တူမောင်ညို - သြော် .... ဖျာလိပ်ကိုယ်စီနဲ့တဲ့လား


တူမောင်ညို - သြော် .... ဖျာလိပ်ကိုယ်စီနဲ့တဲ့လား
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅

သိုးဆောင်းစကားပုံတစ်ခု ရှိပါရောလား။

“အောင်မြင်မှုမှာ ဖခင်တစ်ထောင်ရှိပြီး  ရှုံးနိမ့်မှုကတော့ မိဘမဲ့” ဆိုတာလေ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင် ရှုံးနိမ့်သွားတဲ့ ကြံ့ဖွံ့ပါတီမှာတော့ ရှုံးနိမ့်မှုဟာ မိမဲ့ ဘမဲ့မဟုတ်ပါဘူး။

ဘူးလက်ဗိုလ်လှဆွေ၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ သူရဦးအောင်ကို၊ ဦးဌေးဦးစတဲ့ စစ်ဗိုလ်ဟောင်းများဟာ ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲမှာ ဘာကြောင့်ရှုံးရသလဲဆိုတာနဲ့ပတ်သက်ပြီး သန်ရာသန်ရာ ရှုဒေါင့်ကနေပြောဆိုနေကြပါတယ်။ အဲဒီလို ပြောနေတာတွေထဲကသူရဦးအောင်ကိုပြောတာကို တည်ပြီးပြောပါရစေ။ အခြားသူတွေပြောတာတွေကိုလည်း လိုအပ်တဲ့နေ ရာမှာ ထည့်ပြောသွားပါ့မယ်။

နှိုင်းယှဉ်ပြောရရင် ဘူးလက်ဦးလှဆွေပြောတာနဲ့ သူရဦးအောင်ကို ပြောပုံ ပြောနည်းမတူပါဘူး။ ကြံ့ဖွံ့ပါတီကို ပြည်သူတွေက ဒဏ်ခတ်လိုက်တယ်ဆိုတာကိုတော့ တိုက်ရိုက်ဒဲ့ဒိုးမဟုတ်ပေမယ့် သူ့နည်းသူတို့ဟန်နဲ့ ဝန်ခံကြတာမှာတော့တူပါတယ်။ ဒီလိုပြောရာမှာတော့ ဘူးလက်ဗိုလ်လှဆွေပြောပုံက ကွက်ကွက်ကွင်းကွင်းပြောပြီး၊ မိုက်မိုက်ကန်းကန်း ဝန်ခံသွားတာမျိုးဖြစ် ပါတယ်။

ဘူးလက်ဗိုလ်လှဆွေအပြောကို  အပေါ်ယုံအားဖြင့် နားထောင်လိုက်ရင် အနိုင်ရပါတီကို မလိုမုန်းထားစိတ်နဲ့ပုတ်ခတ်ပြော တာဖြစ်ပေမယ့် တကယ့်အနှစ်သာရကတော့ ကြံ့ဖွံ့ပါတီကဝင်ပြိုင်ရင် ဘယ်လောက်သိက္ခာရှိတဲ့သူ၊ ဖြောင့်မတ်မှန်ကန်တဲ့သူ ဖြစ်ဖြစ် အရှုံးကြီးရှုံးမှာပဲဆိုတဲ့အချက်ကို ဗြောင်ဝန်ခံလိုက်တာဖြစ်ပါတယ်။

သူရဦးအောင်ကိုကတော့ ရှုံးနိမ့်သွားရတဲ့ အကြောင်းတရားများစွာရှိပေမယ့် လိုရင်းအကြောင်းကိုပဲ အချက် ၃ ချက်နဲ့သုံးသပ် ပြပါတယ်။

● ပထမနဲ့ အဓိကအကြောင်းတရား
“ဒီလောက်ကြီးတော့ အပြတ်အသတ်ရှုံးနိမ့်လိမ့်မယ်လို့မထင်ခဲ့ပါဘူး” လို့ အစချီပါတယ်။ ဒီလိုတစ်ဖက်သတ်ရှုံးနိမ့်သွားရတာရဲ့ ပထမနဲ့ အဓိကအကြောင်းတရားအဖြစ် သြဂုတ်လ ၁၂ ရက်နေ့ညမှာ ဗိုလ်ရွှေမန်းကို ကြံ့ဖွံ့ဥက္ကဋ္ဌနေရာကနေ ရဲအင် အားသုံးဖယ်ရှားခဲ့တဲ့ဖြစ်ရပ်ကြောင့်လို့ သုံးသပ်ပါတယ်။

