မောင်မောင်စိုး - ငြိမ်းချမ်းရေးနှင့် စစ်အင်အားတိုးချဲ့မှု

မောင်မောင်စိုး - ငြိမ်းချမ်းရေးနှင့် စစ်အင်အားတိုးချဲ့မှု
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၅

ပြီးခဲ့သောရက်ပိုင်းက မိုးညှင်းဒေသတွင် တိုက်ပွဲများနှင့်ပတ်သက်၍ အပြောများသော ထောက်ပြသောအချက်တခုရှိသည်။ ၎င်းမှာ KIA မှ တပ်မဟာအသစ်တခုဖြစ်သော တပ်မဟာ ၈ အား မိုးညှင်းဒေသတွင် တိုးချဲ့ဖွင့်လှစ်လာခြင်း တပ်သစ်တိုးချဲ့ လာခြင်း ဖြစ်သည်။

ဤအကြောင်းအချက်မှာ အမှန်ပင်ဖြစ်သည်။ မြန်မာပြည်တွင်းစစ်ကာလအတွင်း စစ်ပွဲကို ထိန်းချုပ်နိုင်ခြင်းမရှိပါက တိုင်းရင်း သားတို့၏ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုနိုင်ပါက အပြန်အလှန် စစ်အင်အားတိုးချဲ့နေကြခြင်းသည် အဆုံးသတ် နိုင်ဘွယ်ရာမရှိပေ။

၁၉၈၈ မတိုင်မှီက လားရှိုးအထက်ကိုတက်လာပါက သိန္နီတွင် ခလရ ၆၉ အခြေစိုက်တပ်ရင်း၊ ကွတ်ခိုင်တွင် ခလရ ၄၅ အခြေစိုက်တပ်ရင်း၊ ကွန်လုံတွင် ကချင်သနက ၃ အခြေစိုက်တပ်ရင်းစုစုပေါင်း ၃ ရင်းသာရှိသည်။ နယ်မြေစစ်ဆင်တာဝန် ယူဆောင်ရွက်ရန် မိတ္ထီလာအခြေစိုက် တပ်မ ၉၉ က ကွတ်ခိုင်တွင် ရှေ့တန်းရုံးစိုက်ပြီး လက်အာက်ခံ နည်းဗျူဟာ ၂ ခု တပ် ရင်း ၈ ရင်းနှင့် စစ်ဆင်ရေးတာဝန်ယူသည်။ နည်းဗျူဟာ ၁ ခုနှင့် တပ်ရင်း ၂ ရင်းက အလှည့်ကျ နားသည်။ တပ်မ ၉၉ လက်အောက်ခံတပ်ရင်း ၈ ရင်းနှင့် အခြေစိုက်တပ်ရင်းတို့ပေါင်းပြီး ကွတ်ခိုင် ကွန်လုံ ဟိုပန် ပန်လုံ တာမိုးညဲ နားလယ် နန့်ဖတ်ကာ မူစယ်စီစီဝမ်တာပန် နမ့်ခမ်းဒေသများ၏ စစ်ဆင်ရေးတာဝန်ယူဆောင်ရွက်သည်။

စစ်ဆင်ရေးအရှိန်မြင့်ပါက တပ်မ ၆၆ မှ တပ်ရင်း ၄ ရင်းပါ နည်းဗျူဟာ ၁ ခု အားဖြည့်သည်။ ၁၉၈၆ စီစီဝမ် တာပန် (ရွှေကျင် ဝမ်) တိုက်ပွဲကာလက တပ်မ ၃၃ အားဖြည့်၍ စစ်ဆင်ရေးလုပ်ခဲ့ဘူးသည်။ သို့သော် စစ်ဆင်ရေးအခြေအနေအရ နောက်တန်း မှ တပ်အင်အား အလျော့အတင်းရှိသည်ဆိုသော်လည်း ၎င်းဒေသတွင် အခြေစိုက်တပ်ရင်း ၃ ရင်းသာရှိခဲ့ပေသည်။

