ဖိုးထက် - သမ္မတ အထက်က ဘယ်သူမှ မထားနဲ့


ဖိုးထက် - သမ္မတ အထက်က ဘယ်သူမှ မထားနဲ့
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၅

ရွေးကောက်ပွဲတွင် ကျွန်တော်တို့ အားပေးသော NLD က သောင်ပြို ကမ်းပြို နိုင်နေသောအခါ အစိုးရဖွဲ့နိုင်ဖို့ အလားအလာကောင်းနေခဲ့ပြီ။  ထို့အတွက် မည်သူက သမ္မတလုပ်မည်နည်း၊ မည်သူက ဘာလုပ်မည်နည်းဆိုသည့် မေးခွန်းသည် အတော်တွေးဖို့ ကောင်းသည့် အကြောင်းအရာ ဖြစ်လာသည်။ ထိုအကြောင်းနှင့် ပါတ်သက်ပြီး မာမီကြီးကို သတင်းဌာန တစ်ခုက အင်တာလာဗျူးသည်။ မာမီကြီးက သူသမ္မတ မလုပ်ရလဲ သူက သမ္မတ အထက်မှာ ရှိမည်တဲ့။ သမ္မတကို သူ Control လုပ်မည်တဲ့။

ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ ပြည်သူလူထုက နှစ်သက် သဘောကျသော ကိစ္စတွေ များစွာထဲမှာ စကားကို ဝေ့လည်ကြောင်ပါတ် မပြောဘဲ ထိုကဲ့သို့ ဒဲ့တိုးကြီး အမှန်ကို ပြောတတ်သည့် အရည်အချင်းသည်လည်း တစ်ခု အပါအ၀င်ဖြစ်သည်။ ၅၉(စ) အရ မာမီကြီး သမ္မတ မဖြစ်နိုင်သောကြောင့် NLD က တင်သော သမ္မတသည် မာမီကြီး၏ ထားရာနေ၊ စေရာသွား ဖြစ်မည့်သူဆိုတာ လူတိုင်းသိသည့် လျှို့ဝှက်ချက် ဖြစ်သည်။ ဒီ့အတွက်လဲ ဘာမှ စိတ်ပူပန်နေဖို့ မလို။ တလွဲတွေလုပ်၊ ပြောချင်တာပြော၊ နေချင်သလို နေမည့် ရုပ်သေး သမ္မတ မဖြစ်နိုင်ဘူးဆိုတာလဲ သေချာသည်။ 

သို့ပေမယ့်လည်း….
အဆိုပါ “သို့ပေမယ့်လည်း….” သည် မာမီကြီးကို တော်လှန်ပုန်ကန်မည့် အဓိပ္ပါယ်မရှိဆိုတာကို စာဖတ်သူ အရင်ဆုံးသိသင့်ပြီး စာကို ပြီးဆုံးအောင် ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါသည်။ ပြီးလျှင် ဒီလို ငချွတ်တွား ဘယ်က အကောင်မှန်း မသိသူ မောင်ဖိုးထက် ဘာပြောချင်တယ်ဆိုတာ နည်းနည်း သဘောပေါက်လိမ့်မည်ဟု အနည်းငယ် မျှော်လင့်မိသည်။

