အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ကျင်းပပြုလုပ်
သွန်းခ၊ ရန်ကုန်၊ (မိုးမခ) ဒီဇင်ဘာ-၁ဝ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXKSlUGPO9VcAvH6OZB0uUnIXx9Xi1AIoe1aB6o2z1WE_c2zrbvZyVTTpvn2sEyd3Qi3J6IS7K1MTq96r5BBiSJQeLCP0Hq5kpX71EzXh6_-78KO4et6J1geD_ACbikYS7qhVMqk7zYPoK/s320/Screenshot_2015-12-10-21-15-51.jpeg)
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ (၁ဝ)နှစ်မြောက်အခမ်းအနားကို ၁ဝ၊၁၂၊ ၂ဝ၁၅ ညနေ ၅နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ အမှတ်(၈၂)၊ ပထမထပ်၊ နတ်စင်လမ်းရှိ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ရုံးခန်းတွင်ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ဥရောပသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီး ရိုလမ်ဂိုဘီးယား ၊မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP)မှ ဒါရိုက်တာဦးမြင့်အေး၊ ညီမျှခြင်းမြန်မာ (Equality Myanmar) မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းတို့ တက်ရောက် အဖွင့်အမှာစကားများ ပြောကြား သွားခဲ့သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhJbw-s3YCNIxqh9IVSfrNVxniDKzljdfH3ZWjxQwoiritZtWvgyACEBkvqJOOMkPEkUt5zyyy8hV73nDJmLHh1IE37v-AhRlC4iBQQ4nVj3TTyaqTwNPIhGwHhbVvAqHiA8Y-h6SQXO0S/s320/Screenshot_2015-12-10-21-25-37.jpeg)
ပြည်တွင်း INGO များမှနိုင်ငံခြားသားများ၊ အရပ်ဖက် လူမှုမိတ်ဘက် အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး လေးစားမြတ်နိုးကြသူ ပြည်သူများလည်း တက်ရောက်ခဲ့ကြသည်။ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့သည် ၂ဝဝ၆ ခုနှစ် တွင် စတင်ဖွဲ့စည်းပြီး လှုပ်ရှားမှုများဆောင်ရွက်ခဲ့ရာ ယခုနှစ်သည် (၁ဝ) နှစ်မြောက် ခဲ့ခြင်းဖြစ်သည်။ ယခင်စစ်အစိုးရလက်ထက်တွင် အကြပ်အတည်း၊ ပိတ်ပင်မှု အမျိုးမျိုးကြားမှ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရပြီး ၂ဝ၁၂ နောက်ပိုင်း ပွင့်လင်းသည့်ကာလ ရောက်သည့်အခါ M-3၊ တော်ဝင်နှင်းဆီခန်းမတို့တွင် ပြုလုပ်ခွင့်ရခဲ့သည်။ ယခုနှစ်တွင် ကြည့်မြင်တိုင်မြို့နယ်ရှိ စိန့်မိုက်ကယ်၊ အင်္ဂလီကန် ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။ ၂၄၊ ၁၁၊ ၂ဝ၁၅ တွင် မြို့နယ်အဆင့်သို့ ခွင့်ပြုချက်တောင်းခံခဲ့ပြီး (၁၄) ရက် အကြာ ၈၊၁၂၊၂ဝ၁၅ ညတွင်မှ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်နှင့် ခွင့်ပြုမိန့်အပိတ်ခံခဲ့ရ၍ ဖော်ပြပါရုံးခန်းတွင် ပြုလုပ်ရခြင်းဖြစ်သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPajFop9zprZ-V__laGfDmN0neAUOfyXRpAftZk6sDOnUwf0ZyMvXYhZK0Au653F6GwnOnSZ9pjs2B3lG136FQAal_TwU3dhlf4Pg_fuqEHwHOddY2XCzBvr__PEC-4tfPGzG3GTyWAzH2/s320/Screenshot_2015-12-10-21-16-35.jpeg)
ယခုကဲ့သို့ဘုရားရှိခိုးကျောင်း တွင်ပြုလုပ်ရန် စီစဉ်ခြင်းအား ခွင့်မပြုခြင်းသည် လူထုနှင့် တစ်သားတည်းမဖြစ်စေလိုသည့် ရည်ရွယ်ချက်ရှိသည် ဟု ယူဆကြောင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဦးအောင်ဇော်ဦးမှ မှတ်ချက်ပြု ပြောကြားသည်။ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့အနေနှင့် ၂ဝ၁၃ ၊နိုဝင်ဘာ ၂၉ ရက်နေ့ကတည်းက အဖွဲ့အစည်းမှတ်ပုံတင်ခဲ့သော်လည်း ယနေ့ပွဲ ပြုလုပ်သည်အထိ မှတ်ပုံတင်ခွင့် မရရှိသေးကြောင်း သတင်းရရှိသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnzoNI4NjlBz-CMBI1jGpPxW7eZPH1t5yua1f47Kg7_j6j8sgBIERZAFLrF4R8Ht1juZ4JBBfJg3g3uYn69OD8X43mDT8UharCNVGEFCqPxtSOL_BIkCPBXHlodzfxttAeHIYaoo17G5r0/s400/IMG_20151210_185749.jpg)
အခမ်းအနားအပြီးတွင် လွတ်လပ်သည့်လူ့အခွင့်အရေးဆိုင်ရာ သီချင်းများအား ပန်းရဲ့လမ်း တေးဂီတ အဖွဲ့အား ဖြင့်၎င်း၊ ကလေးသူငယ်များအတွက် မျက်လှည့်နှင့် ခေတ်ပေါ်အကများဖြင့်၎င်း ဖျော်ဖြေတင်ဆက်ခဲ့သည်။