ဇင်လင်း - ၂၀၁၆ ခုနှစ်အတွက် အမြော်အမြင်ကြီးတဲ့ သတင်းစကား


ဇင်လင်း - ၂၀၁၆ ခုနှစ်အတွက် အမြော်အမြင်ကြီးတဲ့ သတင်းစကား
(မိုးမခ) ဇန်န၀ါရီ ၁၊ ၂၀၁၆
၂၀၁၅ ခုနှစ် ကုန်ဆုံးပြန်ပါပြီ။ ဒီနှစ်အတွင်း သမ္မတဦးသိန်းစိန်အစိုးရ စီမံအုပ်ချုပ်စဉ်ကာလအတွင်း မြန်မာနိုင်ငံရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်ရပ်တွေကို ပြန်ပြောင်းလေ့လာရင် အခြေအနေက အားရစရာ မရှိဘဲ၊ ယခင့် ယခင်နှစ်တွေက အတိုင်း တိုင်းရင်းသား ပြည်သူလူထုတွေ ဒုက္ခသုက္ခ ရောက်မြဲ ရောက်ဆဲပါပဲ။ ဒီ ၂၀၁၅ မှာ စိတ်မချမ်းသာစရာ ကိစ္စတစ်ခုကတော့ ရှမ်းနဲ့ကချင်ဒေသတွေမှာ စစ်ပွဲတွေရပ်စဲအောင်မလုပ်နိုင်တဲ့အတွက် တပ်မတော်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ နှစ်ဘက်စလုံး မှာ အထိအခိုက်အကျအဆုံးတွေ များပြားလွန်းခြင်းပါပဲ။ ဒီ့အပြင် မြေစာပင် ပြည်သူလူထု ထောင်ပေါင်းများ စွာလည်း စစ်ပြေးဒုက္ခသည်ဘ၀သို့ ကျရောက်ခဲ့ကြရပြီး နေစရာ စားစရာ ပညာရေး ကျန်းမာရေး အခက်အခဲတွေကြောင့် ဆင်းရဲခြင်း ကြီးစွာ ကြုံနေကြရပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အချိန်မှာကိုပဲ ရှေ့တန်းမှာ တိုက်ပွဲဖြစ်နေတယ်ဆိုတဲ့ အခြေအနေဖြစ်ပါတယ်။ ငြိမ်းချမ်းရေး စကားပြောနေစဉ်မှာ အစိုးရဘက်က စစ်ရေးလှုပ်ရှားမှုတွေ မလုပ်သင့်ဘူး။ တိုင်းရင်းသားပြဿနာတွေကို စစ်ရေးအရ ဖြေရှင်းလို့ ဘယ်နည်းနဲ့မှ အဖြေမထွက်နိုင်ဘူး။  နှစ်ဘက်စလုံးက သေကြကြေကြတာတွေလည်း ကိုယ့်သွေးချင်း ညီနောင် တွေပဲ။ စစ်ပွဲမှာ နှစ်ဘက်ကုန်ကျစရိတ်တွေကလည်း အချည်းနှီးဖြုန်းတီးမှုတွေပဲ။ ဆေးရုံတွေ ကျောင်းတွေ  ဆောက်ရမယ့် အစား လက်နက်ကျည်ဆံဝယ်ပြီး ဖြုန်းလိုက်တာပဲ။ တိုင်းပြည် ဆင်းရဲမွဲတေပြီး အကြွေးတွေ မတန်တဆတင်တာပဲ အဖတ်တင်ကျန်ရစ်တယ်။ ဒီစစ်ဒဏ်ကို လူထုက ခါးစည်းခံရတယ်။ ပြီးတော့ ဒီစစ်စရိတ်အကြွေးတွေကို လူထုကိုပဲ ဆပ်ခိုင်း တယ်။ တရားမဲ့ ဆင်ခြင်ဉာဏ်မဲ့လုပ်ရပ်တွေလို့ ပြောစရာဖြစ်နေတယ်။

