ဇော်ထက်(ပျဉ်းမနား) - ကျွန်တော့်သားလေး “စိုးရန်အောင်”
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၅
ကျွန်တော့မှာ ကြောင်တကောင် ရှိခဲ့ဘူးပါတယ်။ သူ့ကို ''စိုးရန်အောင်''လို့ နာမည်ပေးခဲ့ပါတယ်။ ''စိုးရန်အောင်''ဆိုတာက မိုးမခက စာရေးဆရာ ''ဆရာအီကြာအော်''လိုပါပဲ။ ဆရာ''အီကြာအော်''ကို သူ့မိဘတွေက စာရေးဆရာ ''အီကြာကွေး''နဲ့ ကာတွန်းဆရာ''အော်ပီကျယ်'' တိုရဲ့ဖန် ဆိုတော့ ပေါင်းပြီးတော့ ''အီကြာအော်''ဆိုပြီး နာမည် ပေးခဲ့တာ။ ကျွန်တော့ ''စိုးရန်အောင်''ကလည်း ကျွန်တော်တို့ခေတ်က နာမည်ကြီး ရုပ်ရှင်မင်းသား ''စိုးသူ''နဲ့ ''ရန်အောင်''တို့ ပေါင်းပြီး ဖြစ်လာတာပေါ့။ ပထမတော့ “စိုးသူရန်အောင်” ပါ။ နောက်တော့ ရှည်လွန်းလို့ “စိုးရန်အောင်” ဖြစ်သွားပါတယ်။
စိုးရန်အောင်နှင့် တွေ့ဆုံခြင်း
၁၉၉၆ခုနှစ်ထဲမှာ ကျွန်တော်တို့မိသားစု ကျွန်တော်အလုပ် လုပ်တဲ့ ဆန်းဒါးလန်းဆေးရုံဝင်းထဲက ဝန်ထမ်း အိမ်ယာကို ပြောင်းရပါတယ်။ ဆေးရုံဘေးပေါက် အဝင်ဝနားက ၃ ထပ်ဆောင် အောက်ဆုံးတိုက်ခန်းမှာပါ။ အိပ်ခန်း ၂ ခန်းရှိပြီး သေးပေမဲ့ သား ၂ ယောက်က ငယ်သေးတော့ သိပ်မဆိုးလှပါဘူး။ အင်္ဂလန်ရောက်ကာစ သူများအိမ် ဧည့်ခန်းထဲမှာ နေ့ခင်း ခုံခေါက်ပြီးစာဖတ် ညဆို ခုံဖြန့်ပြီးအိပ်ရတော့ ဝန်ထမ်းအိမ်ယာ တိုက်ခန်းသေးသေးက ကိုယ့်အတွက် နတ်ဘုံနတ်နန်းလိုပါပဲ။
တနေ့တော့ တိုက်ခန်းနားမှာ လသားအရွယ် ကြောင်လေးတကောင်ရောက်နေတယ်။ ရာသီဥတုကလည်းဆိုး၊ နေကောင်းပုံကလည်းမရ ဆိုတော့ သားတွေနဲ့အတူ သနားပါတယ် ဆိုပြီး တိုက်ခန်းထဲ ခေါ်လာရော။ အိမ်ထဲမှာ ရှိတဲ့ နွားနို့တိုက်တော့ ဒီကောင် တော်တော်သောက်သဗျ။ နောက်တော့ ဒီကောင် အိမ်မှာပဲ ပျော်နေတယ်။
သားတွေက ကျောင်းက ပြန်လာရင် ''စိုးရန်အောင်'' ကိုယ်ကလည်း ''စိုးရန်အောင်ပေါ့။ အိမ်က ဝန်ကြီးချုပ်လည်း''စိုးရန်အောင်''ပဲပေါ့။ သူ့ခွင့်ပြုမိန့် မရပဲ ဘယ်မွေးခွင့်ရှိမလည်း။ ဒီလိုနဲ့ပဲ တမိသားစုလုံး ''စိုးရန်အောင်''နဲ့ တအောင်တည်း“ အောင်” ကြသပေါ့။
.