သို့သော် ၁၉၈၈ နောက်ပိုင်းမှစ၍ ကြီးမားစွာပြောင်းလဲခဲ့သည်။ ယခုအချိန်တွင် သိန္နီ၌ အခြေစိုက်တပ်ရင်း ၃ ရင်းနှင့် စကခ ဌာနချုပ်တခု အခြေစိုက်သည်။ ကွတ်ခိုင်တွင်လည်း နောက် ၂ ရင်းတိုး၍ အခြေစိုက် ၃ ရင်း ကွန်လုံတွင်လည်း အခြေစိုက် တပ်ရင်း ၃ ရင်း၊ နန့်ဖတ်ကာတွင် အခြေစိုက်တပ်ရင်း ၁ ရင်း၊ လောက်ကိုင်တွင် အခြေစိုက် ဒကစ ခေါ်ဒေသကွပ်ကဲရေးစစ်ဌာန ချုပ်တခုနှင့် တပ်ရင်း ၇ ခန့်ရှိသည်ဟုဆိုသည်။ ထို့ပြင် ကွတ်ခိုင် သိန္နီ ကွန်လုံ လောက်ကိုင်တို့တွင် အမြောက်တပ်များလည်း အခြေပြုထားသည်ဟုဆိုသည်။ လက်ရှိစစ်ဆင်ရေးများတွင် နယ်မြေခံတပ်များသာမကတပ်မ ၁၁ / ၃၃ / ၆၆ / ၇၇ / ၉၉ တပ်များလည်းပါဝင်သည်ကိုတွေ့ရသည်ဟု စစ်ရေးအကဲခတ်များက ဆိုပါသည်။

သို့ဖြစ်ရာ သိန္နီ ကွတ်ခိုင် ကွန်လုံဒေသတွင် မူလကအခြေစိုက် တပ်ရင်း ၃ ရင်းသာရှိရာမှ ယခုအချိန်တွင် သီးခြားစစ်ဆင်ရေး တပ်မများမပါလျှင်ပင် အခြေချ စကခ ၁ ခု၊ အခြေချ ဗျူဟာ ၃ ခု၊ အခြေချ ဒကစ ၁ ခု၊ အခြေစိုက် ခြေလျင်တပ်ရင်း၁၇ ရင်း ခန့်ရှိရာ ယခင်ကာလထက်ဆိုလျင် ၅ ဆမက အင်အားတိုးချဲ့ အခြေစိုက်ထားသည်ဟု ဆိုရပေမည်။

တပြည်လုံးအတိုင်းအတာအရဆိုလျှင် ၁၉၈၈ မတိုင်မှီကထက် များစွာတိုးလာသည်။ စစ်တိုင်းဌာနချုပ် ၉ ခုမှ ၁၄ ခုထိ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ဒကစ အနဲဆုံး ၁၀ ခုအထက် အသစ်ဖွင့်လှစ်ခဲ့သည်။ တပ်မ ၁၀ ခုအပြင် တပ်မနှင့်အဆင့်တူသော စကခ ၂၀ ခု တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ခြေလျင်နှင့် ခြေမြန်တပ်ရင်း ၄၀၀ ကျော်တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး တပ်ရင်းပေါင်း ၅၀၀ ကျော် ၆၀၀ နီးပါးအထိ တိုးချဲ့ဖွင့်လှစ်ခဲ့သည်ဟု ဆိုရမည်။