၂၀၁၅ ခုနှစ် အတွင်း နိုင်ငံရေးအရ  စိတ်ပျက်စရာ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် အထောက်အကူမပြုနိုင်ကြောင်း အထင်အရှား မြင်တွေ့နေရပါလျှက်နဲ့ အာဏာရပါတီ လွှတ်တော်အမတ်တွေနဲ့တပ်မတော်က စနစ်တကျ ငြင်းပယ်ခဲ့တဲ့ ကိစ္စပါပဲ။ ပြည်သူဦးရေ  ၅ သန်းလောက် က အပိုဒ် ၄၃၆ ကို ပြင်ဆင်ပေးဖို့ လက်မှတ်ရေးထိုးတင်ပြခဲ့ပေမယ့် လွှတ်တော်နဲ့အစိုးရအဖွဲ့ရဲ့ လျစ်လျူရှုတာ ခံခဲ့ရတယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့်  လူထုဆန္ဒကို ပစ်ပယ်တာတွေ့ရတယ်။ တကယ်တော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အစိုးရအကြား သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်နေတာလည်း ထင် ရှားတဲ့ အချက်တစ်ရပ်ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်ရင် ရွေးကောက်ခံအမတ် သုံးပုံနှစ်ပုံရဲ့ထောက်ခံမှုနဲ့ ပြင်နိုင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်မှာဆွေးနွေးခဲ့တယ်။ စစ်တပ်ကိုယ်စားလှယ်တွေက အရင်အတိုင်း ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ သာ ပြင်ဆင်ဖို့ တင်ပြခဲ့ကြတယ်။ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်တစ်ဦးက အခုလို ဒီမိုကရေစီစနစ်ကို ကူး ပြောင်းစ အချိန်မှာပုဒ်မ ၄၃၆ (က)နဲ့ (ခ)ကို ပြင်ဆင်ဖို့ အချိန်မတန်သေးဘူးလို့ ပြောခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ဆိုတာ တပ်မတော်ရဲ့ ဆန္ဒအပေါ် မူတည်တယ်လို့ ကြံ့ခိုင်ရေးပါတီအမတ် ဦးတင်မောင်ဦးက ပြောခဲ့တယ်။ ဇွန်လ ၂၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) ၊ ပုဒ်မ ၄၃၆ (ခ) ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရာမှာ မဲပေးခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၅၈၃ ဦး ရှိတဲ့ အနက် ထောက်ခံမဲ ၃၈၈ မဲသာ ရရှိပြီး ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် မရရှိတဲ့အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အရေးနိမ့် ခဲ့ရတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်ပေးဖို့ တင်ပြခဲ့တာလည်း အရေးနိမ့်ခဲ့တယ်။ ဒါကြောင့် ၂၀၁၅ ခုနှစ်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားကို ပြတ်ပြတ်သားသား သိရတဲ့အတွက် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး မျှော်လင့်ချက်တွေ သိပ်ကို နည်းသွားပြီလို့ လွှတ်တော်ကိုယ်စားလှယ် အများစုက သုံးသပ်ခဲ့ကြတယ်။


