ငြိမ်းချမ်းအောင် - ကျနော် သဘောမတူပါ


ငြိမ်းချမ်းအောင် - ကျနော် သဘောမတူပါ
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၅


မိုးမခ မဂ္ဂဇင်းမှာ သားဝင့်ကျော် ဆိုတဲ့ ကလောင်ရှင်တဦးက အိမ်ပြန်ချိန်နွေရောက်ပီလား ဆိုပြီး ဆောင်းပါးလား၊ ပေးစာလား၊ စကားပြေလား မသိတဲ့ စာတပုဒ်ကို ဖတ်ရပါတယ်။

ကျနော် သဘောမတူပါ၊ ကျနော် လုံးဝကို သဘောမတူပါ။

စာရေးသူတွင် စေတနာကောင်း များစွာရှိနိုင်ပါသည်။ သို့သော်လည်း မြန်မာပြည်ကို ကောင်းစားစေချင်လွန်းလို့ အဆင်ပြေတဲ့သူတွေပဲ ပြန်လာခဲ့၊ အဆင်မပြေရင် လှည့်တောင်မကြည့်နဲ့ ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင့်နေတဲ့သူတွေမှ မြန်မာပြည်ကနေ စွန့်ခွာထွက်ပြေးသွားကြတာ မဟုတ်ပါဘူး။ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ စစ်ရေးအရ မြန်မာနိုင်ငံကို စွန့်ခွာပြီး ပျော်ရာမှာမနေ၊ တော်ရာမှာနေကြပြီး မိသားစုကို ထောက်ပံ့နေကြသူတွေ၊ နိုင်ငံရေးအရလည်း နိုင်ငံတကာမှာ တတ်နိုင်သမျှ ထောက်ပံ့နေကြတဲ့သူတွေ နိုင်ငံရပ်ခြားမှာ ရောက်နေကြတာပါ။

NLD မဲနိုင်ခဲ့တဲ့ အခန်းကဏ္ဍမှာ စင်ကာပူရောက်မြန်မာနိုင်ငံသားတွေရဲ့ အခန်းကဏ္ဍဟာ တတပ်တအားက ပါခဲ့တယ်ဆိုတာကိုလည်း ငြင်းပယ်လို့ မရပါဘူး။ အင်္ဂလန်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား အင်္ဂလန်နိုင်ငံက ပေးတဲ့ ပင်စင်စား အဘွားအိုတယောက်က ကီလိုမီတာ ၂၀၀၀ လောက် အကွာအဝေးရှိတဲ့ လန်ဒန်မြို့ကို မဲလာထည့်တယ်ဆိုတာ နိုင်ငံကို ချစ်လို့ပါ။

မြန်မာပြည်ဟာ မြန်မာနိုင်ငံသားအားလုံးပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ် ကျနော်သိပါတယ်။ သို့သော် စာရေးသူဖြစ်တဲ့ သားဝင့်ကျော်လို အမြင်မျိုးကို ကျနော်လုံးဝလက်မခံနိုင်ပါ။ ဒါဟာ စစ်အာဏာရှင်တွေရဲ့ စရိုက်မျိုးဖြစ်နေပါတယ်။ အသုံးဝင်တဲ့သူတွေ၊ ငွေရှိတဲ့သူတွေပဲ ပြန်လာခဲ့ ဘာမှမရှိရင် ငါ့အိမ်ပေါ်မတက်နဲ့ ဆိုတဲ့ ယောက္ခစကား အငှားသုံးပြီး ပြောတယ်ဆိုရင်လည်း နိုင်ငံရေးဟာ ယောက္ခမနဲ့ သားမက်ကြားက သမီးပေးငွေယူ ကျွန်ရောင်းကျွန်ဝယ် ကိစ္စမဟုတ်ပါဘူး။

ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ကြတဲ့ မြန်မာနိုင်ငံသား လူငယ်တွေ မြန်မာနိုင်ငံကို ပြန်မလာ သင့်ဘူးလား၊ မြန်မာနိုင်ငံမှာ အလုပ်သမားလုံလောက်တယ် မပြောပါနဲ့ တချို့နယ်တွေမှာဆို အသက်ရွယ်ကြီးသူတွေ ကွယ်လွန်တဲ့အခါမှာ အလောင်းထမ်းဖို့တောင် သန်သန်မာမာ လူငယ်လူရွယ်တွေ မရှိတော့ပါဘူး။ ဥပမာ မလေးရှားက ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာပြည်ကို ပြန်လာခွင့် မရှိတော့ဘူးလား။ ဒါဆိုရင် မလေးရှားက ဒုက္ခရောက်နေတဲ့ နိုင်ငံသားတွေကို ကယ်တင်တဲ့ သီတဂူဆရာတော်ဟာ တိုင်းပြည်ကို ဖျက်ဆီးသူလား။ မေးခွန်းများစွာက ပေါ်လာဆဲ။