● ဒုတိယအချက်
“ပြည်သူအကျိုးစီးပွားထက် လူပုဂ္ဂိုလ်တဦးတယောက်၊ အဖွဲ့အစည်းတခုရဲ့အကျိုးစီးပွားကိုကာကွယ်တဲ့အနေအထားမျိုးပို ပြီး လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ ဒါတွေကို တနိုင်ငံလုံးကသိနေပါတယ်။ သူတို့တွေသာ မသိကြတာပါ။ ဒါဟာ ပြည်ခိုင်ဖြိုး ရှုံးနိမ့်ရခြင်းရဲ့ ဒုတိယအချက်ဖြစ်ပါတယ်”

● တတိယအချက်
“တတိယအချက်ကတော့ (NLD) ခေါင်းဆောင်ကတဦးတည်းပါ။ ဒေါ်အောင်ဆန်းစုကြည်တဦးထဲပါ။ ပြည်ခိုင်ဖြိုးမှာ ခေါင်း ဆောင်နှစ်ယောက်ဖြစ်နေပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ရော၊ သူရဦးရွှေမန်းရော၊ ထိပ်သီးခေါင်းဆောင်ပေါ့။ သူတို့နောက် မှာမှ ပထမတန်းခေါင်းဆောင်တချို့ရှိပါတယ်။ ခေါင်းဆောင်နှစ်ယောက် နေရာခွဲဝေမှု၊ ညီညွတ်မှုမရှိတာ တွေ့ရပါတယ်။ ခေါင်းဆောင်နှစ်ယောက် ညီညွတ်မှုမရှိရတဲ့ကြားထဲမှာ ပထမတန်းခေါင်းဆောင်အချို့ထဲမှာလည်း သမ္မတလုပ်ချင်သူ၊ သမ္မ တရောဂါထနေသူတွေရှိနေပါတယ်။ ဒါကြောင့် ထိပ်သီးခေါင်းဆောင်နှစ်ယောက်စိတ်ဝမ်းကွဲပြားအောင် သွေးထိုးသွေးခွဲကြ တယ်လို့ ပါတီဝင်အောက်ခြေက သုံးသပ်ကြပါတယ်။ အကယ်၍ ထိပ်သီးခေါင်းဆောင်နှစ်ယောက် အပြန်အလှန်တိုက်ခိုက် ကြပြီးမှောက်လျက်လဲသွားရင် ပထမတန်းထဲမှာရှိတဲ့ပုဂ္ဂိုလ်တချို့က ဖျာလိပ်ပိုက်ပြီး စောင့်နေကြသူတွေရှိပါတယ်။ သ ဘောပြောရရင် ပွဲလန့်တုန်းဖျာခင်းကြမယ်ပေါ့။ သူတို့က သမ္မတနေရာကို မျှော်နေကြသူတွေပေါ့ဗျာ”။

သူရဦးအောင်ကိုက ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတာဆိုတော့ သက်သက်ညှာညှာထောင်းလိုက်ပုံပါပဲ။

အရှုံးရဲ့ ပထမနဲ့အဓိကအကြောင်းတရားကို သြဂုတ်လ ၁၂ ရက်ဖြစ်ရပ်လို့ ဆိုထားပါတယ်။ ထိပ်သီး ၂ ဦး အကြား အဝေမတဲ့ ပြဿနာရှိတာလည်းဖော်ထုတ်ထားတယ်။ ပထမတန်းတွေအကြား (ဗိုလ်ဌေးဦးက ပထမတန်းထင်တယ်) သမ္မတရူးရောဂါထ နေသူတွေက ဖျာလိပ်ကိုယ်စီနဲ့ ရှိနေတာလည်း ဖွင့်ချထားတယ်။

