ရန်လိုကျွဲ - သတင်းထောက် ဆိုက်ကားနင်းခြင်း (သရော်စာ)


ရန်လိုကျွဲ - သတင်းထောက် ဆိုက်ကားနင်းခြင်း (သရော်စာ)
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၅
 
ယခုဖော်ပြပါ ဖြစ်ရပ်မှာ ဒုက္ခသီရိ ဟူသော တိုင်းပြည်တွင် အမှန်တကယ်ပေါ်ပေါက်ခဲ့သော ဖြစ်ရပ်မှန်များ ဖြစ်သည်။

ဒုက္ခသီရိနေပြည်တော်တွင် ဝဋ်ကြွေးရှိသူများသာ သတင်းသမားဖြစ်ရသည်ဟုဆိုချင်တော့သည်။ သတင်းသမား၏ ဝင်ငွေ မှာ နည်းလွန်းသောကြောင့်စီးပွားဖြစ်စရာအကြောင်း လုံးဝမရှိ။ သတင်းစုံစမ်း မေးမြန်းရသည်မှာလည်းလွယ်ကူလှသည် မဟုတ်။ မင်းတို့မေးတာ ဖြေမိရင် ငါအထောင်းခံရမှာပေါ့ဟု ဆိုကာအစိုးရအရာရှိတို့က သတင်းသမားဆိုလျှင် ဝေးဝေး ရှောင်ချင်သည်။

အရာရှိမင်းတို့ထံမှ တရားဝင်ပြောဆိုချက်၊ အတည်ပြုချက်၊ မှတ်ချက်များမရရှိနိုင်သဖြင့် သတင်းရေးသား ထုတ်လွှင့်ရသည်မှာ မကြာခဏဆိုသလိုပင်မပြည့်မစုံရှိလှကြောင်း သတင်းသမားတို့၏အခက်အခဲများ စာဖတ်သူတို့သိနိုင်စေရန် ကြုံတုန်း ရင်ဖွင့်လိုက်ပါ၏။

ဒုက္ခသီရိတပ်မတော်ကြီးမှ အရာရှိများဆိုလျှင် မေးမြန်းရ ပိုခက်ခဲကြောင်းသတင်းထောက်တိုင်းက ညည်းတွားကြ၏။ သတင်းထောက်တို့၏ညည်းတွားသံကျယ်လောင်လွန်းသောကြောင့် ထင်၏၊ တစ်ခါတွင် ဒုက္ခသီရိတပ်မတော်ထံမှထုတ်ပြန်ချက်တစ်ခု ထူးထူးခြားခြား ထွက်ပေါ်လာသည်။ အနှီ ထုတ်ပြန်ချက်တွင်ပြောရေးဆိုခွင့်အရာရှိများအဖြစ် ဗိုလ်ချုပ်အဆင့်ရှိသူ ၅ ဦးခန့်အပ်ကြောင်း  ၎င်းတို့၏အမည်များ၊ ဖုန်းနံပတ်များနှင့်တကွ ဖော်ပြလေ၏။

သတင်းသမားများ ပျော်လိုက်သည်ဖြစ်ခြင်း။ "ဟေး…. တပ်မတော်က ငါတို့ မေးတာတွေဖြေတော့မယ်။ သတင်းသမားဆိုတာ ကြောက်စရာ လန့်စရာ သတ္တဝါတွေ မဟုတ်မှန်းသိတို့ သိသွားကြပြီ"  ဟု သတင်းသမားတစ်ယောက်က ပျော်ပျော်ပါးပါး မှတ်ချက်ပြု၏။

သို့သော်… ထိုအပျော်မှာ ရေပွက်ပမာသာ။ အဘယ်ကြောင့် ဆိုမူ သတင်းတွင်တပ်မတော်၏အသံ ထည့်သွင်းလိုသောကြောင့် ထိုဖုန်းနံပတ်များသို့အကြိမ်တစ်ထောင် ခေါ်ဆိုသော်လည်း လက်ခံဖြေကြားခြင်းမရှိခြင်းကြောင့်ပင်တည်း။

