ဗိုလ်အောင်ကျော် - “လူငယ်”

Photo - Irrawaddy News

ဗိုလ်အောင်ကျော် - “လူငယ်”
(၁၉၇၀၊ နိုဝင်ဘာလထုတ် “အိုးဝေ၏ ရွှေရတုသဘင် လက်ရွေးစင်” စာအုပ်မှ ဖျာပုံစိုးရေးသည့် “အောင်ကျော်စာပေ” ကို ကူးယူဖော်ပြသည်)
မိုးမခ၊ ဒီဇင်ဘာ ၂၃၊ ၂၀၁၅
    ဤနေ့ကား မြန်မာပြည်ကျွန်သက် ၅၃-နှစ် တင်းတင်းပြည့်သောနေ့ပေတည်း။ အချိန်ကား နံနက် ၉နာရီခန့် ရှိပေမည်။ မိုးကား တဖွဲဖွဲနှင့် ရွာလျက်ရှိ၏။ အသက် ၁၆နှစ်ခန့်ရှိသော လူငယ်တစ်ယောက်သည် အဆောင်လည်းမပါ။ မိုးရွာသည်ကိုလည်း ဂရုစိုက်ဟန်မတူ၊ တစ်ယောက်တည်း ခပ်ဖြည်းဖြည်းပင် သမဂ္ဂ္ဂရုံးသို့ ရောက်လာပေး၏။ တံခါးဝသို့ ရောက်သောအခါ နောက်သို့ တစ်ချက်ငဲ့၍ ကြည့်လိုက်၏။ ထို့နောက်ခုံဖိနပ် ချွတ်လိုက်၊ ကွတ်အင်္ကျီကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေ၏။ ကြည့်နေရင်း မျက်နှာ၌ သဘောမကျသော အခြင်းအရာတို့ ပေါ်လာပေ၏။ ချက်ချင်း အင်္ကျီကိုချွတ်လျက် ဘေးသို့ချလိုက်လေ၏။ ထို့နောက် အသင်းရုံးရှေ့ မြက်ခင်းပေါ်သို့ ဆင်းသွားလေ၏။

    ဒေါင်းလံကြီးကား မိုးရေထဲတွင် တိုင်တစ်ဝက်၌ တည်လျက်ရှိပေ၏။ ခြေကိုစုံရပ်၍ ခေါင်းငုံ့လျက် နှစ်မိခန့်အလံကို အရိုအသေပေးနေ၏။ မိုးပေါက်တို့ကား သူ၏ ခေါင်းပေါ်သို့ ကျလျက်ရှိ၏။ ဒေါင်းအလံကို တစ်ချက်မျှ မော်ကြည့်ပြီးနောက် အသင်းရုံးထဲသို့ဝင်ကာ ချွတ်ထားသော အင်္ကျီနှင့် ဖိနပ်ကိုဝတ်လျက် အပေါ်ထပ်သို့ တက်သွားလေ၏။

    စာဖတ်ခန်း၌ ဘယ်သူမျှ မရှိပေ။ လူငယ်သည် အခန်းထဲသို့ဝင်ကာ ဟိုဟို သည်သည် ကျော်၍ကြည့်လေ၏။ လူငယ်၏မျက်လုံးတို့သည် မြန်မာ့အလင်း သတင်းစာဆီသို့ ရောက်သွားလေ၏။ မျက်လုံးနှင့်အတူ လူပါသွားပြီးလျှင် သတင်းစာတိုက်ကိုယူလျက် ကုလားထိုင်တစ်လုံးတွင် ဝင်၍ထိုင်လိုက်၏။ တစ်ရွက်ပြီးတစ်ရွက် လျှောက်၍လှန်လာရာ အလယ်နားသို့ ရောက်၍လာတော့၏။ စာရွက်ကား အခြားစာရွက်များနှင့် စာလုံးတို့ကား အစိမ်းရောင်တို့ဖြင့် နှိပ်ထားပေ၏။ လူငယ်၏လက်သည် ရပ်၍သွားတော့၏။ မျက်လုံးတို့သည် စာကို စူးစိုက်၍ နေကြ၏။ တစ်ခါတစ်ရံ ဓာတ်ပုံများဆီသို့ ရောက်သွား၏။ တစ်ခန်းလုံးကား တိတ်လျက်ရှိ၏။ သူကား စာလေးမျက်နှာခန့်ဖတ်ပြီးနောက် ကုလားထိုင်ပေါ်တွင် ခေါင်းကိုငဲ့၍ မလှုပ်မယှက်နေတော့၏။

