ဖိုးထက် - ဘယ်လို ကျော်.. စွာ ချင်သတုံး


ဖိုးထက် -  ဘယ်လို ကျော်.. စွာ ချင်သတုံး
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၅

ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းမသိ။ ကိုယ့် ဗဟုသုတ နည်းနည်းလေးနဲ့  ဒေါက်တာ သန်းထွန်းတို့၊ ဦးဖေမောင်တင်တို့ လို ပညာရှင်၊ သုတေသီ စာရေးဆရာကြီးတွေရဲ့ စာမျိုးကို ကျွန်တော် ငယ်စဉ်က သိပ်ဖတ်ချင်တယ်။ ဖတ်လဲဖတ်တယ်။ သူတို့ စာအုပ်တွေ့ရင် ယူဖတ်တယ်။ ၀ယ်ဖတ်တယ်။ ဒီစာရေး ဆရာကြီးတွေရေးတာ ကောင်းမှန်း သိတယ်။ ဘာကောင်းလဲ မေးရင် ဘာကောင်းမှန်းလဲ မသိဘူး။ ဘယ်သိမလဲ။ သူတို့စာတွေကို အရသာခံနိုင်လောက်အောင် ကျွန်တော့်မှာ ပညာဥာဏ်အခံမှ ကောင်းကောင်းမရှိ တတ်သေးတာဘဲ။

    အခု စာဖတ်သက်လေး အနည်းငယ် ရလာတော့ ကျွန်တော့် ဥာဏ်ပညာဟာ မဆိုစလောက်လေး တက်လာတယ်လို့ မ၀ံမရဲ ဆိုပါရစေ။ ဥာဏ်တုံးကြီးပါလို့ လူရင်းတွေက ပြောလာရင်တောင် စာဖတ်တာ များလာတော့ တစ်ခုနဲ့ တစ်ခု ဆက်စပ် ပါတ်သက်မှုတွေကို မြင်တတ်လာတယ်။ ခုနှစ်သက္ကရာဇ်တွေ မြင်ရင် မြန်မာနိုင်ငံက ဘုရင်မင်းဆက်တွေနဲ့ ချိန်ထိုးပြီး ငါတို့ဆီမှာ အဲဒီတုံးက ပုဂံခေတ်ပေါ့၊ အင်းဝခေတ်ပေါ့၊ ကုန်းဘောင်ခေတ်ပေါ့ စတဲ့ အသုံးဝင်တဲ့ တွေးနည်းမျိုး (စိတ်အထင်) တွေးတတ်လာတယ်။ ပြောရရင် စာဖတ်ရတာ အရသာ ပိုရှိလာတယ်လို့ဘဲ ဆိုချင်တယ်။

    ဆရာကြီး ဒေါက်တာ သန်းထွန်းရဲ့ “ကျော်စွာ ၁၀၀” ကို အရင်က ၂၅ ယောက်စီ ခွဲ ခွဲပြီး ထုတ်စဉ်ကတည်းက လူစည်ပြီဆို ထုတ် ထုတ် ဖတ်တယ်။ ငါပေါ့။ စာဖတ်တယ်ပေါ့။ ဘာမှတ်သလဲပေါ့။ စိတ်ထဲ ဘာကျန်သလဲ။ ဘာမှ မကျန်ခဲ့ဘူး။ ဘာမှ မကျန်ခဲ့လို့လဲ အခု အားလုံး ပေါင်းပြီး ပြန်ထုတ်တာကို ပြန်တွေ့တော့ ပြန်ဝယ်ပြီး ဖတ်မိပြန်တော့ စိတ်ထဲမှာ ဖတ်ဘူးသလို၊ မဖတ်ဘူးသလိုလိုနဲ့ တကယ်က ဘာမှ ကောင်းကောင်း မသိဘူး။

