မေငြိမ်း - လွမ်းရကောင်းနိုး မကောင်းနိုး… (၁)
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဒီဇင်ဘာ ၇၊ ၂၀၁၅
မနေ့က မြန်မာပြည်က သူငယ်ချင်းလည်း သူငယ်ချင်း အစ်မလိုလည်း ဖြစ်နေတဲ့စာရေးဆရာ ပန်းချီဆရာမ နဲ့ စကားပြောကြတယ်။ သူက ပြောတယ်.. ကျမတို့သူငယ်ချင်း ပန်းချီဆရာ --- က ကျမကို ပြည်ပြေး.. လို့ ပြောတယ် တဲ့။ ကျမက ပြုံးနေတဲ့ Smiley အရုပ် ကလေး ပို့ပေးလိုက်တယ်။ ကျမ ထွက်လာကာစကလည်း သူငယ်ချင်း ကဗျာဆရာတစ်ယောက်က ပြောတယ်တဲ့.. ကိုယ့်နိုင်ငံကို ထားခဲ့ပြီး .. ကိုယ်လွတ်ရုန်း သွားတယ် ဆိုလို့ ကျမ တိတ်တိတ် ကြေကွဲပြီး ကဗျာတစ်ပုဒ် ရေးဖြစ်ခဲ့ရဖူးတယ်။
အနာသည်
ဒီလောက်ဝေးကွာနေတာတောင်
အဲဒီပူဆွေးသောက
ငါမြည်းစမ်းလို့ရတယ်။
ခါးသက်ခါးသီး
ရိုးတံတွေနဲ့ ချွန်ထက်
သူ မင်းကို မျိုချခိုင်းခဲ့တယ်။
(phillip largin- British Poet)
ငါယုံပါတယ်...
အဲဒီလမ်းမဲမဲတွေပေါ်မှာ
ချွေးသန်တွေ
စိတ်ကျဒဏ်တွေ
တရွှဲရွှဲနဲ့ဆိုတာ။
အနိုင်ရလိုမှုမပါတဲ့
အရက်ခွက်တွေ
အချင်းချင်းထိခတ်နေ...
ချီးယာ့စ်တွေထဲမှာတော့
မျက်ရည်တွေ စွန်းပေနေပေလိမ့်မယ်။
ဒီမှာ
မင်းရိုက်ခွဲလိုက်တာ
ကားမှန်တချပ် ...(မဟုတ်ဘူး)
မင်းသူငယ်ချင်းရဲ့ ခေါင်း...(မဟုတ်ဘူး)
မင်းနာကျင်နေတာ
လေးလုံးစပ်ကဗျာ...(မဟုတ်ဘူး)
မင်းတို့အနားက ထွက်ပြေးသွားတဲ့ငါ...(မဟုတ်ဘူး)
မင်းလိုချင်နေတာ
ချိုးဖြူတမန်...(မဟုတ်ဘူး)
သံလွင်တစ်ခက်...(မဟုတ်ဘူး)
မင်းပူလောင်နေတာ
ယွတ်ပီတွေအတွက်လား...(မဟုတ်ဘူး)
ဇစ်ပီတွေအတွက်လား...(ဒါလဲ မဟုတ်သေးဘူး)
တကယ်တော့
အဲဒီထိပ်တုံးကြီးက
ငါတို့အားလုံးကို ခတ်ထားတာပါကွာ...