    အခန်းဘေးရှိ အမှုဆောင်ဟောင်းများ၏ပုံတို့သည် သူ့အား စိုက်ကြည့်လျက်ရှိ၏။ မျက်တောင်ကား အနည်းငယ်မျှမခတ်၊ ရှေ့တွင်သာရှိသော သတင်းစာကို ဝါးမစားတတ် စိုက်၍ကြည့်နေ၏။ ကြည့်ရင်း…ကြည့်ရင်း မျက်နှာမှာ ပြောင်း၍လာတော့၏။ တဖြည်းဖြည်း ဒေါသရောင်လွှမ်း၍လာတော့၏။ မျက်လုံးများလည်း ကျယ်ကျယ်လာတော့၏။ လူလည်း ရှေ့သို့ကိုင်း၍ လာပေ၏။ ထို့နောက် “တောက်” ဟု ခပ်ပြင်းပြင်းခေါက်ကာ နေရာမှထလိုက်၏။

    ထပြီးသည့်နောက် ဘေးပတ်လည်ကိုကြည့်လိုက်၏။ အမျိုးသားနေ့တွင် ကိုင်၍လျှောက်ရန်စာတမ်းများမှာ တုတ်များနှင့် ကပ်လျက် နံရံတွင် ထောင်၍ထားပေ၏။ စာတမ်းတစ်ခုသည် သူ့အားရှေးဦးစွာ ဆီး၍ နှုတ်ဆက်ပေး၏။ လူကား တွေလျက်ရှိပေ၏။ နဂိုက ဒေါသရောင်လျှမ်းသောမျက်နှာသည် ပို၍တင်းမာလာပေး၏။ မျက်လုံးများမှာ ထိုစာတမ်းကို စိုက်ကြည့်နေရာမှ သတင်းစာဘက်သို့ တစ်ဖန်ပြန်၍ ရောက်လာပြန်၏။ သတင်းစာထဲရှိ ဓာတ်ပုံတို့သည် သူ၏ရှေ့တွင်မလှုပ်မယှက် တည်လျက်ရှိ၏။ မျက်လုံးထဲမှ မျက်ရည်တို့သည် မျက်တောင်နှစ်ချက်အခတ်၌ သတင်းစာပေါ်သို့ကျကာ ဓာတ်ပုံများကို သွား၍ကန်တော့ကြလေ၏။

    ခေါင်းသည် တစ်ဖန်ပြန်၍ ထောင်လာပြန်၏။ မျက်လုံးတို့ကား နေရာပြောင်း၍ ကျက်စားနေကြပြန်၏။ လူတစ်ကိုယ်လုံးတွင် ခေါင်းနှင့် မျက်လုံးများသာ လှုပ်လျက်ရှိပေ၏။ “သည်းညည်းခံလျှင် သူ့ကျွန်ဖြစ်” ဟူသော စာတမ်းသည် သူ၏မျက်လုံးကို ဆီး၍ ဧည့်ခံနေပြန်၏။ လူငယ်၏စိတ်နှင့် စာတမ်းသည် သဘောချင်းတိုက်ဟန်တူ၏။ မျက်လုံးတို့သည် ပိုမို၍ စူးစိုက်လာ၏။ မျက်နှာမှာ ပိုမို၍ခက်ထန်လာပေ၏။ အံသွားတို့ကို ကွဲသွားမတတ် ကြိတ်လိုက၏။ ကျစ်ကျစ်ပါအောင် ဆုပ်ထားသောလက်မှာ အထက်သို့အနည်းငယ် မြောက်လာ၏။ မျက်စေ့ကား… သတင်းစာသို့ပြန်လေ၏။