    ကျော်စွာ ၁၀၀ ကို မူရင်း ရေးသူက Micheal H.Hart ဆိုတဲ့ အမေရိကန် စာရေးဆရာ။ သမိုင်းပညာရှင်လဲ မဟုတ်ဘူး။ ဒါပေမယ့် သူ့စာအုပ်ကို သမိုင်း ပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်းက စိတ်ဝင်တစားနဲ့ ဖတ်ပြီး ဘာသာ ပြန်ပေးခဲ့တယ်။ ဆရာကြီးရဲ့ ကျေးဇူးတရားဟာ အလွန်ကြီးပါတယ်။ ကျွန်တော်တို့ ဘာသာ ဆိုရင် မူရင်းစာအုပ် ဖတ်ဖို့ မဆိုထားနဲ့ ရှိလို့ ရှိမယ်မှန်းတောင် သိမယ် မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ဘ၀မှာ အလုပ်ကို ဘယ်လို ကြိုးကြိုးကုပ်ကုပ် အလုပ် လုပ်ရတယ်။ ဘယ်လိုမျိုး စိတ်ထားမျိုး ထားရတယ်။ ဘ၀မှာ ကရိကထ အနည်းဆုံး နေပြီး ကိုယ့် အသက်မွေးဝမ်းကျောင်းကို ထက်သထက် ထက်အောင် ဘယ်လို သနေရမလဲ ဆိုတဲ့ နည်းပေးလမ်းပြကို ဆရာကြီး ဒေါက်တာ သန်းထွန်းက ညွှန်ပြခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ဆရာကြီးရဲ့ စာတွေ၊ စာတမ်းတွေ၊ ဘာသာပြန်တွေ စတဲ့ သူ့လက်ရာတွေကို ပြန်တွေးကြည့်ရင် အချိန်တွေကို ဘယ်လိုမျိုး အသုံးချပြီး ဒီလို တန်ဖိုး ရှိတဲ့ စာတွေကို အများကြီး ရေးနိုင်ခဲ့သလဲလို့ အံသြဘနန်း ဖြစ်ရတယ်။

    ကျော်စွာ ၁၀၀ ကို မူရင်း ရေးသူက “The 100: A Ranking Of The Most Influential Persons In Histroy” လို့ ခေါင်းစဉ်ပေးခဲ့တယ်။ ဘာသာပြန်သူ ဆရာကြီး ဒေါက်တာ သန်းထွန်းက စာရေးတဲ့ နေရာမှာ ၀ါကျတွေကို မလိုအပ်ဘဲ ဖောင်းပွမနေအောင် ရေးတယ်၊ ဘာသာပြန်တယ်။ လို၊ တို၊ ရှင်းဘဲ။ အခုလဲ စာအုပ်ခေါင်းစဉ်ပေးတော့ “ကျော်စွာ ၁၀၀” လို တိုတိုရှင်းရှင်းဘဲ ခေါင်းစီးပေးတယ်။ ကျော်ကြားထင်ရှားတဲ့ လူတွေလို့ ဆိုပေမယ့် သမိုင်းမှာ လူတွေအပေါ်မှာ ဘယ်လောက် လွှမ်းမိုး၊ စိုးမိုးမှု ရှိခဲ့သလဲ၊ ဘယ်လောက် တည်မြဲ တည်တံ့ခဲ့သလဲ ဆိုတဲ့ ပေတံနဲ့ဘဲ တိုင်းပြီး နံပါတ် စဉ်ပါတယ်တဲ့။ ဒီတော့ ကိုယ့် အကြိုက်၊ သူ့အကြိုက်ကွဲ ကောင်း ကွဲနိုင်တာဘဲ။