ခုချိန်မှာတော့
လောင်းထည့်သမျှတွေကို
မျိုမျိုချနေရုံက လွဲလို့။
ဇန်န၀ါရီ၊၂၀၀ရ။
တကယ်တမ်းကျတော့ ကျမတို့ မလိမ်မညာစတမ်း ၀န်ခံရရင် နေရာတစ်ခုမှာ နေလို့သာ တဲ့ သူတွေက နေကျန်နိုင်မှာပဲ။ အဲလိုမှမဟုတ်ဘဲ.. ကိုယ့်တိုင်းသူပြည်သားနဲ့အတူ တန်းတူ ဒုက္ခခံနေမယ်ဆိုတဲ့ တိုင်းချစ်ပြည်ချစ်တွေလည်း ရှိမှာပဲ။ ဒါပေမဲ့ ကိုယ်လိုချင် တာ ဘာလဲ.. ကိုယ်ဘာကို ရွေးချယ်သလဲ.. ဘာကြောင့် ရွေးချယ်သလဲဆိုတာတွေမှာ ရိုးသားဖို့တော့ လိုတယ် ထင်ပါတယ်။ ကျမ ရဲ့ ၂၀၁၃ ဒီဇင်ဘာမှာ ထွက်ခဲ့တဲ့ “မြသီလာ အလွမ်းပြေ” မှာ ဒါတွေကို ပွင့်ပွင့်လင်းလင်း ရက်ရက်စက်စက် ရေးခဲ့ပါတယ်။
အဲဒီနေရာမှာ ကျမ ဘယ်လိုမှ မနေနိုင်တော့.. နေလို့ မရတော့လောက်အောင် ကျမရဲ့ ပတ်ဝန်းကျင်ကြီး အကာရော အနှစ်ပါ ပျက်စီးနေတာတွေကို ရင်မဆိုင်နိုင်တော့လို့ .. ဒါ့ထက်ပိုဆိုးတာက ကျမရဲ့ သားသမီးတွေကို ဒီပတ်ဝန်းကျင်မှာ မကြီးပြင်းစေချင် တော့ လို့။ ဒါ့ထက်ပို ကြီးကြီးကျယ်ကျယ် ပြောရရင် ကျမကိုယ်တိုင် ‘သုည’ က ‘အစ ဂဏန်း’ ဖြစ်နေတဲ့ ဘ၀မှာ ဘယ်သူကိုမှ တန်ဖိုးမတက်ပေးနိုင်တော့တာ သေချာလို့ ဆိုတာတွေပါပဲ။
တကယ်တမ်း ကျမ ထွက်ခဲ့တဲ့အချိန် .. ကျမအတွက် ပြည်ပမှာလည်း သေချာ ခိုင်မာတဲ့ မက်လုံးမျိုး ရှိနေခဲ့တာ မဟုတ်ပါဘူး။ ဘာဖြစ်ဖြစ်.. ဒီဝန်းကျင်က လွတ်ရင် ပြီးရော ဆိုတဲ့ ခံစားချက်တစ်ခုတည်းနဲ့ ထွက်ခဲ့တာ။ ဒါကြောင့် ကျမက ပြည်ပကို တိုင်းပြည် လွတ်လပ်ရေးအတွက် ထွက်ခဲ့ကြရတဲ့ ဒီမိုကရေစီရေး ကြိုးစား လှုပ်ရှားနေတဲ့သူတွေ နဲ့လည်း ရည်ရွယ်ချက်က မတူပါဘူး။ ကျမက ကိုယ့်ခံစားချက် တစ်ခုတည်း.. ကိုယ့် မိသားစု ဘ၀ တစ်ခုတည်းအတွက် အဓိက ထွက်ခဲ့တာ။ အပြင်ရောက်မှ တိုင်းပြည် အတွက် လုပ်တယ်ဆိုတာတွေက ကိုယ့်ထိခိုက်ခံစားတတ်မှုရဲ့ ကျွဲကူးရေပါ ကိစ္စတွေပါ။ ဒါကြောင့် ကြီးကြီး ကျယ်ကျယ် တွေလည်း မပြောခဲ့ပါဘူး။