သတင်းသမားတို့ စိတ်ဓာတ်မကျ။ ဒုက္ခသီရိတပ်မတော်၏ ထိပ်သီးဖြစ်သူချိုကုပ်ဒူးကြီးကိုလည်း တွေ့ဆုံမေးမြန်းခွင့် ရရှိရန် ကြိုးပမ်း၏။သီးသန့်တွေ့ခွင့်ရရန် ကြိုးပမ်းသလို  အစုလိုက် အပြုံလိုက်တွေ့ခွင့်ရရေးအတွက်လည်း ကြိုးပမ်း၏။

ထိုသို့ ကြိုးပမ်းနေစဉ် ကြားလူများနှင့် အဆက်အသွယ် ရလေသည်။မျက်စေ့ကြီးနားကြီးသော အဆက်အသွယ်ကောင်း သူတစ်ဦးက "တွေ့ဆုံလိုကြောင်းစာရေးပြီးခွင့်တောင်းကွာ။ အဲဒါဆိုရင် ချိုကုပ်ဒူးကြီးက တွေ့ဆုံဖို့စဉ်းစားပေးမယ်လို့ အမှာစ ကား ပါးလိုက်ပါတယ်" ဟု ဆိုလာ၏။ ကြားလူတချို့ကလည်းသူ့နည်းတူ လေသံ ထွက်လာ၏။ စာနှင့်အတူ  မေးမြန်းလိုသည့်မေးခွန်းတို့ကိုလည်း ထည့်သွင်းဖော်ပြရမည် ဟူ၏။ ကဲ… တွေ့ဆုံရေးလမ်းစပွင့်လေပြီ။

သို့နှင့် သတင်းသမားတို့လည်း ဖွင့်ပေးသောလမ်းကြောင်းမှတစ်ဆင့် စာရေးသားဆက်သွယ်၏။ မေးခွန်းများလည်း အသီးသီး ပေးပို့ကြကုန်၏။စိတ်ရှည်စွာစောင့်ဆိုင်းကြကုန်၏။

ထိုသို့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းကြသည်မှာ သုံးနှစ်သုံးမိုးကြာလာသော်လည်း ချိုကုပ်ဒူးကြီးထံမှ ဘာသံမှ မကြားရချေ။ ထို့ကြောင့်ဝဋ်ကြွေးရှိသူများသာ သတင်းသမားဖြစ်ရသည်ဟု ဆိုခြင်း ဖြစ်၏။

စောင့်စားနေသော သတင်းသမားများ မေ့မေ့ပျောက်ပျောက် ဖြစ်သွားချိန်တွင်ချိုကုပ်ဒူးကြီးနှင့် တွေ့ဆုံမေးမြန်းခန်းများက ဝါရှင်တန်အခြေစိုက်စာနယ်ဇင်းတို့တွင် အဆက်မပြတ် ပါလာလေသည်။
ဒုက္ခသီရိ သတင်းသမားတို့လည်း အထူး စိတ်ပျက် ဝမ်းနည်းကြသည်။ "ငါတို့စောင့်နေတာ သုံးနှစ်သုံးမိုးရှိပြီ။ စောင့်လည်း အလကားပဲ။ ငါတို့တောင်းဆိုတာကိုတော့ ခွင့်မပေးဘဲ ဝါရှင်တန်ကလူတွေကိုပဲ အလေးထားတာကတော့နားမလည်နိုင်ဘူးကွာ" ဟု ဆိုကာ ကြိတ်ပြီး ပေါက်ကွဲသူက ပေါက်ကွဲလေ၏။