    ဥပမာ ပြရရင် စာအုပ်ကို စကတည်းက “မိုဟာမက်” အရှင်နဲ့ စတယ်။ အမျိုးဂုဏ်ကို မျက်မှန်စိမ်းတပ်၊ ပုဆိုးဖင်မြှောင်အောင် ကျိုက်ပြီး မောက်ချင်တဲ့ သူတွေအတွက် ဘာလို့ မိုဟာမက်က ရှေ့ကလဲ။ ဘာလို့ ဂေါတမ ဗုဒ္ဓက နောက်ရောက်ရသလဲလို့ တွေးမိမှာဘဲ။ စောဒက တက်ချင်စရာဘဲ။ ဒါပေမယ့် မိုဟာမက် အရှင်ရဲ့ လူတွေအပေါ်၊ သူ့နောက်လိုက်တွေအပေါ် လွှမ်းမိုးနိုင်စွမ်းက အခြားသော သူတွေထက် သာတာတော့ အမှန်ဘဲ။ လက်ရှိ ISIS တွေကို ကြည့်ပါ။ သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းက ကြောက်ခမ်းလိလိပါဘဲ။ ဒီလို ပြောလို့ မိုဟာမက် အရှင်သခင်က လူတွေကို သတ်၊ ငါတို့ မွတ်ဆလင်ကမ္ဘာကြီးကို တည်ထောင်ကြလို့ ပြောခဲ့တယ်လို့ မဆိုလိုပါဘူး။ သူ့နောက်လိုက်တွေ အစွန်းရောက်သွားတဲ့ ကိစ္စက သူနဲ့ ဘာမှ မဆိုင်တဲ့ ကိစ္စပါ။ သူပြောတဲ့ စကားကို ထင်ချင်သလိုထင်၊ ယူချင်သလိုယူ၊ ကောက်ချင်သလို ကောက်ပြီး လုပ်ချင်တာ လျှောက်လုပ်နေတဲ့ မွတ်ဆလင်တွေဟာ မိုဟာမက် အရှင်ရဲ့ နောက်လိုက်တွေ မဟုတ်ဘူးဆိုတာ မွတ်ဆလင်ကောင်းတွေ ကောင်းကောင်းကြီး သိတယ်။

    ဗုဒ္ဓဘာသာဝင်တွေမှာ အကျိုးနဲ့ အကြောင်းဟာ အမြဲ ဆက်စပ် ပါတ်သက်မှုရှိတယ်ဆိုတဲ့ စိတ်အခံ အနည်းနဲ့ အများရှိတယ်။ အကျိုးရှိလို့ အကြောင်းဖြစ်တယ်။ အကြောင်းရှိလို့ အကျိုးဖြစ်တယ်။ ဘယ်အရာမှ သူ့ဘာသာ အလကားမတ်တင်း ထ ဖြစ်တာ မဟုတ်ဘူးလို့ လက်ခံကြတယ်။ ဒါပေမယ့် အချို့အရာတွေက လူတစ်ယောက်ရဲ့ လက်ငင်းဘ၀ ဥာဏ်နဲ့ သိအောင်၊ မြင်အောင် ကြည့်လို့မရဘူး။ သိဖို့လဲ မဖြစ်နိုင်ဘူး။ သေချာတာက ဘယ်အရာမဆို ဆက်စပ် ပါတ်သက်မှုတွေ ရှိကို ရှိတယ်ဆိုတာ ဒီ ကျော်စွာ ၁၀၀ ကို ဖတ်ရင်း ကျွန်တော် ပိုပိုပြီး လက်ခံလာတယ်။

    တယ်လီဖုန်းကို တီထွင်သူ ဂရေဟမ်ဘဲလ်၊ ပုံနှိပ်စက်ကို တီထွင်သူ ဂျိုဟန်ဂုတင်ဗတ်၊ လေယာဉ်တီထွင်သူက ရိုက်ညီနောင်၊ ရေနွေးငွေ့စက် တီထွင်သူဟာ ဂျိမ်းစ်ဝပ် အစရှိသဖြင့် ဒီလိုဘဲ ကျွန်တော်တို့ ကျောင်းသင်ခန်းစာတွေထဲမှာ သင်ခဲ့ရတယ်။ သိခဲ့ရတယ်။ ဒါဟာမှားပါတယ်။ ဒီလူတွေ တော်တာ ငြင်းလို့မရပေမယ့် ဒီလိုမျိုး လူ့သမိုင်းကို ပြောင်းစေမယ့် တီထွင်မှုမျိုးတွေကို သူတို့ တီထွင်နိုင်ဖို့ သူတို့ အရှေ့က မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြတယ်။ အပ်ချလောင်းဆိုပြီး သူက စတွေ့၊ သူကဘဲ အစကနေ အဆုံးအထိ တီထွင်ခဲ့တာ မဟုတ်ဘူးဆိုတာ စာအုပ်ကို ဖတ်ရင်း ကျွန်တော် သိလာတယ်။ ကိုယ်အားသန်ရာ အားသန်ရာ နယ်ပါယ်တွေမှာ ဇောက်ချ အသက်မွေးကြရင်း လူသားမျိုးဆက်ကို အဆင့်ဆင့် မြှင့်တင်ပေးခဲ့ကြတာပါဘဲ။