နောက် ၂၀၁၅ မှာ စိတ်ပျက်စရာတစ်ခုက ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲမှု အရေးကိစ္စဖြစ်ပါတယ်။ ပညာရေး ပြုပြင် ပြောင်းလဲဖို့ ဆန္ဒထုတ်ဖေါ်ခဲ့တဲ့ တိုင်းပြည်ရဲ့အညွန့်အဖူး လူငယ်ကျောင်းသားကျောင်းသူတွေကို ဒီမိုကရေစီ ဦးသိန်းစိန် အစိုးရက ထောင်ချဖို့တရားစွဲဆိုခဲ့မှု ဖြစ်တယ်။ အစိုးရကိုယ်စားလှယ်တွေနဲ့ ကျောင်းသားကိုယ်စားလှယ်တွေ ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ အတော်အသင့် ပြေလည်မှုရရှိခဲ့ရုံမက သပိတ်လှန်ဖို့အထိ အပေး အယူလုပ်ခဲ့ကြတယ်။ ဒါပေမယ် အစိုးရဘက်က ရုတ်တရက် သဘောထားပြောင်းသွားတယ်။ မယုံနိုင်စရာပါပဲ။ စစ်အစိုးရ အဆက်ဆက်လုပ်ဟန်အတိုင်း ကျောင်းသားတွေနဲ့ မူလသဘောတူချက်ကို တဖက်သတ် ဖျက်လိုက်တယ်။  ရန်ကုန်အထိ ဆက်သွားခွင့် မပေးတော့ဘဲ၊ အကြမ်းဖက်ဖြိုခွင်းမှု စတင်ခဲ့တယ်။ ဗီဒီယိုသတင်းမှတ်တမ်းတွေအရ ရဲဝတ်စုံနဲ့ လူတစ်အုပ်က မင်းမဲ့ဆန်ဆန် ကျောင်းသူ ကျောင်းသားတွေကို ရိုက်နှက် တိုက်ခိုက်အကြမ်းဖက်ခဲ့ပုံဟာ ကမ္ဘာသိဖြစ်ခဲ့တယ်။ အသက်မ ပြည့်သေးတဲ့ ဆယ်တန်းကျောင်းသား ‘ကိုအောင်မင်းခိုင်’ ကို ရဲသားအုပ်စုက အငြိုးတကြီး ၀ိုင်းဝန်းရိုက်နှက်နေတဲ့ Reuters သတင်းထောက်ရဲ့ဓါတ်ပုံဟာ ကမ္ဘာကျော်ခဲ့တယ်။ ရဲသားတွေက ရည်ရွယ်ချက်ရှိရှိ စတင်အကြမ်းဖက် ရိုက်နှက်ခဲ့တာ ထင် ရှားပါလျှက် - ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု ဥပဒေမဲ့လူစုလူဝေးမှာ ပါဝင်မှု - စတဲ့ စွဲချက်တွေကို အသုံးချလာပုံက၊ စစ်အာဏာရှင်စနစ် ဆက်လက်ကျင့်သုံးနေတာကို ပေါ်လွင်စေပါတယ်။ နိုင်ငံသားတွေအတွက် ဥပဒေအကာအကွယ် မဲ့နေ ဆဲဖြစ်တာကိုလည်း ဖေါ်ပြနေပါတယ်။

အဆိုးဆုံးကတော့ သတင်းမီဒီယာသမားတွေကိုပါ ပြောင်ကျကျ ကြွေးကြော်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက် ဖမ်း ဆီး ခံရသူတွေဟာ ရန်သူတွေ မဟုတ်ကြပါဘူး။ ပြည်သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီလို့ ဟစ်အော်နေတဲ့ အစိုးရက ဆန္ဒပြသူများအပေါ် ဥပဒေစည်းကမ်း ကျင့်ဝတ်နဲ့အညီ မဆက်ဆံရုံမက၊ ရိုင်းပြစော်ကားမှုတွေ အမျိုးမျိုး ကျင့်သုံး ခဲ့ကြပုံကို ကာယကံရှင်တွေကိုယ်တိုင် ပြန်ပြောပြတာ ကြားခဲ့ရတယ်။ ဒါဟာ အစိုးရ ရဲတပ်ဖွဲ့က နိုင်ငံသားတို့ ရဲ့အခြေခံ အခွင့်အရေး၊ လူ့အခွင့်အရေးကို မြင်သာ ထင်သာ ချိုးဖေါက်ခြင်း ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကိုကြည့်ရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ ရဲကျင့်ဝတ်၊ ရဲစည်းကမ်းများ ပြဋ္ဌာန်းထားပြီးဖြစ်ပေမယ့် လိုက်နာမှုမရှိတာ တွေ့ရတယ်။