ကြောင်မမွေးရ
မကြာပါဘူး။ ဆေးရုံဝန်ထမ်းအိမ်ယာ အုပ်ချုပ်ရေးမှူး အဲကော်မိုဒေးရှင်းအော်ဖစ်ဆာက ဝန်ထမ်း အိမ်ယာမှာ ကြောင်မွေးခွင့်မရှိလို့ ကြောင်မမွေးရ ဆိုပြီး အကြောင်းကြားလာပါတယ်။ ခက်ပြီပေါ့။ သား ၂ ကောင်က ငိုမဲ့ငိုမဲ့နဲ့။ ကျွန်တော်တို့ မိသားစု တစုလုံး မှိုင်တွေတွေ ဖြစ်ကြရော။ ဘယ်လို လုပ်ကြမလည်း ပေါ့။ ကဲမတတ်နိုင်တော့ဘူး ကိုယ်တွေ ဘုံပျောက်လိမ့်မယ် ဆိုပြီး ''စိုးရန်အောင်''ကို တိုက်ခန်းအပြင် ထုတ်လိုက်ရတယ်။ ရင်မှာ မချိတော့သည် ပေါ့။
မကြာပါဘူး ''ညောင် ညောင်''ဆိုပြီး တညောင်ညောင်နဲ့ မီးဖို ပြူတင်းပေါက်မှာ လာညောင်တာ ဘယ်ကောင်ရှိမှာလည်း ဒီကောင် ''စိုးရန်အောင်'' ပေါ့။ အဲဒါနဲ့ အကြံရသွားပြီး မီးဖိုချောင်တံခါး ဖွင့်ထားလို့ သူဖာသာ လာတာ ကိုယ်နဲ့ မဆိုင်ပါဘူး ဆိုပြီး လက်တလုံးခြား လုပ်ကြမယ်ပေါ့။ မိသားစုတစုလုံး ဝမ်းသာလိုက်ကြတဲ့ ဖြစ်ခြင်း။
တရက်မှာ လူတယောက်က တိုက်ခန်း တံခါးလာခေါက်တယ်။ သူ ကားမောင်းပြီး ဖြတ်သွားရင်း “ကြောင်တကောင် ခင်ဗျားတို့ပြူတင်းပေါက်မှာ တစ်လစ်ကြီး ဖြစ်နေလို့” တဲ့။ အင်္ဂလိပ်လူမျိုးများ ကြောင်တကောင် ဒုက္ခရောက်နေတယ်ထင်ပြီး တကူးတက လာပြောရှာတာ။ “ဟုတ်ကဲ့ ကျေးဇူးပါပဲ” ဆိုပြီး “လာခဲ့ စိုးရန်အောင် မင်း အိမ်ထဲ ဝင်တော့” ပေါ့။ အိမ်ယာအုပ်ချုပ်ရေးမှူးများ လာသလား ဘေးဘီ ကြည့်လိုက်ရသေးတယ်လေ။
စိုးရန်အောင်ပျောက် ရှာပုံတော်
၃နှစ်လောက်နေတော့ ဆေးရုံမှာ အမြဲတန်းဝန်ထမ်းလျောက်တာ ခန့်စာရပြီမို့ အိမ်ဝယ်ပါတယ်။ အိမ်ကလည်း တနှစ်အတွင်းဝယ်မှ အိမ်ဝယ်ဖို့ ထောက်ပံ့ကြေးရပါတယ်။ ဆေးရုံနဲ့မနီးမဝေး ဘန်ဂလိုလေးတလုံးကို ဝယ်ပြီး အိမ်ပြောင်းပွဲ ကျင်းပကြပါတယ်။ စိုးရန်အောင်ကို ပုံးတပုံးထဲထည့်ပြီး အပေါ်က အဝတ်ဖုံးလို့ သူပါအိမ်ပြောင်း ပေါ့။
ကားက အခေါက်ပေါင်းများစွာ ပစ္စည်းသယ်ရင်း အိမ်တံခါးကို ဖွင့်လိုက် ပိတ်လိုက်နဲ့ ညနေ အိမ်ပြောင်းပွဲလည်းပြီးရော ဘယ်မှာလည်း ''စိုးရန်အောင်''။ ဒီကောင့်ကို မတွေ့တော့ပါ။ သားတွေက အဖေကြီး အိမ်တံခါးကို သေချာ မပိတ်လို့ ဆိုပြီး အပြစ်တင်တယ်။ တခါ စိတ်မကောင်း ဖြစ်ကြရပြန်ပေါ့။