ဒီမိုကရေစီ စနစ်ကြီးစိုးသော နိုင်ငံကို သွားကြမည်ဆိုလျှင် သမ္မတသည် နိုင်ငံ၏ အမြင့်ဆုံး အာဏာကို စွဲကိုင်သူ ဖြစ်ရသည်။ သို့ပေသိ သူ့ကို လုပ်ချင်တာ လုပ်လို့ အသားလွတ်ကြီး လွှတ်ထားတာ မဟုတ်။ လွှတ်တော်တွေက အဆိုပါ သမ္မတဆိုသည့် ပုဂ္ဂိုလ်ကို ထိန်းချုပ်ထားသည်။ ဆိုကြပါစို့…လက်ရှိ ကမ္ဘာကြီးတွင် နံပါတ် တစ်ဆိုသည့် အမေရိကန် သမ္မတ အိုဘားမား။ သူ့သဘာနှင့် သူ ဆီးရီးယားဘက်က အိုင်အက်စ်တွေကို တိုက်ဖို့ ဆုံးဖြတ်ချက် ချလို့မရ။ သူ့စိတ်ဆန္ဒ ရှိသည် ဆိုလျှင် အထက်လွှတ်တော်၊ အောက်လွှတ်တော်တွေကို စည်းရုံးရသည်။ နားချရသည်။ လွှတ်တော်တွေမှာ မဲခွဲပြီး သူ့အလိုဆန္ဒဘက်ကို လိုက်သည့် မဲများပါမှ တပ်မကြီးများ၊ တိုက်ခိုက်ရေး တပ်များကို စေလွှတ်လို့ ရသည်။ အားနာပါသည်။ စာဖတ်သူ သိပြီးသားတွေ ပြန်ပြောနေရတာ ပျင်းပေရော့မည်။ 

ဒီမိုကရေစီ နိုင်ငံတွေ၏ သမ္မတများသည် နိုင်ငံခေါင်းဆောင်များ ဖြစ်သည်ဆိုတာ သံသယ ၀င်ဖို့ မလို။ သူတို့သည် တိုင်းသူ ပြည်သားများ၏ ယုံကြည်ကိုးစားမှုကို ရာခိုင်နှုန်း အများကြီး ရထားသောသူများလည်း ဖြစ်သည်။ ထို့ကြောင့် သူတို့နှုတ်က ထွက်သော ခြိမ်းခြောက်စကားများ၊ ချစ်ကြည်ရေး စကားများသည် အဆိုပါ နိုင်ငံ၏ ရည်ရွယ်ရာလို့ သတ်မှတ်လို့ ရသော်လည်း သူတို့ခင်မျာ အထက်က ကျွန်တော် ပြောခဲ့သလို လုပ်ချင်တိုင်း လုပ်လို့ ရပြန်တာတော့ မဟုတ်။ 

အမေရိကန် သမ္မတများကိုဘဲ ဥပမာ ပေးချင်သည်။ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန် ၀င်တိုက်တော့ အမေရိကန် ပြည်သူ ပြည်သားများက လက်သင့်မခံခဲ့တာ သမိုင်းမှာ အထင်အရှားရှိသည်။ ထို့ကြောင့်လည်း ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်းသာ မပြောင်းမလဲ ရှိနေသော်လည်း အမေရိကန် နိုင်ငံမှ သမ္မတများကတော့ တစ်ဆက်ပြီး တစ်ဆက် ပြောင်းရင်း ထိုစစ်ပွဲအတွက် နိုင်ငံရေး သိက္ခာကျခဲ့ကြရသည်။ နောက်ဆုံးမှာ ဗီယက်နမ်ကနေ အမေရိကန်တွေ ထွက်လာဖို့ ဆုံးဖြတ်ချက် ချခဲ့ရသည်။ သူတို့အားကြီးနဲ့ သူတို့ လက်နက်တွေနဲ့ ဗီယက်နမ်ကို စိစိညက်ညက် ချေမယ်ဆို ချေလို့ ရသည်။ အမှုန့်ဖြစ်အောင် ထုထောင်းလိုက်လို့ရသည်။ သို့သော် အမေရိကန် ပြည်သူလူထု၏ စိတ်ဆန္ဒကို ဘယ်အမေရိကန် သမ္မတမှ မျက်ကွယ်ပြုပြီး ဗီယက်နမ်ကို ထပ်မတိုက်နိုင်ခဲ့။