ဒေါ်ခင်ဝင်းအမှုမှန် ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြမှုကြောင့် ဖမ်းဆီးတရားစွဲခံကြရတဲ့ နော် အုန်းလှ၊ ဦးနေမျိုးဇင်၊ ဒေါ်စိန်ဌေး၊ ဒေါ်ဆန်းဆန်းဝင်း (ခေါ်) ဒေါ်လေးလေး၊ ကိုတင်ထွဋ်ပိုင်နဲ့ ကိုသန်းဆွေတို့ကို ၀တ္တရား နှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၄ ခုနဲ့ ဒဂုံမြို့နယ် တရားရုံးက မေလ (၁၅) ရက်နေ့မှာ ထောင်ဒဏ် ၄ နှစ်နဲ့ ၄ စီချမှတ်လိုက်တဲ့ကိစ္စပါပဲ။ ၂၀၁၄ ဒီဇင်ဘာ လအတွင်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ ရဲအဖွဲ့ပစ်တဲ့ သေနတ်ကျည် ထိမှန် သေဆုံးရတဲ့ဖြစ်ရပ် အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးတို့အတွက် တရုတ် သံရုံးရှေ့မှာ လူရာနဲ့ ချီဆန္ဒပြခဲ့ကြပါတယ်။ အစိုးရရဲ့တုန့်ပြန်ပုံကတော့ မယုံနိုင်စရာပါပဲ။ တရုတ်အစိုးရကို ကြောက်ရွံ့ရိုသေလွန်းတာ တွေ့ ရတယ်။ ကိုယ့်နိုင်ငံသားတွေကိုတော့ အလွန်အကျွံ ပြစ်ဒဏ်ချမှတ်တယ်။  မယုံနိုင်စရာပါပဲ။ ကိုယ့်နိုင်ငံ သယံဇာတကို ကာ ကွယ်လိုမှုဟာ ရာဇ၀တ်မှု ထိုက်သင့်သလား။ အစိုးရအဖွဲ့တာဝန်ရှိသူတို့ လေးလေးနက်နက် စဉ်းစားကြဖို့ပါ။

၂၀၁၅ ခုနှစ်အတွင်း စိတ်ပျက်စရာနောက်တစ်ခုက ဦးသိန်းစိန်အစိုးရအနေနဲ့ သာမန်ပြည်သူလူထုကို တရားဥပဒေ အကာ အကွယ် လုံလောက်အောင် မပေးနိုင်တဲ့ကိစ္စပါပဲ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၇) မှာ  “လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏အကာအကွယ်ကို ခြားနားခြင်းမခံရစေဘဲ တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။”လို့ ဖေါ်ပြထားပေမယ့် မြန်မာပြည်မှာတော့ ဥပဒေအထက်မှာ နေခွင့်ရတဲ့ လူတန်းစားတစ်ရပ် အထင်အရှား ရှိနေလို့ပါပဲ။ အာဏာပိုင်အ၀န်းအ၀ိုင်းက ပုဂ္ဂိုလ်တချို့၊ ငွေကြေးဓနအင်ပါရာပိုင်ဆိုင်ကြတဲ့ ဘီလျံနာ ခရိုနီတချို့ ဥပဒေအ ထက်မှာ ရှိနေကြတာကို အရေးမယူနိုင်တာလည်း ထင်ရှားတဲ့အချက်ပါပဲ။ ဥပမာ ဘီလျံနာတွေနဲ့၊ အာဏာပိုင်တို့ရဲ့သားသမီးဆွေမျိုးတွေပိုင်တဲ့ ကုမ္ပဏီတွေ အခွန်ရှောင်တာကို သိနေပါလျှက်နဲ့ အရေးမယူပေမယ့်၊ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲလုပ်ကိုင်စားသောက်နေကြရတဲ့ သာမန်ပြည်သူတွေရဲ့လုပ်ငန်းငယ်တွေအပေါ်ကျတော့ အခွန်မျိုးစုံ တိုးပြီးစည်းကြပ်နေ တယ်။ မဖြစ်သင့်တဲ့ကိစ္စပါပဲ။

ဒါကြောင့် ပြည်သူအားလုံး တာဝန်ကျေပွန်ကြရင် မြန်မာနိုင်ငံဟာ၂၀၁၅ မှာ မုချ တိုးတက်အောင်မြင်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူးစကားလက်ဆောင်ပါးခဲ့တာ သတိရမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လို ရည်ရွယ်ပြီး အဲဒီအမှာစကားပါးခဲ့တယ်ဆိုတာ ပြည်သူလူထုက ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။ ၂၀၁၅ ရွေး ကောက်ပွဲမှာ မိမိတို့ဆန္ဒမဲပြားကို မိမိရရ အသုံးချပြီး နိုင်ငံရေးအရွေ့ကို ပြိုင်တူတွန်းကြဖို့ ဒေါ်အောင်ဆန်းစုကြည်က နှိုး ဆော်ခဲ့တာကို လူထုက ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၁၅ ရွေးကောက်ပွဲမှာ NLD က မဲအပြတ်အသတ်နဲ့ အောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီ နိုင်ငံရေးအရွေ့တစ်ခု ဖြစ်ပေါ်ခဲ့ချက်ကိုတော့ ၂၀၁၅ ခုနှစ်ရဲ့ အဆိုး ထဲက အကောင်းလို့ ဆိုရမှာပါပဲ။  ဒါကြောင့် ၂၀၁၅ ခုနှစ်ဟာ ခေတ်သစ်စနစ်သစ် စာမျက်နှာသစ်ကို စတင် ဖွင့်လှစ်ပေးခဲ့တဲ့ အပေါင်းလက္ခဏာဆောင်တဲ့နှစ်လို့ ပြောရင်လည်း မမှားပါဘူး။