၂ ရက် ၃ ရက်နေတော့ အိမ်နောက်ဖေး တံခါးကနေ တညောင်ညောင် နဲ့ ဒီမောင် ပြန်ရောက်လာပြီလေ။ “မင်းတော်တော် ဆိုးပါလား ကွာ”။ နောက်ဖေးတံခါးပေါက်ဘေးမှာ သစ်သားနံရံကို ထွင်းပြီးတော့  စိုးရန်အောင် စိတ်တိုင်းကျ ဝင်နိုင် ထွက်နိုင်ရေးအတွက် ဒီအိုင်ဝိုင် ကိုယ်တိုင် အပေါက်ဖောက်ရပါတယ်။ အားဂေါ့စ်ကက်တလောက်ဆိုင်ကနေ ကြောင်တံခါးဝယ်ပြီး တပ်ပါတယ်။
ကြောင်စာ
အင်္ဂလန်ကကြောင်များ ဇီဇာကြောင်ပါတယ်။ ကိုယ်စားတဲ့ထမင်းကျန်ဟင်းကျန်လေး ကျွေးကြည့်တာ မစားပါဘူး။ ရှားရှားပါးပါး မြန်မာပြည်က ပုစွန်ခြောက် အမှုန့်ကြိတ်ထားတာကျွေးတော့ စိုးရန်အောင်ခမျာ “ဟတ်ချိုး ဟတ်ချိုး” ချေပါလေရော။ မတတ်နိုင်ဘူး“ ရောမကကြောင် ရောမလိုပဲ ကျွေး”ရတော့မပေါ့။ ကြောင်စာ သံဗူးတွေဝယ်ထားရပါတယ်။ ဈေးဝယ်ရင် ဈေးသက်သာတုန်း များများဝယ်ထားရတော့ မြန်မာပြည်ကနေ အင်္ဂလန်ကိုလာလည်တဲ့ ယောက္ခမတောင် မျက်လုံးပြူးသွားပါတယ်။ “များလှချေလား” ပေါ့။ ဘိုင်းဝမ်း ဂက်ထ်ဝမ်း အပိုရရင် ဝယ်စုထားရတယ်လေ။
အလုပ်မရှိ ကြောင်သန်းရှာခြင်း
အင်္ဂလန်မှာက ဘာလုပ်လုပ် ကိုယ်တိုင်လုပ်ရပါတယ်။
အလုပ်ကရှုပ်ပါတယ်ဆို စိုးရန်အောင်၏ သန်းကလည်း တမိသားစုလုံးကို ဒုက္ခပေးလာပါတယ်။
စိုးရန်အောင် ကုတ်သလို သားအငယ်ကောက်ကလည်း တကုတ်ကုတ်နှင့်။ ကြောင်သန်းချရေးရီဆပ်ခ်ျ သုသေသနလုပ်ပြီး လေ့လာရပါတယ်။ သန်းချသောခေါင်းဘီး၊ အမှုန့်၊ စပရေးမှုတ်ဆေး ဘာညာအကုန် ပညာကုန် သုံးရပါတယ်။ သားအမိသားအဖများ သန်းတိုက်ရေးစီမံကိန်းမှာ တကောင် ၂ ကောင် သန်းများကျလျှင် ပျော်ကြပါတယ်။ ဒါကြောင့်များ မြန်မာပြည် အရပ်ထဲတွင် သန်းတုပ်ကြတာလား ကြံကြံဖန်ဖန် တွေးမိပါတယ်။ တအိမ်လုံး သန်းချဆေးအမှုံ့ဖုံးပြီးသကာလ သန်းကိစ္စ သက်သာသွားတယ်ပေါ့။
တွမ်ရဲ့  ဒက်ဒီထက်
နှင်းတွေကျ၍ ဆောင်းတွင်းရောက် ခရစ်စမတ်နီးရင် စိုးရန်အောင် ရက်အနည်းငယ်ကြာ ပျောက်သွားသောနေ့တွေကို သတိပါတယ်။ သူ့ကိုမျှော်နေကြဆဲ နှင်းတောထဲမှာ သူကပြန်ရောက်လာခဲ့ပါတယ်။ အမြီးဘတ်လတ်နှင့် အမြီးကို ကားကြိတ်သွားတယ်ထင်ပါရဲ့။ သားအငယ်ကောင်က“ အဖေက တိရစ္ဆာန်ဆေးကုဆရာနဲ့ သွားပြမှာမဟုတ်ပါဘူး” လို့ ဖိုးကပ်စေးအဖေကို စကားနာ ထိုးပါတယ်။ သူ့အတွက် အရေးပေါ် ကြောင်လှောင်ခြင်းတလုံးဝယ်ပြီး တိရစ္ဆာန်အထူးကုဆီ ချီတက်ရပါတယ်။