တိုင်းပြည်တစ်ပြည်၏ အာဏာသည် ဘယ်သူ့လက်ထဲမှာမှ မရှိ။ ဘယ်သူမှလဲ အကြာကြီး ယူထားလို့ မရ။ နှစ်ပေါင်း ငါးဆယ်လား၊ တစ်ရာလား ယူထားလို့ ရချင်ရမည်။ နောက်ဆုံးမှာတော့ အဆိုပါ တိုင်းပြည်၏ သြဇာအာဏာသည် အဆိုပါ တိုင်းပြည်၏ ပြည်သူ ပြည်သားများ လက်သို့ ပြန်ရောက်ရသည် ချည်း ဖြစ်သည်။ တိုင်းသူ ပြည်သားများသည် နိုင်ငံရေးကို အမြဲ မျက်ချေမပြတ် လိုက် မကြည့်နိုင်အား။ ငါတို့ အစိုးရ ဘာတွေ လုပ်နေပါလိမ့်၊ ဘာတွေ လုပ်တော့မှာပါလိမ့်လို့ အမြဲတွေးနေရသော တိုင်းပြည်၏ ပြည်သူ ပြည်သားများ ဖြစ်နေသည်ဆိုလျှင်လည်း အုပ်ချုပ်ရေး စနစ်မှာ တစ်ခုခု မှားနေပြီလို့ ဆိုရချေမည်။ ကိုယ့်တိုင်းပြည်မှာ ဘယ်သူတွေ အစိုးရ တက်လုပ်နေပါလိမ့်လို့ တွေးစရာ မလိုဘဲ တရားဥပဒေ စိုးမိုးသည့် နိုင်ငံသည်သာ အကောင်းဆုံး တိုင်းပြည် ဖြစ်မည်။ ဒါကြောင့်လဲ နိုင်ငံရေး ပညာရှင်များက ရှိလို့ ရှိမှန်းတောင် မသိရတဲ့ အစိုးရသာ အကောင်းဆုံး အုပ်ချုပ်သူ အစိုးရဟု ဆိုကြသည် မဟုတ်ပါလား။ 

ထို့ကြောင့် တိုင်းသူ ပြည်သားများသည် သူတို့ အစားနိုင်ငံအုပ်ချုပ်ရေးမှာ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်စေဖို့ လွှတ်တော်အမတ်များကို လစာပေးပြီး ခိုင်းသည်။ မီးမမှန်တာ၊ ရေမမှန်တာမှ အစ အခြားတိုင်းပြည်ကို စစ်ပြုခြင်းဆိုသည့် ဆုံးဖြတ်ချက် အကြီးကြီးတွေကို ချမှတ်ဖို့ သူတို့ယုံကြည်သည့် ခေါင်းဆောင်တွေကို ခိုင်းသည်။ ခိုင်းလို့ ကောင်းလျှင်၊ အရည်အချင်းရှိလျှင် ဆက်ခိုင်းသည်။ ခိုင်းမကောင်း၊ မယုံကြည်ရ၊ သောက်တလွဲတွေ လုပ်တာများလျှင် ချက်ချင်း လက်ငင်း ပြန်ဆွဲချလို့ရအောင် စနစ်၊ ဥပဒေတွေနဲ့ ပြန်ထိန်းချုပ်သည်။ 
ထိုခေါင်းဆောင်များ၊ ၀န်ကြီးများကို နိုင်ငံတော် သမ္မဆိုသည့် ပုဂ္ဂိုလ်က ဦးဆောင် ဦးရွက်ပြုသည်။ သူတို့ အစိုးရအဖွဲ့ကိုမှ လွှတ်တော်တွေက ပြန်ပြီး ထိန်းကျောင်း ကွပ်ညှပ်သည်။ အစိုးရအဖွဲ့ကို ဦးဆောင်သည့် သမ္မသည် အမှန်တော့ အင်္ဂလိပ်လို ပြောရလျှင် Initiative ရှိသူ ဖြစ်ရသည်။ တိုင်းသူ ပြည်သားတို့ မျက်စိမှိတ်ယုံကြည်လို့ ရသည့် လူကောင်းလဲ ဖြစ်ရသည်။ တော်လဲ တော်ရသည်။ ခေါင်းဆောင်ကောင်းလဲ ဖြစ်ရသည်။ အစိုးရအဖွဲ့ကို ဦးဆောင်နိုင်သလို လွှတ်တော်များကိုလဲ စည်းရုံးနိုင်စွမ်းရှိသူ ဖြစ်ရသည်။ ထို့ကြောင့် သမ္မတသည် နိုင်ငံ တစ်နိုင်ငံ၏ အာဏာအများဆုံး ရှိရသူ ဖြစ်သင့်သည်။ 