ထို့ပြင် ထိုခြေလျင်တပ်များအားဖြည့်ရန် အမြောက်တပ်မ ၁၀ ခု လေကြောင်းရန်ကာကွယ်ရေးတပ်မ ၅ ခု သံချပ်ကာတပ်မ ၅ ခုကိုလည်း တိုးချဲ့ဖွဲ့စည်းခဲ့သည်ဟု သတင်းများကဆိုသည်။ ထို့ပြင် စစ်လက်ရုံးတပ်ဖွဲ့များဟုခေါ်ဆိုသော အထောက် ကူပြုတပ်များဖြစ်သည့် ဆေးတပ် ဆက်သွယ်ရေးတပ် မော်တော်ယဉ်တပ် လားတပ် စစ်မြေပြင်အင်ဂျင်နီယာတပ် ထောက် ပို့တပ် လေ့ကျင့်ရေးတပ်များ၊ စစ်ကျောင်းများ၊ စစ်လက်နက်ပစ္စည်းတပ် စသည်တပ်များစွာကို လည်း တိုးချဲ့ဖွဲ့စည်းခဲ့ရပေ သည်။

ကြည်းတပ်အတွက် လက်နက်ငယ်တပ်ဆင်မှုကိုပြောင်းလဲခဲ့ပြီး လက်နက်ကြီးအမြောက်အများသိသိသာသာ အားဖြည့်ခဲ့ သည်။ မူလ ၇၅ မမ၊ ၈၄ မမ၊ ၁၂၀ မမ၊ ၁၀၅ မမ တို့အပြင် ၁၂၂ မမ၊ ၁၅၅ မမ ဟော်ဝစ်ဇာအမြောက်များ အတွဲလိုက်ပစ် ခတ်နိုင်သော ဒုံးကျည်များ အမြောက်အများတပ်ဆင်နိုင်ခဲ့သည်ဟု ဆိုသည်။ ကီလိုမိုင် ၅၀၀ မှ ၇၀၀ ထိ ပစ်ခတ်နိုင်သော တာတိုပစ် ဒုံးကျည်များကို တရုတ် မြောက်ကိုရီးယားတို့မှဝယ်ယူရရှိထားသည်ဟုဆိုသော်လည်း စစ်မြေပြင်တွင်တော့ အသုံးချခြင်း မရှိသေးပေ။

ထို့ပြင် လေတပ်တွင်လည်း တိုက်လေယဉ် ဗုံးကြဲလေယဉ် တိုက်ခိုက်ရေးရဟတ်ယဉ် သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် များစွာဖြင့် အားဖြည့်ခဲ့ပြီး စစ်လေယဉ်ကွင်း ၃၀ ခန့်ထိ တိုးချဲ့တည်ဆောက်ထားနိုင်ခဲ့သည်ဟုဆိုသည်။ စတုတ္ထမျိုးဆက် နည်းပညာမြင့် လေယဉ်များဖြင့် ဖြည့်တင်းနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု ဆိုသည်။

ရေတပ်အနေနှင့် ခေတ်မှီစစ်ရေယဉ်များနှင့်ဖြည့်တင်းထားရှိပြီး ရေတပ်စခန်းဌာနချုပ်များ အသစ်ဖွင့်လှစ်ခြင်းများရှိသော် လည်း ရေတပ်သည် လက်ရှိပြည်တွင်းစစ်တွင် ပါဝခြင်းမရှိသလောက်ပင်ဖြစ်သည်။ ထို့ပြင် ထိုသို့ ကြီးမားသောစစ်တပ် ကိုအားဖြည့်ရန် စစ်လက်နက်ပစ္စည်းစက်ရုံများ များစွာတည်ဆောက်ခဲ့ရသကဲ့သို့ ဦးပိုင်နှင့် MEC ကဲ့သို့ လွန်စွာကြီးမားသည့် စီးပွားရေးကုမ္ပဏီ ၂ ခုလည်း တည်ထောင်ထားရှိသည်။

ဤသို့ နဝတ / နအဖ ခေတ်တလျောက်လုံး စစ်အင်အား တည်ဆောက်ခဲ့သကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ သည်လည်း သူတို့၏စစ်အင်အားကို ကြံ့ခိုင်ကြီးမားအောင်တည် ဆောက်လာသည်ကိုတွေ့ရသည်။

