘက်ရည်ဘဲသောက်။ မိုးလဲ ချုပ်မနေနဲ့။ ညနေစာ ဒီမှာစား။ နင်ကြိုက်တဲ့ ကြက်ဥ အချဉ်ဟင်း ချက်ပေးထားမယ်…..” ဟု စသည့် မှာတမ်းချွေစကားများကို ပြန်ပြောမနေတော့ဘဲ အမြန်ဆင်းပြေးခဲ့ရသည်။

ကျွန်တော့် အမေသည် ကျွန်တော့် အမေသာ ဖြစ်သည်။ အမေ့ကို တရားလေး ဘာလေး အားထုတ်ပါတော့။ အပူတွေ လျှော့ပါတော့လို့ ကျွန်တော် ဘယ်တော့မှ ပြောဖြစ်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အမေသည် နိုင်ငံသားကောင်း တစ်ယောက် ဖြစ်သည်သာ မက ကျွန်တော်တို့ အတွက် အလွန်တာဝန်ကျေခဲ့သည့် မိခင်ကောင်းတစ်ယောက်၏ ဂုဏ်ကျက်သရေကို လေးစားသင့်သည် မဟုတ်ပါလား။

ဖိုးထက်