လက်ရှိ ဒီဇင်ဘာလလယ်အထိ မြန်မာပြည်အနှံ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၂၇ ဦး၊ အမှု ရင်ဆိုင်နေရသူ ၄၇၂ ဦးရှိပြီး အများစုဟာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ နဲ့၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တွေနဲ့ တရားစွဲဆိုခံနေရတာလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-B) က အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ် အကြီးစား သစ်ခိုးထုတ်မှု ကျူးလွန်ခဲ့တဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက် ကိုတော့ ခပ်လွယ်လွယ်လွှတ်ပေးခဲ့တယ်။ နိုင်ငံ့ဂုဏ်သိက္ခာနဲကတကွ အချုပ်အချာအဏာကိုပါ ထိခိုက်စေတဲ့ ဦးသိန်းစိန် အစိုးရရဲ့ ညံ့ဖျင်းချက်ပါပဲ။ သစ်ခိုးထုတ်မှု ကျူးလွန်ခဲ့တဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ကို အပက-၃ နဲ့ စွဲချက်တင်ခဲ့ပြီး ဇူလိုင် ၂၂ ရက်နေ့မှာ  အရေးယူခဲ့ပါတယ်။ တရားမ၀င် သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၅၅ ဦး အနက် ၁၅၃ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့တယ်။ အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးကို ထောင်ဒဏ်ဆယ်နှစ်စီ အပြစ် ပေးခဲ့တယ်။ အမျိုးသမီးတစ်ဦးကိုတော့ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ထောင်ဒဏ် ၁၅ နှစ်ကျခံဖို့ မြစ်ကြီးနား ခရိုင်တရား သူကြီးရုံးက အပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်။ ဒါပေမယ့် ပြစ်ဒဏ်ချမှတ်ပြီး (၈) ရက်အကြာ ဇူလိုင် ၃၀ ရက်နေ့မှာ နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်သွားခဲ့တယ်။ နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှုသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၂၁၀ ဦးကို  ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီး၊ ပြည်နှင်ဒဏ်ပေးခဲ့တယ်။ အဲဒီအထဲမှာ တရုတ်နိုင်ငံသား ၁၅၅ ဦးကိုထည့်ပြီး လွှတ်ပေးလိုက်တယ်လို့ အလဲဗင်းမီဒီယာသတင်းက ဖေါ်ပြခဲ့တယ်။ ဒီလုပ်ရပ်ကြောင့် မြန်မာ့အချုပ် အချာအာဏာနဲ့ ဥပဒေစိုးမိုးမှုရဲ့တန်ဖိုးဟာ သုညအောက် အနှုတ်လက္ခဏာပြတဲ့အထိ ကျဆင်းခဲ့ရတယ်လို့ နိုင်ငံရေးလေ့လာ သူတို့က အကဲဖြတ်ခဲ့ကြတယ်။