ဗကပ ပြိုကွဲပြီးနောက် အင်အားအကြီးမားဆုံးဖြင့် ကျန်ခဲ့သည် မှာ UWSA ဝပြည်သွေးစည်းရေးတပ်မတော်ဟုခေါ်သည့် ဝ အဖွဲ့ဖြစ်သည်။ UWSA သည် ဗကပခေတ်ဖွဲ့စည်းထားခဲ့သည့် တပ်မ ၄၈ နှင့် တပ်မ ၆၈ ကို ပြောင်းလဲဖွဲ့စည်းခဲ့သည်ကို တွေ့ရသည်။

မူလ ဝနယ် ပန်ဆန်းဒေသတွင် တပ်မဟာ 318/418/468/618 ဟူ၍ တပ်မဟာ ၄ ခုနှင့် ပြည်သူစစ်တပ်မဟာ ၁ ခုဖွဲ့စည်းထား သည်။ ဝ တို့၏တပ်မဟာများတွင် တပ်ရင်း ၄ ရင်းအထိ ရှိပါသည်။ တောင်ပိုင်းမိုင်းဆတ်ခရိုင်အရှေ့ဖက် ထိုင်းနယ်စပ် တကြောတွင် UWSA က ၁၇၁ စစ်ဒေသဟု ဖွဲ့စည်းထားပြီး တပ်မဟာ 772/775/778/518/248 စသည့် တပ်မဟာ ၅ ခု ပါဝင်သည်ဟုဆိုပါသည်။ တပ်မဟာတစ်ခုလျှင် အင်အား ၂၀၀၀ ခန့်ရှိတတ်ရာ UWSA အင်အားကို ၂၀၀၀၀ မှ ၂၅၀၀၀ ကြားတွင်ရှိမည်ဟု ခန့်မှန်းကြပါသည်။ UWSA ၏ စစ်သားစုဆောင်းရေးအားသာချက်တခုမှာ ဒေသတွင်းပြည်သူစစ်များ မှတဆင့် စစ်လေ့ကျင့်ပြီးသား တပ်သားသစ်အင်အားသောင်းအချို့အား လျင်မြန်စွာစုဆောင်းနိုင်အောင် စီစဉ်ထားခြင်း ဖြစ်သည်။

UWSA တွင် လက်နက်ငယ်မျိုးစုံတပ်ဆင်ထားနိုင်သည့်ပြင် ၁၀၅ မမ၊ ၁၂၀ မမ၊ ၁၂၂ မမ လက်နက်ကြီးများနှင့် အတွဲလိုက် ပစ်ခတ်နိုင်သောဒုံးများ HN-5 အမျိုးစား လေယာဉ်ပစ်ဒုံးများရှိသည်ဟု အတည်မပြုနိုင်သည့် သတင်းများကဆိုပါသည်။ ထို့ပြင် လက်နက်စက်ရုံအချို့လည်းရှိသည်ဟု အခြားသတင်းများက ဆိုပါသည်။ မည်သို့ဆိုစေ UWSA သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် စစ်အင်အားအတောင့်တင်းဆုံးနှင့် လက်နက်အင်အား အတောင့်တင်းဆုံးဟု အများက အသိမှတ်ပြုထားကြပါသည်။