သို့သော်လည်း ဖြေသိမ့်စရာ တစ်ခုတော့ ရှိသည်။ ချိုကုပ်ဒူးကြီးကဒုက္ခသီရိသတင်းသမားတို့ကို အဖက်မလုပ်သော်လည်း ပေးပို့ထားသောမေးခွန်းများကို သေချာစွာ လေ့လာသည်ဟု သိရသည်။ ထိုမေးခွန်းများကိုလေ့လာခြင်းဖြင့် သတင်းသမား ဆိုသော သတ္တဝါတို့သည် မည်သို့သောအကြောင်းအရာများကို သိလိုသည်၊ မည်သို့သောမေးခွန်းမျိုး ထုတ်တတ်သည်ဆိုသည် ကို သဘောပေါက်သွားလေသည်။ မည်သို့မေးလျှင် မည်သို့ဖြေလိုက်မည်၊မည်သို့သော ထပ်ဆင့်မေးခွန်း ကြုံရနိုင်သည် ဆိုသည်တို့ကို ကောင်းစွာကြိုတင် ပြင်ဆင်ထားသဖြင့် ဝါရှင်တန်မှ လာသမျှ၊ မေးမြန်းသမျှတို့ကိုရင်ဆိုင်ရသည်မှာ လွန်စွာ အသက်ရှူချောင်သည် ဟူသတည်း။ဒုက္ခသီရိသတင်းသမားတို့လည်း မုဒိတာပွားပြီး သကာလ ဗျာပါဒ သောက အထွေထွေ ကိုဖြေဖျောက်နိုင်ရန် ကြိုးပမ်းကြ၏။

ဤသို့သော အခြေအနေအတောအတွင်း ဒုက္ခသီရိတွင် ရွေးကောက်ပွဲ ကျင်းပရာပေါ်ပြူလာပါတီက ကမ္ဘာပြို၊ မိုးပြိုမတတ် အနိုင်ရလိုက်သည်။နိုင်ရသည့်အကြောင်းရင်းတစ်ခုမှာ ပေါ်ပြူလာပါတီ ခေါင်းဆောင်သည်ပေါ်ပြူလာဖြစ်လွန်းသောကြောင့်တည်း။ ပေါ်ပြူဖြစ်လွန်း၊ လူကြိုက်များလွန်းသော်လည်း သူ့ကို သမ္မတ တာဝန် မယူနိုင်စေရန် သူ၏ပြိုင်ဘက်တို့က အခြေခံဥပဒေတွင် အကွက်ကျကျ ပြဋ္ဌာန်းပြီးဖြစ်သောကြောင့် သူသမ္မတ မဖြစ်နိုင်။ သို့သော်လည်း သူက ပြိုင်ဘက်လူကြီးလူကောင်းတို့မျက်လုံးပြူးသွားစေမည့် မှတ်ချက်တစ်ခုကို ထုတ်ပြောလိုက်သည်…"နိုးပရော်ဘလမ်၊ မကြာခင်  ငါတို့ခန့်တဲ့ သမ္မတက ငါခိုင်းတာ လိုက်လုပ်ရမယ်"ဟူသတည်း။ အနှစ် ၂ဝ အချိန်ယူ ရေးသားခဲ့သည့် အခြေခံဥပဒေတွင် သမ္မတကို မည်သူမျှ စေခိုင်းခြင်း မပြုရဟူသောအချက် ထည့်သွင်း မပြဋ္ဌာန်းမိသည့်အတွက်သူ၏ ပြိုင်ဘက်တို့ ကြီးစွာ နောင်တ ရလေ ၏။

ဤအခြေအနေတွင် သတင်းသမားတို့လည်း ပေါ်ပြူလာပါတီခေါင်းဆောင်နှင့်တွေ့ဆုံခွင့် ရရေးအတွက် အီးမေး ခေါ် အီလက်ထရွန်နစ်စာ၊ စာအိတ်ထဲထည့်ပို့သော သမားရိုးကျပေးစာ၊ တယ်လီဖုန်း စသည့် ဆက်သွယ်ရေးနည်းလမ်းပေါင်းစုံသုံးပြီး ချည်းကပ်၏။ များမကြာမီ ပေါ်ပြူလာပါတီခေါင်းဆောင်သည်လည်း သတင်းသမားတချို့နှင့် တွေ့ဆုံ၏။ သို့သော် … ဒုက္ခသီရိသတင်းသမားတို့နှင့်မဟုတ်ဘဲ ဝါရှင်တန်မှ သတင်းသမားတို့နှင့်သာတွေ့ဆုံခြင်း ဖြစ်လေသတည်း။