နိုင်ငံရေးကြောင့် ထွက်ခွာစွန့်ပြေးရတဲ့သူတွေကို ပြောမယ်ဆိုရင် ဘယ်နိုင်ငံမှာရောက်ရောက် အလုပ်မလုပ်ဘဲ ထမင်းစားရတာမဟုတ်၊ အလုပ်ခွင်ထဲမှာ သူတို့ဘ၀တွေ ပေးဆပ်ထားခဲ့ကြရသည်။ ဥပမာ ကျောင်းသားတပ်မတော်က ရဲဘော်အများစုဟာ မြန်မာပြည်မှာ အတတ်ပညာတခုခု ပြီးမြောက်အောင် မသင်ကြားခဲ့ရတော့ အနောက်နိုင်ငံတွေမှာ လူတိုင်းလုပ်နိုင်တဲ့ စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်ကြရပါတယ်။ ဘာမှ အတတ်ပညာမပါ၊ သားသမီးအရေး၊ မြန်မာပြည်က မိသားစုအရေးနဲ့ သူတို့ မိသားစုဘ၀တွေကို ပေးဆပ်ခဲ့ကြသည်။ တချို့သောသူများကတော့ အခြေခံပညာကောင်းကောင်းနဲ့ အတတ်ပညာကောင်းကောင်းတွေ အခြေအနေအရ ယူပိုင်ခွင့်ရှိကြသည်။ ဒါကလည်း ရာခိုင်နှုန်းအရဆိုရင် ၁ ရာခိုင်နှုန်းလောက်ပင် မပြည့်။ ထိုသူများကလည်း မြန်မာပြည် အခက်အခဲတွေ ဖြစ်နေတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံေ၇းအကျဉ်းသားတွေ လွှတ်မြောက်ရေး တို့အရေးပင် အော်နိုင်လောက်အောင် အချိန်မရှိသလို၊ အော်ခဲ့သူများ မဟုတ်ကြ။

စစ်ပြေးဒုက္ခသည်တွေကတော့ နိုင်ငံအသီးသီးရဲ့ ပိတ်ဆို့ကာရံထားတဲ့ တံတိုင်းတွေကြားမှာ နိုင်ငံတကာ လှူဒါန်းထားတဲ့ ရိက္ခာကို တလတခါ ရကြသည်။ မိခင်ဘာသာစကားလောက်သာ သင်ကြားပေးသည့် ကျောင်းများတွင် ကလေးများ ကျောင်းတက်ရသည်။ သူတို့ရဲ့ အမြင့်ဆုံး ရည်မှန်းချက်က တိုင်းပြည် ဘယ်တော့ ငြိမ်းချမ်းမလဲ၊ ဘယ်တော့ မြန်မာပြည်ကို ပြန်ရမလဲ၊ တတိယနိုင်ငံတခုခုကို ကလေးတွေအတွက် အနာဂါတ်အတွက် သွားရမလား။ အသက်ရှင်သန်ဖို့ ဘယ်လို ကြိုးစားရုန်းကန်မလဲ ဒါပဲ သူတို့အတွက် အခွင့်အရေးရှိသည်။ မြန်မာနိုင်ငံသား စစ်ပြေးဒုက္ခသည် အရေအတွက်မှာ သန်း ဂဏန်းပင် ရှိနိုင်သည်။ ထိုသူတွေကို ဘာမှ မရှိလို့ မြန်မာပြည်ပြန်မလာနဲ့ ပြောရင် ကျနော်တို့ မြန်မာပြည်သား၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ချင်သူများဟု ပြောသင့်ပါအုံးမလား။

မြန်မာပြည်သူတွေက နိုင်ငံတကာရောက် မြန်မာတွေထဲက ပိုက်ဆံရှိသူ၊ အတတ်ပညာရှိသူတွေပဲ ပြန်လာကြဖို့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ကို မဲပေးခဲ့သည်မဟုတ်တာတော့ သေချာသည်။ တိုင်းပြည်ကြီးတခုလုံး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ဖို့ မဲပေးခဲ့ခြင်းဖြစ်သည်ဟု ကျနော် ပြည်သူလူထုအပေါ်မှာ ယုံကြည်သည်။ မိဘတိုင်းက သားသမီးဆင်းရဲဆင်းရဲ၊ ချမ်းသာချမ်းသာ မသေခင်တော့ တွေ့ချင်ကြဦးမည်။ ဒါက အနိမ့်ဆုံးသော ဆန္ဒဖြစ်လိမ့်မည်။