မိုင်းလားအဖွဲ့ဟု ခေါ်ဝေါ်ကြသော NDAA တွင် တပ်မဟာ ၃ ခုရှိပြီး အင်အား ၆၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းကြပါသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင်လှုပ်ရှားသော မူလက တပ်မဟာ ၄ ခုနှင့် ဌာနချုပ်မှတိုက်ရိုက်ကွပ်ကဲသော တပ်ရင်း ၄ ရင်းအပါတပ်ရင်းပေါင်း ၁၅ ရင်းခန့်ရှိရာမှ ယခုအခါ တပ်မဟာ ၈ ခုနှင့် တပ်ရင်း ၄၀ ရှိပြီဟု ခန့်မှန်းရပါသည်။ မူလတပ်မဟာ ၁ ခုသာရှိသောတိုင်းများတွင် တပ်မဟာ ၂ စီဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ မြောက်ပိုင်းတိုင်းနယ်မြေ မူလ တပ်မဟာ ၁ တိုးချဲ့ တပ်မဟာ ၇ အနောက်ပိုင်းတိုင်းနယ်မြေ မူလတပ်မဟာ ၂ တိုးချဲ့ တပ်မဟာ ၈ အရှေ့ပိုင်းတိုင်းနယ်မြေ မူလ တပ်မဟာ ၃ တိုးချဲ့ တပ်မဟာ ၅ တောင်ပိုင်းတိုင်းနယ်မြေ မူလ တပ်မဟာ ၄ တိုးချဲ့ တပ်မဟာ ၆ တို့ဖြစ်ကြသည်။ KIA တခုလုံးအင်အားအနေ ဖြင့် ၁၀၀၀၀ မှ ၁၅၀၀၀ ကြားရှိမည်ဟု ခန့်မှန်းကြပါသည်။

၂၀၁၂ မှစ၍ ပြန်လည်ဖွဲ့စည်းလှုပ်ရှားလာသော PSLF/TNLA ပလောင်လက်နက်ကိုက်တပ်ဖွဲ့မှာ မိုးမိတ် ကျောက်မဲ နမ့်ဆမ် သိန္နီ ကွတ်ခိုင် နမ့်ခမ်းတကြောတွင် လှုပ်ရှားနေသည်။ လက်ရှိအခြေအနေတွင် ဒေသတပ်အနေနှင့် တပ်မဟာ ၃ ခုဖွဲ့စည်း ထားပြီး လှုပ်ရှား စစ်ဗျူဟာ ၃ ခုဖွဲ့စည်းထားသည်ဟု ဆိုပါသည်။ တပ်ရင်းအနေနှင့် ၁၆ ရင်းခန့်ဖွဲ့စည်းထားပြီး အင်အား ၄၀၀၀ ခန့်ရှိနိုင်သည်ဟု ခန့်မှန်းကြပါသည်။ TNLA မှ ဗျူဟာတခုသည် ကိုးကန့်နှင့်တွဲ၍ လှုပ်ရှားနေသည်ဟု ဆိုပါသည်။

၂၀၁၃ ခန့်မှစ၍ ပြန်လည်လှုပ်ရှားလာသော MNDAA ကိုးကန့်အဖွဲ့မှာ တပ်မဟာ ၂၁၁ / ၃၁၁ တပ်မဟာ ၂ ခုဖွဲ့စည်း ထား ပြီး တပ်ရင်း ၈ ရင်းခန့်ဖွဲ့စည်းထားသည်ဟု ဆိုသည်။ လက်ရှိ ကိုးကန့်နယ်စပ်နှင့် သံလွင်အနောက်ခြမ်းတွင် လှုပ်ရှားနေသည် ဟု ဆိုသည်။ အင်အား ၁၅၀၀ အထက်တွင် ရှိနိုင်သည်ဟု ခန့်မှန်းကြပါသည်။

AA အဖွဲ့မှာ KIA ဒေသတွင်း လေ့ကျင်ဖွဲ့စည်းခြင်း ပလက်ဝ ကျောက်တော်ဒေသသို့ အင်အားတချို့စေလွှတ်ခြင်း ကိုးကန့် တွင် အင်အားတချို့စေလွှတ်ခြင်းများတွေ့ရသော်လည်း လက်နက်ကိုင်အင်အားမည်မျှရှိသည်ကို တွက်ဆ၍ မရပါ။