    ကျွန်တော့်ရဲ့ ဒီ စိတ်အဆာပြေ အက်ဆေးထဲမှာ ကျော်စွာ ၁၀၀ စာအုပ်ရဲ့ ကောင်းကျိုး အဖြာဖြာကို ပြည့်စုံအောင် ဖော်ပြဖို့ မဖြစ်နိုင်ပါဘူး။ လူ့သမိုင်းကြောင်းတစ်လျှောက်က လူကျော် လူမော် လူစွာကြီးတွေရဲ့ အကောင်း၊ အဆိုး၊ လွှမ်းမိုးမှုတွေကို ရှင်းရှင်းလင်းလင်း သိဖို့၊ နားလည်ဖို့ ကျော်စွာ ၁၀၀ ကို ဖတ်ပြီးသားဆိုရင်တောင် ပြန်ဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလူ့အကြောင်းကို ငါသိတယ်။ ဒီလူ့အကြောင်းကို ငါပြောနိုင်တယ်ဆိုတဲ့ စိတ်ထားမျိုးထက် ဒီလူတွေရဲ့ အကြောင်းနဲ့ နောက်ခံ သမိုင်းကို သိဖို့ ကြိုးစားရင်း မီးခိုးကြွက်လျှောက်တွေးတဲ့ အတွေးနဲ့ ဖတ်ပါလို့ တိုက်တွန်းချင်ပါတယ်။

    လက်ရှိ ဖြစ်နေတဲ့ ကျွန်တော့် စိတ်အခံနဲ့၊ ကျွန်တော် စိတ်ဝင်စားနေတဲ့ လက်ငင်းမြန်မာ့နိုင်ငံရေးအခံနဲ့ ကျော်စွာ ၁၀၀ ထဲက အမေရိကန်နိုင်ငံရဲ့ ပထမဦးဆုံး သမ္မတ ဂျော့ဝါရှင်တန်ရဲ့ အကြောင်းကို သေသေချာချာ ဖတ်မိတယ်။ ဂျော့ဝါရှင်တန်ဟာ အမေရိကန် နိုင်ငံစဦး တည်ထောင်စဉ်မှာ အခရာ အကျဆုံး သူ။ အောင်မြင်တဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်။ အမေရိကန် နိုင်ငံရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲကြတဲ့ နေရာမှာ သူ့လက်ရာ ခြေရာတွေ အများကြီးပါတယ်။ ပြောရရင် လက်ရှိ ကမ္ဘာမှာ အမေရိကန်နိုင်ငံ ထိပ်တန်းရောက်နေနိုင်အောင် အုပ်ချုပ်ရေးစနစ်ကို အုတ်မြစ်ချပေးခဲ့သူတွေထဲမှာ သူဟာ အရေးပါတယ်။ စာအုပ်ထဲက ၀ါကျ တစ်ချို့ကို ကျွန်တော် ထုတ်နှုတ်ပြပါရစေ။