ဆေးခန်းရောက်တော့ စာရင်းပေးပါတဲ့။ မျိုးရိုးနာမည် ပြောပါတဲ့။ ဘုရားရေ။ ဒုက္ခပါပဲ။
ကဲ ဆာနိမ်းလား ”ထက်”ပေါ့ဗျာ။
“ဖတ်စ်နိမ်း” ရှေ့က နာမည်ရောတဲ့။ “စိုးရန်အောင်” ဆိုလည်း မဖြစ်ဘူး။ ဒီတော့ “တွမ်”ပေါ့။
“ မေ့ဆေးနဲ့ ခွဲရမယ်၊ သဘောတူပါသလား” တဲ့ ကော်န်ဆင့်ပေးရတယ်။“ ဟုတ်ကဲ့ ရက်စ်” ပေါ့။ အိမ်ပြန်စောင့်။ ပြီးတော့ ဖုန်းဆက်လို့ သွားကြိုပါတယ်။ ကိုယ်လည်းသွားရော ကြောင်နာပြုလေးတွေက
“တွမ်ရေ ယူယာဒက်အစ်စ်ကမ်းမီးန်၊ တွမ်ရေ မင်းအဖေ လာပြီ”တဲ့။ ကြောင်ကို လည်ပတ် ပတ်ပေးထားတာ နာမည်က “တွမ်ထက်” တဲ့။ ကောင်းပါ့ဗျား။
ကိုယ်လည်း ရောမရောက်တော့ ရောမလိုပဲ ပြုံးရသပါ့။ ''သင်းခယျူး သင်းခယျူး'' ပေါ့။ အမြီးငုတ်တိုက အမွှေးရိတ်ထားပြီး ငေါက်တောက်နဲ့ အဲဒီတလောက ဝက်အူချောင်းတောင် မစားဖြစ်တော့ဘူး။
အိပ်ပျော်တာလေး မနိုးပါစေနဲ့ မိုးရယ်
စိုးရန်အောင် ၉ နှစ်သားလောက်မှာ သွေးဝမ်းတွေ သွားပြီးနေမကောင်း ဖြစ်ပါတယ်။ ဆေးကုပေမဲ့လည်း ပိန်ချုံးလာပါတယ်။ ဒီလိုနဲ့နောက်ဆုံးတရက်မှာ သူက လုံးဝမထနိုင်တော့ပါဘူး။ သူ့ရဲ့ ဝမ်းနည်းတဲ့မျက်လုံးတွေနဲ့ ကျွန်တော့ကို သေချာကြည့်နေတယ်။ မှတ်မှတ်ရရ သားအကြီးက ဝေလပြည်က ပြန်လာတဲ့နေ့ပါ။ စိုးရန်အောင် နောက်ဆုံး ဂက်စ်ပင်း ရ ဖုတ်လှိုက် ဖုတ်လှိုက်ဖြစ်ပြီး ကျွန်တော့ လက်ပေါ်မှာပဲငြိမ်သက်သွားပါတယ်။ သူ့ရဲ့  ဝမ်းနည်းတဲ့ အကြည့်တွေကို ခုထိ မမေ့ပါဘူး။ အိမ်အပြန် ရထားပေါ်ရောက်နေတဲ့ သားကြီးကို သူပြန်ရောက်တဲ့အထိ စောင့်ရမလား ဆိုတော့ မစောင့်ပါနဲ့ မကြည့်ရက်ဘူးတဲ့။
နောက်တော့ စိုးရန်အောင်ကို အိမ်ရှေ့ပန်းခြံထဲက ထင်းရူးပင်အောက်မှာ ကိုယ်တိုင် မြေတူးပြီးတော့ မြှုတ်ပါတယ်။ မိုးလေးက တဖွဲဖွဲကျနေပါတယ်။ သတ္တဝါတခု ကံတခုပါပဲ။ တိရစ္ဆာန်တောင် သံယောဇဉ်ဖြစ်ရတော့ ခွဲခွာရတဲ့အခါ စိတ်မကောင်းဖြစ်ရပါတယ်။ တွေ့ကြုံဆုံကွဲ ဝမ်းနည်းရတာမို့ နောက်ထပ် တိရစ္ဆာန် မမွေးဖြစ်တော့ပါဘူး။ ။
Photo credit - https://www.pinterest.com/pin/265782815482886333/