၂၀၀၉ က ပြည်သူ့စစ်ဖွဲ့ရေးလက်မခံဘဲ ဝမ်ဟိုင်းတွင် ဌာနချုပ်ပြုလုပ်ရပ်ခံခဲ့သော စဝ်ပန်ဖဦးစီး SSPP/SSA မှာ ယခုအခါ အင်အား ၄၀၀၀ ခန့်ရှိနိုင်သည်ဟု ခန့်မှန်းကြပါသည်။ SSPP/SSA တွင် တပ်မ ၉၉၉ ဟုဖွဲ့စည်းထားပြီး တပ်မဟာ 1/153/613 စသည့် တပ်မဟာ ၃ ခုပါဝင်သည်ဟုဆိုပါသည်။ တပ်မဟာ ၁ ခုလျှင် ရင်း ၃ ရင်းပါရှိ ပါသည်။

လွယ်တိုင်းလျန်တွင် ဌာနချုပ်ပြုလုပ်ထားသော RCSS/SSA မှာ အင်အားတစ်သောင်းကျော်ရှိသည်ဟုဆိုသော်လည်း အကဲ ခတ်များက အင်အား ၄၀၀၀ ခန့်ထက်မပိုနိုင်ဟု ဆိုပါသည်။

ကယားပြည်နယ်ရှိ KNPP မှာ အင်အား ၅၀၀/၆၀၀ ခန့်ရှိပြီး ဒေသခံပြည်သူ့စစ်များ ဖွဲ့စည်းထားသည်ဟု ဆိုပါသည်။

မွန်ပြည်နယ်ရှိ NMSP မှာ လက်နက်ကိုင်အင်အား ၃၀၀ ခန့်ရှိပြီး ပြည်သူ့စစ်များဖွဲ့စည်းထားသည်ဟုဆိုသည်။ NMSP အနေ နှင့် လိုအပ်ပါကလက်နက်ကိုင်အင်အားကို ၁၅၀၀ ထိတိုးချဲ့နိုင်သည်ဟု ဆိုပါသည်။

တချိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် အင်အားအကြီးဆုံးဖြစ်သော KNU မှာ ယခုအချိန်တွင် အကွဲအပြဲများ နှင့် အင်အားများစွာလျော့ကြသွားသည်။ လက်ရှိ KNU တွင် တပ်မဟာ ၁ သထုံ၊ တပ်မဟာ ၂ တောင်ငူ၊ တပ်မဟာ ၃ ညောင်လေးပင်၊ တပ်မဟာ ၄ တနင်္သာရီ၊ တပ်မဟာ ၅ ဖါပွန်၊ တပ်မဟာ ၆ ဒူးပလာ ကြာအင်းဆိပ်ကြီး၊ တပ်မဟာ ၇ ဘားအံဟူ၍ တပ်မဟာ ၇ ခု ဆက်လက်ဖွဲ့စည်းထားနိုင်သေးသော်လည်း ထိန်းချုပ်နိုင်သည့်နယ်မြေနှင့် အင်အားမှာ လျော့ ကျပြီး လက်ရှိ KNU အင်အား မှာ ၂၀၀၀ ခန့်သာရှိမည်ဟု ခန့်မှန်းကြသည်။

DKBA မှာလည်း မူလ ဗျူဟာ ၃ ခုနှင့်အင်အား ၁၅၀၀ ခန့်ရှိသော်လည်း စောကျော်သက်နှင့် ဗျူဟာ ၂ ခုထုတ်ပယ်ပြီးနောက် အင်အား ၄၀၀ ခန့်သာရှိသည်ဟုဆိုသည်။ စောကျော်သက်တို့မှာလည်း အင်အား ၄၀၀ ကျော်ခန့်နှင့် သီးခြားရပ်တည်နေ သည်ဟု ဆိုပါသည်။