    “ဂျော့ဝါရှင်တန်လို အရည်အချင်းကြီးပြီး စာရိတ္တကောင်းသူမျိုးကို ပထမ သမ္မတ တင်မြှောက်နိုင်ခြင်းကို ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ တောင်အမေရိကနဲ့ အာဖရိက ပြည်နယ်တွေရဲ့ သမိုင်းကို ပြန်ကြည့်ရင် ပွဲဦးထွက်မှာ အများပြည်သူ အစိုးရနဲ့ စပြီး မကြာခင်မှာ လက်နက်ကိုင်တွေ စီမံ အုပ်စီးတဲ့ အခြေအနေကို ကူးပြောင်းသွားတာ တွေ့ရတယ်။ အဲဒီ အခြေအနေမျိုးမှာ ၀ါရှင်တန်က အင်မတန် အစွဲအယူသန်တဲ့ ခေါင်းဆောင်ဖြစ်ပြီး မူလချမှတ်တဲ့ ပုံစံကို မတိမ်း မယိမ်းအောင် ထိမ်းတယ်။ ကိုယ်တိုင်ကလဲ တန်ခိုးအာဏာကို အကြာအရှည် ယူထားလိုစိတ်မရှိ။ သူက မင်း၊ အာဏာရှင် ဆိုသူမျိုး မဖြစ်လို။ အာဏာကို အေးအေးသက်သာ လက်လွှတ်တဲ့ အစဉ်အလာလည်း သူက စပြီး ဖြစ်စေချင်တယ်။ သူဖြစ်စေချင်သလို ပြည်ထောင်စုမှာ ကနေ့ အထိ ဖြစ်ပါတယ်။” တဲ့။

    လူ့ဘ၀မှာ၊ နိုင်ငံတစ်နိုင်ငံရဲ့ ဘ၀ဟာ နတ်သမီး ပုံပြင်တွေထဲကလိုမျိုး မှော်ကြိမ်လုံးနဲ့ တို့လိုက်လို့ ချက်ချင်း လက်ငင်း ကပွဲ တက်ဝတ်စုံနဲ့ ကြော့ကြော့မော့မော့လေး ဖြစ်တာ မဟုတ်ပါဘူး။ ကောင်းတဲ့ အစဉ်အလာတွေ၊ ကောင်းမွေတွေကို လက်ဆင့်ကမ်းရင်း လှေခါးတက်သလို တက်ကြရင်း မြင့်သထက် မြင့်လာကြရတာ။ မျိုးဆက် အဆက်ဆက် ဆိုးမွေတွေကို လက်ဆင့်ကမ်းခဲ့ကြရင် နိုင်ငံရဲ့ အခြေအနေဟာ မြောင်းထဲတင်မကဘဲ ငရဲပြည်အနားထိနီးအောင် ဆင်းမယ်ဆိုတာ မြန်မာနိုင်ငံသားတိုင်း သိကြတဲ့ ကိစ္စ။

    မြန်မာ့နိုင်ငံရေး သမိုင်းမှာ အသာတကြည် အာဏာလွှဲပေးတာမျိုး မဖြစ်ခဲ့ဖူး ဘူး။ ကျွန်တော်တို့ဟာ အစဆုံး အသာတကြည် အာဏာလွှဲပေးမယ့်သူတွေပါ။ ကျွန်တော်တို့သည်သာ လူကောင်းများ ဖြစ်ကြပါသည် ဆိုတဲ့ အချိုးမျိုးနဲ့ ကိုဂုဏ်ယူ၊ ဦးဂုဏ်ယူ လုပ်ချင်လဲ လုပ်နိုင်ကြပါတယ်။ ဒါပေမယ့် ကောင်းတဲ့ အစဉ်အလာတွေကို လက်ဆင့်ကမ်းခဲ့မှ ကောင်းတာတွေ ဖြစ်တာလို့ ကျော်စွာ ၁၀၀ ကို ဖတ်ရင်း တိုက်တွန်းပါရစေ။ ကျော်စွာ ၁၀၀ ထဲမှာ ဟစ်တလာလဲ ပါတယ်။ သူ့ရဲ့ လူတွေအပေါ် လွှမ်းမိုးခဲ့မှုနဲ့ ဂျော့ဝါရှင်တန်လိုမျိုး လူတွေအပေါ်လွှမ်းမိုးခဲ့မှုမျိုး ဘယ်သင်းကို ရချင်သလဲ ဆိုတာကိုတော့ ကိုယ်တိုင် ရွေးချယ်ကြရမယ့် ကိစ္စတွေပါ။

ဖိုးထက်