    မရှေးမနှောင်းပင် “ဟင်း” ဟု သက်မကို ချလိုက်၏။ သတင်းစာထဲရှိ ဓာတ်ပုံတို့မှာ ယခင်အတိုင်းပင် ရှိသေး၏။ စာများကား လူငယ်၏စိတ်နှင့် အမူအယာကိုသာ သိကြဟန်မတူ၊ ဤတစ်ကြိမ်- ခေါင်းလှည့်လိုက်သောအခါ “ကြောက်မွေးပါ ဇာဂနာနှင့်နှုတ်” ဟူသော စာတမ်းဆီသို့ မျက်မှန်းတမ်း၍ သွားလေ၏။ သူ၏မျက်နှာသည် အနည်းငယ် ပြုံးယောင်ယောင်ရှိ၍ လာပြီးနောက် မျက်စေ့ကို နေရာရွှေ့သွားပြန်၏။

    “သွေးစုပ်ကောင်တွေ သတ်ပစ်” အစရှိသဖြင့် ရေးသားထားသည့် စာတမ်းကြီးအား ပေါက်၍သွားမတတ် စိုက်၍ကြည့်နေပြန်လေ၏။ သူ့မျက်နှာသည် မှောင်မဲ၍လာကာ လူလည်းအနည်းငယ် တုန်လာပေ၏။ မျက်နှာကား ဘီလူးဝင်သကဲ့သို့ ထင်ရ၏။ တစ်ဖန် သတင်းစာကိုစူးစိုက်၍ ကြည့်ပြန်လေ၏။

    ကြည့်လေ- ကြည့်လေ ပို၍ကြောက်စရာ ကောင်းလာပေတော့၏။ မရှေးမနှောင်းပင် “ဒုံး” ဟု စားပွဲကို လက်သီးနှင့်ထုလျက် “ရိုင်းလိုက်လေကွာ” ဟု ဆိုကာ အခန်းတွင်းမှ ရုတ်တရက်ထွက်သွားတော့၏။

    အခန်းတွင်ကား ပိုမိုတိတ်ဆိတ်လျက် ကျန်ရစ်ပေ၏။ စာအုပ်များမှာ ဖတ်သူကို မျှော်လျက်ရှိကြကုန်၏။ အမှုဆောင်များ၏ ဓာတ်ပုံများကား နံရံပေါ်တွင် မလှုပ်မယှက် တည်မြဲတည်လျက် နေပေ၏။ “အမျိုးအတွက်၊ အသက်စွန့်လော့” ဟူသော စာတမ်းကလေးမှာ လေတိုက်သဖြင့် အနည်းငယ် လှုပ်၍ သွားပေးတော့၏။ အပြင်တွင် မိုးကားရွာလျက်ပင်။

    ဤကား ဗိုလ်အောင်ကျော်ကိုယ်တိုင် ရေးခဲ့သော သမိုင်းဝင် စာကလေးတစ်ပုဒ်ကို သတ်ပုံသတ်ညွှန်း အဖြတ်အတောက်အစ သူ့မူရင်းအတိုင်း ပြန်လည်ကူးယူ ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

    သူ့စာ တိုပင်တိုငြားသော်လည်း သူ မသေမီ၊ သူ့ဘဝရုပ်လုံးကို ဖော်ပြသွားသကဲ့သို့ လှုပ်ရှားသွက်လက်သော ခံစားမှုတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။

    ဗိုလ်အောင်ကျော်၏ “လူငယ်” သည် မြန်မာလူငယ်တစ်ရပ်လုံးကို ရည်ညွှန်းထားဟန်တူ၏။ သူ့ခေတ်က လူငယ်တို့အား မျိုးချစ်စိတ်ရှိရန် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်ဆောင်ရွက်ကြရန် လှုံ့ဆော်ထားလေသည်။ မိမိကိုယ်တိုင် စံပြအဖြစ် အသက်စွန့်သွားခဲ့သဖြင့် အပြောနှင့်အလုပ်ညီပေသော အာဇာနည် ဗိုလ်အောင်ကျော်ပင် ဖြစ်ပါသတည်း။

    ၁၉၇၀၊ နိုဝင်ဘာလထုတ် “အိုးဝေ၏ ရွှေရတုသဘင် လက်ရွေးစင်” စာအုပ်မှ ဖျာပုံစိုးရေးသည့် “အောင်ကျော်စာပေ” ကို ကူးယူဖော်ပြသည်။

    ဗိုလ်အောင်ကျော်ကိုယ်တိုင် မကွယ်လွန်မီကလေးတွင် နောက်ဆုံးရေးခဲ့သော ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။