မူလ KNU အင်အားဟုဆိုရမည့် DKBA အဖြစ်ခွဲထွက်ပြီး BGF အဖြစ်ပြောင်းလဲဖွဲ့စည်းသွားသည့် စောချစ်သူတို့ မှာ တပ်နယ် ၃ ခုနှင့် BGF ၁၀ ရင်းရှိပြီး အင်အား ၁၅၀၀ ခန့်ရှိကာ ရွှေကုက္ကို မြိုင်ကြီးငူ မြဝတီနယ်များတွင် အခြေပြုသည်ဟု ဆိုသည်။

ကျန် KPC/PNLO/CNF/ALP/ANC /WNO/LDU တို့မှာမူ အင်အား တစ်ရာခန့်သာရှိသည်ဟု ဆိုပါသည်။ NDAK/ ကလလတ တို့မှာ BGF များဖြစ်သွားပြီး KDA မထုနော်အဖွဲ့မှာ ကောင်းခါး ပသစအဖြစ်လည်းကောင်း၊ SSPP/SSA အချို့မှာ စိန်ကျော့ ပသစ အဖြစ်လည်းကောင်း ပြောင်းလဲသွားကာ စောတာကလယ်ဦးစီးခဲ့သော ရလလဖမှာမူ အပိုင်းပိုင်းပြိုကွဲသွားခဲ့သည်ဟုဆိုရမည်။ ဦးအောင်ခမ်းထီဦးစီးသည့် PNO ကတော့ ပသစအဖြစ် ပြောင်းလဲသွားပါသည်။ ခွန်ဆာ၏ MTA ကတော့ ဒေသ အလိုက် ပသစများဖြစ်သွားသည်။ ဖုန်ကျားစင်းမှ ခွဲထွက်ခဲ့သောကိုးကန့် BGF မှာ မည်သည့် သတင်းမှမကြားရတော့ပေ။ ကယန်းပြည်သစ်ပါတီမှာလည်း တပ်အင်အား သိပ်မရှိဟု ဆိုကြပါသည်။

ချုပ်၍ ဆိုရလျင် လက်ရှိအချိန်တွင် မြန်မာစစ်ဖက်ကလည်း အင်အား ၅ သိန်းခန့်အထိ တိုးတက်လာသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အင်အားမှာလည်း အင်အားမှာ အနဲဆုံး ၇၀၀၀၀ ခန့်ရှိနိုင်သည်ဟု တွက်ချက်ရပါသည်။

တိုင်းရင်းသားပြဿနာ ငြိမ်းချမ်းရေးပြဿနာကို စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးညှိနှိုင်း ဖြေရှင်းနိုင်ခြင်းမရှိပါက အပြန်အလှန် စစ်အင်အား လက်နက်အင်အားများ တိုးချဲ့ကြခြင်းဖြင့် အဆုံးအစမရှိသော စစ်ပွဲနွံထဲမှ ရုန်းထွက်နိုင်မည် မဟုတ်ပေ။ စားပွဲ ဝိုင်းတွင် အဖြေရှာ ငြိမ်းချမ်းရေယူ စစ်ပွဲကိုထိန်းချုပ် စစ်အင်အားများကို လျော့ချနိုင်မှသာ တိုင်းပြည်လည်း နလံထူနိုင်ပေ လိမ့်မည်။

အထူးသဖြင့် ဒေသတွင်း၌ စူပါ ပါဝါနိုင်ငံကြီးများ မြန်မာနိုင်ငံအပေါ် သြဇာသက်ရောက်မှု ပြိုင်ဆိုင်မှုကြီးလာသည်နှင့်အမျှ ထိုသို့ စစ်အင်အား အပြိုင်အဆိုင်တိုးချဲ့လာနိုင်သည့်အလားအလာ ပိုများလာပေရာ မြန်မာနိုင်ငံရေးခေါင်းဆောင်တို့ ပါးနပ် လိမ္မာသတိရှိကြဖို့ အထူးလိုအပ်ပေလိမ့်မည်။