ဒုက္ခသီရိ သတင်းသမားတို့လည်း အကြီးအကဲဖြစ်သူတို့ကို မည်သို့မျှ မဝေခွဲနိုင်တော့ပေ။"ဘယ့်နှယ်ကွာ… ပြည်တွင်းဖြစ်ကို အားမပေးဘဲ ဝါရှင်တန်ကလူတွေကိုပဲအားပေးနေကြတယ်၊ အဲဒီကလူကိုမှ သတင်းသမား ထင်နေကြတယ်" ဟု ဝမ်းနည်းပက်လက်ဆိုသူက ဆို၏။

တချို့ကလည်း "ငါတို့သတင်းဌာန ဝါရှင်တန်ကို ပြောင်းမယ်ကွာ" ဟု  စိတ်နာစွာဆိုလာ၏။ သို့သော်လည်း ပြောင်းရွှေ့ရေးကိစ္စ တို့မှာ လက်တွေ့ ဖြစ်မလာကြပေ။အဘယ်ကြောင့်ဆိုမူ … ဝါရှင်တန် နှင့် ဒုက္ခသီရိမှာ ရုံးခန်းငှားရမ်းခမကွာခြားလှသော်လည်း သတင်းထောက်တို့ကိုပေးရမည့် လစာကွာဟလွန်းသောကြောင့်တည်း။ သတင်းထောက်တို့ကို ဝါရှင်တန်နှုန်းထားအ တိုင်းလစာ ပေးရမည် ဆိုပါက သတင်းဌာနများ ဒေဝါလီခံ၊ လူမွဲစာရင်း ကြေညာရုံသာ။

ထို့ကြောင့် သတင်းထောက်အပေါင်း သူတော်ကောင်းတို့လည်း ကိုယ့်နိုင်ငံတွင်သာဟန်မပျက် ဆက်လက် နေထိုင်ကြ၏။ ပေါ်ပြူလာပါတီ ခေါင်းဆောင်နှင့်တွေ့ဆုံခွင့်ရရေး ဆက်လက် ကြိုးပမ်းကြ၏။ သတင်းထောက် ရန်လိုကျွဲလည်းကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးပမ်း၏။

တစ်နေ့တွင် ဒုက္ခသီရိ နေပြည်တော် ၃၇ လမ်းရှိ သတင်းထောက်တို့ စတည်းချရာလမ်းဘေး လက်ဘက်ရည်ဆိုင်သို့ ရောက်ချလာသော သတင်းထောက် ရန်လိုကျွဲကိုအားလုံးက မျက်လုံးပြူးပြီး ကြည့်ကြသည်။ အဘယ်ကြောင့်ဆိုသော် … ရန်လိုကျွဲကလက်ဘက်ရည်ဆိုင်သို့  ဆိုက်ကားနင်းပြီး ရောက်လာခြင်းကြောင့်ပင်တည်း။

ဒီကောင်ဘာကြောင်တာလဲ ဟု ဆိုသူက ဆို၏။ ဘာတွေ ခွင်ဖန်နေပြန်ပြီလဲဟုအဆိုးမြင်သူက မြင်၏။

"နန်းမြင့်ဆောင်လိုလို ဦးရှင်ကြီးစင်လိုလိုဟာကို အလှမယ်တွေခေါင်းပေါ်ရွက်ပြီး  ကိုယ်ဟန်ပြတဲ့ခေတ်မှာ သတင်းထောက် ဆိုက်ကားနင်းပြတာသိပ်မထူးဆန်းတော့ဘူး၊ တခြားဟာ လုပ်ပြ" ဟု အားပေးသူက ပေး၏။