ဒီနေရာမှာ သူရဦးအောင်ကိုက ဗိုလ်သိန်းစိန်နဲ့ ဗိုလ်ရွှေမန်းကို “ထိပ်သီး” လို့သုံးပြီး၊ အဲဒီအောက်ကလူတွေကို “ပထမတန်း” လို့ ဆိုထားပါတယ်။

ဦးအောင်ကို သုံးသပ်ပြသလိုဆိုရင်တော့ ထိပ်သီး ၂ ယောက်ဟာ “ဖျာလိပ်ပိုက် ပထမတန်းတွေ” ရန်တိုက်ပေးတာကြောင့်  “သြဂုတ်လ ၁၂ ရက် ဖြစ်ရပ်” ဖြစ်ရတယ်ဆိုတဲ့သဘော သက်ရောက်နေပါတယ်။

ဒီလိုဆိုရင်တော့ ထိပ်သီး၂ ယောက်ဟာ သနားစရာပါပဲ။ ဖျာလိပ်ပိုက်ပထမတန်းတွေ သမ္မတရူးရောဂါထနေသူတွေ က ရန် တိုက်ပေးတာခံရတဲ့ “ထိပ်သီး၂ယောက်” လို့ ဆိုရပါလိမ့်မယ်။ တစ်ယောက်က နိုင်ငံတော်သမ္မတကြီး၊ တစ်ယောက်က ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌကြီးဆိုတော့ အရပ်ရပ်နေပြည်တော်ကြားလို့မှ ကောင်းကြသေးရဲ့လားဗျာ။

 ဒီလိုမှမဟုတ်ရင်လည်း ဖျာလိပ်ပိုက်ပထမတန်းတွေ သမ္မတရူးရောဂါထနေသူတွေက ပါတီ “ထိပ်သီး” ကို ဖယ်ရှားနိုင်တယ် ဆိုရင်တော့ ဖျာလိပ်ပိုက်ပထမတန်းတွေ၊ သမ္မတရူးပထမတန်းတွေဟာ သိပ်ကိုအစွမ်းထက်တာပဲလို့ မှတ်ချက်ချရတော့မှာ ဖြစ်ပါတယ်။

ဖျာလိပ်ပိုက်တွေ၊ သမ္မတရူးတွေချည်းသူတို့သဘော၊ သူတို့အင်အားနဲ့ချည်း မဖယ်ရှားနိုင်ပါဘူး။ “ထိပ်သီး” ကိုဖယ်ရှားနိုင်တဲ့ “ထိပ်သီးချုပ်ကြီး” ရှိနေလို့သာ လွယ်လွယ်ဖယ်ရှားနိုင်တာလို့ ယူဆပါတယ်။

ဒီတော့ သူရဦးအောင်ကိုပြောတဲ့ အချက်သုံးချက်အပေါ်က ကောက်ချက်ချနိုင်တာကတော့ ကြံ့ဖွံ့ပါတီဆိုတာ  အာဏာအဝေ မတည့်တဲ့ ထိပ်သီးတွေခေါင်းဆောင်နေတဲ့ ပါတီ၊ ပထမတန်းခေါင်းဆောင်တွေဆိုတာ သမ္မတ ရူး ရူးနေသူတွေဖြစ်ပြီး၊ သမ္မ တရာထူးအတွက် ပွဲလှန့်ပြီး ဖျာခင်းမယ့်အကောက်အကြံသမားတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ပါတီဖြစ်တယ်ဆိုတာ ဘွားဘွား ကြီး ပေါ်သွားပါတော့တယ်။

ဒီနေရာမှာ ကြံ့ဖွံ့ပါတီကို ဘယ်လိုအစားတွေနဲ့ဖွဲ့စည်းထားသလဲဆိုတဲ့ ဘူးလက်ဗိုလ်လှဆွေ အထုတ်ဖြေပြသွားတဲ့အချက်ကို ဖော်ပြရပါလိမ့်မယ်။ ဒီအချက်က ကြံ့ဖွံ့ပါတီရဲ့လူတန်းစားလက္ခဏာပေါ်လွင်နေပါတယ်။

" ကျနော်တို့ (USDP) မှာ ၃ မျိုးရှိတယ်။ တမျိုးက သူဌေးတွေ။ တမျိုးက ဝန်ကြီးဟောင်းတို့၊ ဗိုလ်ချုပ်ဟောင်းတွေ၊ တမျိုးက လက်ညှိုးထောင်ခေါင်းညိတ်အဖွဲ့ ဒီသုံးစားရှိတယ်” တဲ့။