လက်ရှိအစိုးရရဲ့ တခြား ဒီမိုကရေစီဆန့်ကျင်တဲ့လုပ်ရပ်တွေ အများအပြားရှိပါသေးတယ်။ ဒီမိုကရေစီနိုင်ငံရေး ပြုပြင် ပြောင်း လဲရေးလုပ်နေပါတယ်လို့ သမ္မတဦးသိန်းစိန်က ကြိမ်ဖန်များစွာ ပြောခဲ့ပေမယ့်၊ လက်တွေ့မှာ အလုပ်လက်မဲ့ဦးရေ တိုးပွား လာနေတယ်။ မြေယာအဓမ္မသိမ်းယူမှုတွေကို တရားမျှတမှုရှိစွာ ဖြေရှင်းမပေးသေး။ အိုးမဲ့ အိမ်မဲ့ လူဦးရေ တိုးများ လာနေ တယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက် အလုပ်ရှာသူ ပိုမိုများပြားလာတယ်၊ အခွန်အကောက်များလူထုအပေါ် ၀န်ပိလာ နေပေမယ့်၊ အခွန်ရှောင်သူ လုပ်ငန်းရှင်များကို အရေးယူမှု မရှိဘူး။ အကျင့်ပျက်ခြစားတာကို ပြုပြင်ပြောင်းလဲမှု မလုပ်နိုင် ဘူး။…အစရှိတဲ့ ပြဿနာတွေဟာ ၂၀၁၅ ခုနှစ်က ချန်ထားရစ်တဲ့ ၀န်ထုပ်ဝန်ပိုးတွေပါပဲ။ ဒီအချက်တွေကို ထောက်ရှုရင် ၂၀၁၅ မှာ ဦးသိန်းစိန်အစိုးရက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေကြောင်း ကြိမ်ဖန်များစွာ ပြောခဲ့ဟော ခဲ့ပေမယ်၊ လက်တွေ့အကောင်အထည် မဖေါ်နိုင်ခဲ့တာတွေ့ရတယ်။

ဒါပေမယ့် ဦးသိန်းစိန်အစိုးရက နိုဝင်ဘာ ၈ ရွေးကောက်ပွဲကို အောင်မြင်စွာ ပြုလုပ်ပေးခဲ့ပြီး ထွက်ပေါ်လာတဲ့ နိုင်ငံရေး ရလဒ်ကို ကျေနပ်စွာ လက်ခံပေးတာကတော့ ၂၀၁၅ ခုနှစ်ရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ်ထွန်းတိုးတက်မှုဖြစ်ပါတယ်။ သိက္ခာရှိတဲ့ နိုင်ငံရေးကျင့်ဝတ်ကို လက်တွေ့ ကျင့်သုံးပြသနိုင်ခြင်းလည်းဖြစ်ပါတယ်။  ဆောင်းပါးကို ဒေါ်အောင်ဆန်းစုကြည် ပြောစကား တစ်ပိုဒ်နဲ့ နိဂုံးချုပ်ချင်ပါတယ်။

– “ကျမတို့အနေနဲ့ ရွေးကောက်ပွဲမှာ ‘၁၀၀’ ရာခိုင်နှုန်း နိုင်ခဲ့ရင်တောင် နိုင်ငံအတွက် အစဉ်အလာကောင်းတရပ်ကို ချမှတ်နိုင် ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အစိုးရတရပ် ဖွဲ့စည်းလိုပါတယ်။ နိုင်တဲ့သူက အကုန်ယူပြီး ရှုံးတဲ့သူက အကုန်ရှုံးတာမျိုး မဖြစ်သင့်ပါဘူး” - လို့ ရွေးကောက်ပွဲအကြို ရန်ကုန်မှာ ကျင်းပတဲ့ NLD ရဲ့ နောက်ဆုံး သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်။ ဒီ သဘောထားဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် အလွန်အားရှိရုံမက အ လွန်လည်း အမြော်အမြင်ကြီးတဲ့ စကားရပ်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် မှာ စတင်ဖွင့်လှစ်မယ့် မြန်မာနိုင်ငံရေးအခင်းအကျင်းအသစ်အတွက်လည်း အလွန် အရေးပါတဲ့ ‘သတင်းစကား’  ဖြစ်ပါတယ်။ ဒီသတင်းစကားကို တိုင်းရင်းသားအားလုံး၊ နိုင်ငံရေး ပါတီအားလုံးနဲ့ လူထုလူတန်းစားအဖွဲ့အစည်းအားလုံး ညီညီညာညာလက်တွဲပြီး၊ ရုပ်လုံးပေါ်အောင် ဖေါ်ဆောင်နိုင်ရင် အနာဂတ်မြန်မာပြည်ဟာ အမှန်တကယ် ငြိမ်းချမ်းသာယာလာဖွယ် ရှိတယ်လို့ ထင်မြင်မိကြောင်းပါ။     ။