စာရေးသူ သားဝင့်ကျော် ၏ ဦးနှောက်ထဲမှာ ဘာတွေ စဉ်းစားနေလည်းတော့ ကျနော်မခန့်မှန်းနိုင်။ တရားဥပဒေစိုးမိုးရေး၊ တန်းတူအခွင့်အရေး၊ သာတူညီမျှမှု့ရှိရေး၊ နိုင်ငံကို ပြန်လည်တည်ထောင်ရေး၊ တိုင်းပြည်ကို ရင်ထဲအသည်းထဲက ချစ်တတ်အောင် သင်ကြားနေရသည့် ယနေ့လို အချိန်ကာလ တခုမှာ မိုးမခ မဂ္ဂဇင်း အယ်ဒီတာများကလည်း လွတ်လပ်စွာ စာပေရေးသားဖေါ်ပြခွင့်ကို လေးစားပြီး စာရေးသူ၏ အာဘော်ကို ဖေါ်ပြခဲ့သည်။

ကျနော့်တယောက်တည်း အမြင်နဲ့ စာရေးသူကို လေးစားစွာ ဝေဖန်ထောက်ပြရရင် စာရေးသူရေးသားသော အကြောင်းအရာသည် လူမျိုးရေးခွဲခြားမှု့၊ အဆင့်အတန်းခွဲခြားမှု့၊ အမျိုးသားရင်ကြားစေ့ရေးကို ဖြိုခွဲလိုမှု့များနဲ့ နိုင်ငံခြားရောက်အဆင်မပြေသော မြန်မာနိုင်ငံသားများ၊ ရိုးရိုးသားသား အလုပ်လုပ်ကိုင်နေထိုင်သူများကို ခွဲခြားလိုက်ခြင်းပင်ဖြစ်သည်။

ကျနော်ကား စာဖတ်သူသာ ဖြစ်ပြီး၊ မြန်မာပြည်ကို နိုင်ငံတကာရင်ဘောင်တန်းတာကို မြင်ချင်သည်။ နောက်အစိုးရက မြန်မာနိုင်ငံသားများကို စောင့်ရှောက်ကြည့်ရှု့တာ နိုင်ငံတကာမှာ ပြသစေချင်သည်။ အယုတ်အလတ်အမြတ်မရွေး မြန်မာပြည်ကို ပြန်လာလိုချင်သူများကို မသေခင် ပြန်လာစေချင်သည်။ ထိုကြောင့် စာရေးသူ သားဝင့်ကျော်၏ အာဘော်နှင့် ရည်ရွယ်ချက်အပေါ်အတွင် ကျနော် လုံးဝ သဘောမတူပါ။ ကျနော် လုံးဝကို သဘောမတူပါ။

မောင်ကြီးငြိမ်းချမ်း @ Nyein Chan Aung

(မှတ်ချက်။- ကျနော် ဖင်လန်နိုင်ငံမှာ နေပါတယ်။ အစိုးရကောင်း၊ လူမှု့ဖူလုံရေးနဲ့ စောင့်ရှောက်မှု့စနစ်တွေ ကောင်းတဲ့အတွက် ဘာအလုပ်မှ မလုပ်ဘဲ နေရင်တောင် ဆေးဖိုးဝါးခ၊အိမ်ဖိုး၊ ရေဖိုး၊ ချွေးထုတ်ခန်း၊ မီးဖိုးတွေ မပါဘဲ စရိတ်ငြိမ်း လူလွတ်တယောက်ကို ၄၅၀ ယူရို အသားတင် စားဖို့ သောက်ဖို့ ထောက်ပံ့ကြေးရပါတယ်။ ကျနော့်အတွက် ရေးခြင်းမဟုတ်ပါ။ ကျနော် အလုပ်လုပ်နေတဲ့သူလည်း ဖြစ်ပါတယ်။ အလုပ်ပြုတ်ရင်လည်း သမဂ္ဂက လစာရဲ့ ၇၀ ရာခိုင်နှုန်းကို အလုပ်သစ်မရမချင်း ပေးပါတယ်။)