တတိုင်းပြည်လုံးကို လက်ကြီးအုပ် အပိုင်စီးထားတာ ဒီ ၃ စားပဲဖြစ်ပါတယ်။

မရှင်းဘူးလား။ စစ်ဗျူရိုကရက်တွေ၊ ခရိုနီတွေ၊ လက်ဝေခံတွေနဲ့ဖွဲ့စည်းထားတဲ့ပါတီဆိုတော့ ဒီပါတီရဲ့ရပ်တည်ချက်နဲ့အကျိုး စီးပွားဟာ ဘယ်လူတန်းစားအတွက်ဖြစ်မလဲဆိုတာ ရှင်းနေပါတယ်။ ဒီတော့ ပြည်သူတွေက သူတို့အကျိုးစီးပွားကို ဟိုတုန်း ကလည်း ကိုယ်စားမပြုခဲ့၊ မရပ်တည်ခဲ့တဲ့ပါတီ၊  အခုလည်း သူတို့အပေါ်မှာ နည်းမျိုးစုံနဲ့ ဖိနှိပ်သွေးစုပ်၊ ရသမျှ ညှစ်ထုတ် သွားကြတဲ့ ကြံ့ဖွံ့ပါတီကို မဲမပေးတာ ပြည်သူလူထုရဲ့မဟော်သဓာလို စဉ်းစားမှုနဲ့ဆုံးဖြတ်မှုပဲဖြစ်ပါတယ်။

ဒါကြောင့် တစ်ဆက်ထဲတိုးပြီး ပိုင်ပိုင်နိုင်နိုင်ကောက်ချက်ရမယ့်အချက်က -
ဒီလိုအာဏာရူးတွေ - သမ္မတရူးတွေ ပွဲလှန့်ဖျာခင်းလိုသူတွေ၊ မင်းသားကြီး မလုပ်ရရင် ပတ်မကြီးထိုးဖောက်မယ့်လူစားတွေ ခေါင်းဆောင်နေတဲ့ ကြံ့ဖွံ့ပါတီ၊ သူရဦးအောင်ကိုစကားနဲ့ဆိုရင် “အတိတ်ကပုံရိပ်မကောင်းခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ ကိုယ်ကျိုး စီးပွား ကာကွယ်လွန်းချင်တဲ့ပုဂ္ဂိုလ်တွေ” ပါဝင်ဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့ပါတီကို “၂၀၁၅ ရွေးကောက်ပွဲ” မှာ ပြတ်ပြတ်သားသားဆုံးမဒဏ် ခတ်လိုက်တာဟာ လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးရဲ့ အမြှော်အမြင်ရှိမှုနဲ့ ကြီးမြတ်မှုပဲဖြစ်ပါတော့တယ်။

အခုလို သူရဦးအောင်ကို သူတို့ကြံ့ဖွံ့ပါတီဗွက်ပုပ်အိုင်ကြီးထဲက အရှုပ်တွေ၊ အပုပ်တွေ၊ အကောက်ကြံ ကလိန်ခြုံဇာတ်လမ်း တွေကိုဖော်ထုတ်ဝေဖန်နေတဲ့အတွက် သူရဦးအောင်ကိုဟာ ဒီမိုကရေစီဘက်ကို မျက်နှာမူလာပြီလို့ သုံးသပ်နိုင်ပြီလား။ အချိန်စောနေသေးတယ်လို့မြင်ပါတယ်။ ကြံ့ဖွံ့ပါတီထဲကနေ ကွဲအက်မှုတွေ၊ ခွဲထွက်မှုတွေ ကြားရမြင်ရနိုင်တယ်လို့ ထင်မြင် ယူဆမိပါတယ်။ ဘာတွေ ပဲဖြစ်လာဖြစ်လာ “ကျားသစ်ဆိုတာ အရေခွံဆုတ်ပြီးမှသာ တကယ်သေပြီလို့ အတည်ပြုနိုင်မယ်” ဆိုတဲ့စကားကို ရင်ဝယ်ပိုက်လျက်။