မြို့နေကလေးများက စစ်ဘေးသင့်ကလေးများအတွက် ကူညီအားပေးမှုပြုလုပ်
ဟန်သစ်နိုင်၊ မိုးမခ၊ စက်တင်ဘာ ၅ရက်၊ ၂၀၁၅
ပန်းရဲ့လမ်း၊ ၈၈ငြိမ်း/ပွင့်၊ AAPP၊ ၈၈ အကသ၊ ဆရာမသန်းမြင့်အောင်(သုခရိပ်မြုံ)၊ မြန်မာ့လူမှု ဘဝ
တိုးတက်ရေးကွန်ယက်၊ ပန်းစကား၊ ပန်းပျိုးလက်၊ ရန်ကုန်လူငယ်ကွန်ယက်၊ တကသ၊ ပန်းချီဆရာများ၊
ကားတွန်ဆရာများ၊ ကဗျာဆရာများ၊ ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များက ကြီးမှူးကျင်းပပြီး
စစ်ဘေးဒဏ် မခံရသောကလေးငယ်များက စစ်ဘေးဒဏ်ခံနေရသော
ကလေးငယ်များအတွက် ကဗျာများရေးပေးခြင်း၊ ကာတွန်းများဆွဲပေးခြင်း၊ ပန်းချီများဆွဲပေးခြင်း၊
ကဒ်ပြားများတွင်နာမည် နေရပ်လိပ်စာ အတန်းနှင့် မိမိတို့ကျောင်း များ၊ ဖုန်းနံပါတ်များရေးပေးခြင်း၊
စစ်ဘေးဒဏ်ခံနေရသောသူငယ်ချင်းများအတွက် အားပေးစကား များရေးပေးခြင်း၊ မိမိတို့တတ်နိုင်သော
ကစားစရာပစ္စည်းများနှင့် အသုံးအဆောင်များ၊ စားစရာများပေးခြင်း များပြုလုပ်ခဲ့သည်။ အဆိုတော်များမှလည်း
ငြိမ်းချမ်းရေးသီချင်းများသီဆိုပေးခဲ့ပြီး ကလေးငယ်များက လည်း တေးသီချင်းများဖြင့် သရုပ်ဖော်မှုများလည်းပြုလုပ်ခဲ့သည်။


၈၈မျိုးဆက် ငြိမ်း/ပွင့်မှ ကိုမင်းကိုနိုင်မှလည်း မြို့နေကလေးများအား စစ်ဘေးဒဏ်ခံနေရသော ကလေးများ၏ ဗီဒီယိုဖိုင်များပြသခြင်း၊ ဒုက္ခရောက်စွာနေထိုင်ပုံများကိုပြောပြခြင်းများပြုလုပ်ခဲ့သည့်အတွက် မြို့နေကလေးများမှ စစ်ဘေးဒဏ်ခံဒုက္ခရောက်နေသော သက်တူရွယ်တူသူငယ်ချင်းလေးများ အတွက် ပြောချင် ပြုလုပ်ပေးချင်သည့်အတွက် ယခုပွဲလေးကိုစီစဉ်ပေးရခြင်းဖြစ်ကြောင်းပြောသည်။

၎င်းမှ “ဒီပွဲမှာကလေးတွေကဘာလုပ်ကြမှာလဲဆိုတော့ သူတို့ကစားလက်စအရုပ်ကလေး ကိုယူလာကြပါ တယ်၊ စားလက်စမုန့်လေးတွေယူလာကြပါတယ်၊ ဟိုမှာစစ်ဘေးဒုက္ခရောက်နေတဲ့ သူတို့သူငယ်ချင်းတွေ သူတို့မခင်မင် ဘူးသေးပေမယ့် သူတို့စိတ်ထဲကခင်မင်ချင်တဲ့ အသက်တူရွယ်တူ ဘဝခြားနေတဲ့သူငယ်ချင်းများ အတွက် သူတို့ ပေးပါလိမ့်မယ်၊ အဲဒီပို့လိုက်တဲ့အရုပ်တွေ၊ မုန့်တွေဖြစ်ပေမယ့် ရုပ်ဝတ္ထုတွေဖြစ်ပေမယ့် အဲဒီ ထက်မကပါဘူး ကလေးတွေရင်ထဲက စာနာမှု၊ မေတ္တာတရားတွေအပြည့် ပါသွားပါတယ်” ဟုပြောသည်။

ကိုမင်းကိုနိုင်မှဆက်လက်ပြီး စစ်ဘေးဒဏ်ခံနေရသော အိမ်မရှိ ယာမရှိ ဗုံးခိုကျင်းထဲမှာနေနေ ရ သောကလေးငယ်များသည် ပို့လိုက်သောအရုပ်ကလေးများ၊ အစားအစာများရလျှင်ဝမ်းသာသွားကြ မည်ဖြစ်ကြောင်း၊ သွားရောက်ပို့ဆောင်လျှင်လည်း မှတ်တမ်းတင်ဗီဒီယိုရိုက်ကူးခဲ့မည်ဖြစ်ကြောင်း၊ စစ်ဘေး သင့်ကလေးများဆီမှလည်း ကျေးဇူးတင်ဝမ်းသာစကားများကိုလည်း သယ်ယူလာခဲ့မည်ဖြစ်ကြောင်း ပြော သည်။
ဆက်လက်၍ “စစ်ပွဲတွေရပ်ဖို့၊ ငြိမ်းချမ်းရေးရဖို့ ဒီကနေ့မဖြစ်နိုင်သေးပေမယ့် အဲဒီကလေးတွေရဲ့ သူတို့ခေတ် ကျရင်တော့ ကျတော်တို့ယုံတယ်ဗျာ၊ ကျနော်တို့ခေတ်ထက်စာရင် မေတ္တာတရားပိုပြည့်လာ မယ့်ခေတ်ဖြစ် လိမ့်မယ်၊ တစ်ယောက်နဲ့တစ်ယောက် အပြန်လှန်နားလည်မှု စာနာမှုတွေနဲ့ ပွေ့ဖက်ထားတဲ့ ပြည်ထောင် စုကြီးဖြစ်လိမ့်မယ်၊ လက်ရှိ လူကြီးတွေ အတ္တလျှော့တာမလျှော့တာ စစ်ပွဲကို ရပ်ဖို့အမိန့်ပေးနိုင်တာ မပေးနိုင်တာ သူတို့ကိစ္စပေါ့ ကျနော်တို့ကတော့ ဒီကလေးတွေရင်ထဲကမေတ္တာတရားရယ် သူတို့ဖြစ်ချင်တဲ့ အနာဂတ်ရယ်၊ အိပ်မက်တွေရယ်၊ သူတို့ဘဝတွေရယ်ကို ကျနော်တို့က အမှန်တိုင်းလိုက်ပြီးဖော်ပြမယ်”ဟု ပြောသည်။