ကျွန်တော်တို့ နိုင်ငံ ဖွဲ့စည်အုပ်ချုပ်ပုံကို ပြန်ကြည့်ပါ။ အရေးပါ အရာရောက်သည့် ပြည်ထဲရေး၊ ကာကွယ်ရေး၊ စစ်တပ်တွေကို ကာကွယ်ရေး ဦးစီးချုပ်ဆိုသည့် ကာချုပ်က တိုက်ရိုက် စီမံကွပ်ကဲသည်။ စစ်တပ်လဲ သူ့အောက်။ ရဲတွေလဲ သူ့အောက်။ သူက အရေးကြီးတယ်လို့ သတ်မှတ်ပြီး အခြားသူများကို ပြမဖြစ်ဘူးလို့ သတ်မှတ်သည့် သတင်း၊ အချက်အလက်များကို သမ္မတကိုသော်မှ မပြဘဲ ထိန်ချန်ထားပိုင်ခွင့်ရှိသည်။ အစိုးရအဖွဲ့က ငြိမ်းချမ်းရေးစကား ကမ်းလှမ်းချိန်မှာ ဘယ်တိုင်းရင်းသားတပ်များကို မဆို သူ့ အမိန့်နှင့် တိုက်ပွဲကြီးများ ဆင်နွှဲနိုင်သည်။ ခပ်တိုတို ပြောရလျှင် လက်ရှိ ဖွဲ့စည်းပုံအရ ကာချုပ်သည် သမ္မတထက် ဓားထက်သူ ဖြစ်သည်။ အခြားသော ဒီမိုကရေစီ နိုင်ငံတွေမှာ ကာကွယ်ရေး ဦးစီးချုပ်များ၊ ထောက်လှမ်းရေး အရာရှိချုပ်များ စသည့် အရေးပါသူများကို သမ္မတက တိုက်ရိုက် ညွှန်ကြားလို့ရသည်။ သမ္မတသာ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်လျှင် အဆိုပါ ပုဂ္ဂိုလ်များသည် သမ္မတ၏ ညွှန်ကြားချက်များကို လိုက်နာရသည်။ တစ်ဦးနဲ့ တစ်ဦး ယုံကြည် လေးစားမှုများဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြသည်။

မိကျောင်းမသားရယ် လျှာရယ် ရှည်ရန်ကောလို့ ပြောချင်ပါလိမ့်မည်။ ကျွန်တော် ဆိုလိုချင်တာက တကယ့် ဒီမိုကရေစီ နိုင်ငံကို သွားကြမည်ဆိုလျှင် သမ္မတသည် နိုင်ငံ၏ အမြင့်ဆုံး အာဏာများ အများစု ရှိသူ ဖြစ်ရပါမည်။ မာမီကြီး ပြောသလို ရုပ်သေးသမ္မတ တင်မည်ဆိုလျှင်လည်း ခေတ်စကားနဲ့ ပြောရလျှင် သိပ် အထာမကျတာတော့ အမှန်။ သိပ်မနိပ်လှ။

မြန်မာစကားမှာ အစကောင်းမှ အနှောင်းသေချာ ဆိုသည့် စကားပုံ ရှိသည် မဟုတ်ပါလား။ ဒီမိုကရေစီ ခေတ်သစ်၊ စနစ်သစ်ကြီးကို အစအဦး သွားကြမည်ဆိုလျှင် အစကောင်းထားဖို့ လိုသည်။ စကတည်းက ရုပ်သေး သမ္မတတွေနှင့် ခရီးထွက်ခဲ့ရတာ ဘယ်လိုမှ အဆင်မပြေ။