မည်သူတွေ မည်သို့ပင် ဝေဖန်၊ သုံးသပ်စေကာမူ ရန်လိုကျွဲ မတုန်လှုပ်။ဆိုက်ကားကို ဆိုင်ရှေ့တွင် ထိုးရပ်ပြီး ခုံတစ်လုံးတွင် ဝင်ထိုင်ကာလက်ဘက်ရည် လှမ်းမှာလိုက်သည်။

ဝေဖန် လေကန်မှုများ ဆိတ်ငြိမ်သွားချိန်တွင် ရန်လိုကျွဲက  ဆိုင်တွင်ရှိနေသော သတင်းထောက်များကို တစ်ချက် ပြုံးပြီး ကြည့်လိုက်သည်။သတင်းထောက်တို့လည်း ရန်လိုကျွဲ ဆိုက်ကားနင်းရသည့် တစ်ခုခုရှင်းပြတော့မည်ကို သဘောပေါက်လိုက် သည်။ ဤတွင် ရန်လိုကျွဲကအသံကျယ်ကျယ်ဖြင့် အောက်ပါအတိုင်း ပြောလိုက်လေသည်။

"ပေါ်ပြူလာပါတီ ခေါင်းဆောင်နဲ့ တွေ့ခွင့်ရဖို့အတွက် ဝါရှင်တန်အထိသွားနေစရာ မလိုတော့ဘူး။ ရွေးကောက်ပွဲမှာ ဆိုက်ကားသမားတွေမဲဆွယ်ကူညီတဲ့အတွက် ပေါ်ပြူလာပါတီခေါင်းဆောင်က ဆိုက်ကားသမားတွေကိုခေါ်တွေ့တော့မယ်လို့ သတင်းရတယ်။ လောလောဆယ် ကျုပ်လည်း အချိန်ပိုင်းဆိုက်ကားနင်းနေပြီ ဆိုတော့ ဒါဟာလည်း လာမယ့် ရက်ပိုင်းအတွင်း သူ့နဲ့တွေ့ခွင့် ရနိုင်ချေ ရှိတဲ့ နည်းလမ်းတစ်ခုပေါ့ဗျာ"

နားထောင်နေသူအားလုံး ငြိမ်ကျသွားသည်။ ခဏအကြာတွင် သတင်းထောက်တစ်ယောက်ကထောက်ပြသည်။ ဒုက္ခသီရိ တွင် ဆိုက်ကားသမား ထောင်သောင်းချီရှိသောကြောင့်တစ်ရပ်ကွက်ကို ဆိုက်ကားဆရာ တစ်ယောက်သာ တွေ့ခွင့်ရမည်၊ မဲနှိုက်သည့်အခါမဲပေါက်သူသာ ပေါ်ပြူလာပါတီခေါင်းဆောင်နှင့် တွေ့ခွင့် ရမည်ဟု ထောက်ပြ၏။

သူ၏ မှတ်ချက်ကြောင့် ရန်လိုကျွဲ စိတ်မပျက်။ အောက်ပါအတိုင်း ခပ်တည်တည်ပြန်ပြောလိုက်လေသတည်း။"မတွေ့ရလည်း ကိစ္စမရှိဘူး။ ဆိုက်ကားဆရာဆိုပြီး အထင်သေးမယ် မကြံနဲ့။ဆိုက်ကားနင်းရင် သန်းကြွယ်သူဌေးဖြစ်နိုင်တယ်လို့ မြစ်ဝကျွန်းပေါ်မှာရှိတဲ့မော်ဒန်ဘောဂဗေဒပညာရှင် တစ်ယောက်က မကြာသေးခင်ကပဲ ကြေညာထားတယ်။  ဒါကြောင့်သတင်း ထောက် ရန်လိုကျွဲဟာ သန်းကြွယ်သူဌေးလောင်းဖြစ်ကြောင်းသတင်းထောက်အပေါင်း သိစေရန် ကြေညာလိုက်ပါတယ် ခင်ဗျား"