ဒီလို ပြောလို့ မာမီကြီးကို သမ္မတ အထက်မှာ မနေနဲ့လို့ မဆိုလို။ မာမီကြီးကို သမ္မတ လုပ်ခွင့်ပေးဖို့ ပြောလိုရင်းသာ ဖြစ်သည်။ သမ္မတတော့ သမ္မတ။ ကာကွယ်ရေး ဦးစီးချုပ် မျက်နှာကြည့်ပြီး ထမင်းလုပ် မျိုချရသည့် သမ္မတ မဖြစ်ဖို့လည်း လိုပါသည်။ တကယ့် ဒီမိုကရေစီ နိုင်ငံတွေက သမ္မတတွေလိုမျိုး ကာချုပ်တွေ၊ ပြည်ထဲရေးတွေ၊ ကာကွယ်ရေးတွေဆိုသည့် လူများကို ညွှန်ကြားချက်ပေး ဦးဆောင်နိုင်သည့် သမ္မတဖြစ်ဖို့ လိုပါသည်။ 

ပြောရတာ မောပါသည်။ မြန်မာပြည် စစ်တပ်ကို ဗိုလ်လုပ် အုပ်ချုပ်နေသည့် ထိပ်ပိုင်း စစ်ခေါင်းဆောင်များသည် ခံစစ်ကို အခိုင်အမာ တည်ထားသော သူများ ဖြစ်သည်။ သူတို့၏ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ ကတုတ်ကျင်းထဲက မထချင်သော သူများ ဖြစ်သည်။ မာမီကြီးက အာဃာတ မထားပါဘူး။ ဂုဏ်ကျက်သရေ ရှိသော ခေတ်မှီစစ်တပ်ကြီး၊ ပြည်သူလူထု ချစ်ခင် ကြည်ညိုသော စစ်တပ်ကြီး ဖြစ်အောင် လုပ်ပါမည်လို့ ပြောနေပါသော်လည်း ကယ်တင်ရှင် မင်းသားကြီး မျက်နှာဖုံးကို စွပ်ထားသည့် ဘီလူးနဲ့ တူပါသည်။

ကျွန်တော့်စာကို ပြန်ကောက်ပါရစေ။ သမ္မတ အထက်က မာမီကြီးဆိုသည့် ကိစ္စသည် မာမီကြီးအတွက်၊ ကျွန်တော်တို့ အတွက် ပြဿနာ မဟုတ်သော်လည်း အစကောင်းသည့် အလေ့အထ မဟုတ်တာကိုတော့ သိကြမည်ဟု မျှော်လင့်သည်။ ဘယ်အလုပ်ကို လုပ်လုပ် စည်းစနစ်ကောင်းကောင်း၊ အလေ့အထ ကောင်းကောင်းနဲ့ စလုပ်ခဲ့လျှင် အောင်မြင်ဖို့ ရာခိုင်နှုန်း အများကြီး ရှိတယ်ဆိုတာ နိုင်ငံ့ခေါင်းဆောင်တွေက ပိုပြီး သိပါသည်။ 

အထက်က ပြောချင်တာပြော၊ ရေးချင်တာ ရေးခဲ့သမျှကို မေ့လိုက်ပါ။ ၅၉(စ) ကို ပြင်ပါ။ မာမီကြီးကို သမ္မတဖြစ်ခွင့်ပေးပါ။ သူ့အသက်အရွယ်အရ သူလုပ်နိုင်လှ နောက်ဆယ်နှစ်ဆိုတာ အလွန်ဆုံး။ ဒီမိုကရေစီ အုတ်မြစ် ခိုင်ခိုင်မာမာကြီး ချထားခဲ့ဖို့ မာမီကြီးကို ဦးဆောင်ခိုင်းပါ။ ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲက ထွက်ပါ။ နောင်လာ နောက်သား သား၊ သမီး မြေးမြစ်တွေရဲ့ မျက်နှာကို ငဲ့ပါ။ ကိုယ့်နေရာကိုယ် နေကြပါ။ သမ္မတအထက်က လူရှိတတ်သည့် အဆင်မပြေသော စနစ်ကြီးကို ရပ်ခဲ့ကြပါ။

ဖိုးထက်