ဒါပေမဲ့ အပြင်ရောက်တော့ ကိုယ့် တိုင်းပြည်ကိစ္စကို ပိုမြင်လာရပြီး ကိုယ်နိုင် သလောက်.. ကိုယ့်ပြည်သားတွေကို ဘယ်လိုကူမလဲဆိုတဲ့ စိတ်နဲ့တော့ တတ်နိုင်သမျှ ကူခဲ့ပါတယ်။ စဉ်းစားကြည့်တော့ ဒါကလည်း ကိုယ့်စိတ် လိပ်ပြာလုံချင်တာကြောင့် ဆိုတာ ပါနေတာပါပဲ။ ဒါကြောင့် ကျမ သူငယ်ချင်း ကဗျာဆရာ ပြောတဲ့ ကိုယ်လွတ် ရုန်းတယ် ဆိုတဲ့ ကိစ္စ ကို ကျမ စိတ်မဆိုးခဲ့ပါဘူး။ အဲလို လုပ်ခဲ့ရတာကို ပြန်မြင်ပြီး ကြေကွဲမိတာပဲ ရှိပါတယ်။ ပြီးတော့ အဲလို ပြောတဲ့ ဘယ်သူ့ကိုမှလည်း စိတ်မဆိုးခဲ့ ပါဘူး။ လူတိုင်းဟာ ကိုယ့်ရွေးချယ်မှု အတိုင်း ပဲလို့သာ သဘောထားခဲ့ပါတယ်။ လိပ်ပြာ လုံကြဖို့ပါပဲ။
တကယ်တမ်း အပြင်ရောက်တော့ ထိုင်းမှာ ၄နှစ် ကြာပြီး ကိုယ့်အနာဂတ်ဘာဖြစ်မလဲ မသိသေးတဲ့အချိန်မှာ ကံကောင်းထောက်မစွာ ကိုရာကျော် က အမေရိကန် DV Lottery ပေါက်တာနဲ့ အပေါင်းအသင်းတွေ ကောင်းတာကြောင့်.. မိသားစု တစ်စုလုံး အမေရိကား ရောက်ခွင့်ရခဲ့တာပါ။
ကျမ ခဏခဏ စဉ်းစားမိတာ ပြောရရင် ကျမ ခုထိ တိုင်းပြည်ထဲရှိနေသေးရင် ဘာဖြစ် မလဲ..။ သေချာတာပေါ့.. တက္ကသိုလ်တခုခုမှာ ပါမောက္ခတမျိုးမျိုး ဖြစ်နေမှာပေါ့။ ကျမ သားကြီး ဘွဲ့တခုခု ရပြီး ကျောင်းပြီး အိမ်ထောင်ကျဖြစ်နေမှာပေါ့။ သမီးကတော့ ကျမ မကြိုက်တဲ့ ပညာရေးစနစ်ထဲ ၁၀ တန်း စာမေးပွဲဖြေဖို့ လုံးပန်းနေရမှာပေါ့။ သားငယ် လေး က ၇ တန်းလောက် ရောက်နေမှာပေါ့။ ရာကျော်က ဓာတုဗေဒ နဲ့ ရထားတဲ့ ဘွဲ့ လက်မှတ် ကို ဘီရိုထဲမှာ သိမ်းပြီး တပြည်တရွာမှာ မဆိုင်တဲ့ အခြေခံ အလုပ်တွေ လုပ်နေရမှာ ပေါ့။ ကျမတို့က ကိုယ့်ကို ကျားကန်ပေးထားနိုင်တဲ့ မိသားစု အဆွေအမျိုး လည်း မရှိ.. နေစရာ အိမ်ပိုင်တောင် မှလည်း မရှိတော့ တစ်လ တစ်လ သိန်းချီတဲ့ အိမ်ငှားခ တွေ အိမ်စရိတ်တွေ သားသမီးစရိတ်တွေ ကာမိဖို့ ကျမ စိတ်ဆင်းရဲတဲ့ ကျူရှင်ပြ ရတဲ့ အလုပ်ကို မျက်လုံးပြူး မျက်ဆန်ပြူး လုပ်နေရမှာပေါ့။ ဒီဘဝကို ကျမ မရွေးချယ် နိုင်ခဲ့ဖူးလေ။ (ဒီလိုရေးတဲ့အတွက် ပြည်တွင်းက သူငယ်ချင်းဆရာ ဆရာမ တချို့ စိတ်မကောင်း ဖြစ်မှာ ကိုလည်း စိုးပါတယ်.. ဒါပေမဲ့ အားလုံးဟာ ကိုယ့်ဘ၀ နဲ့ ကိုယ် .. ကိုယ့်ခံစားချက် .. ကိုယ့်အယူအဆနဲ့ ကိုယ် ဆုံးဖြတ်ကြရတာ ချည်း ပါ)
ခု ဒီတိုင်းပြည်မှာရော.. ဓာတုဗေဒဘွဲ့ရ ရာကျော် က အိမ်တံခါးမကြီးတွေ Install လုပ်ရတဲ့ ကုမ္ပဏီ မှာ လက်သမားခေါင်း ဆိုပါတော့။ ဒါပေမဲ့ တကယ်တမ်း ဓာတုဗေဒနဲ့ ပတ်သက်လို့ ဘာမှ တကယ်တတ်မလာတဲ့အတွက် ရာကျော်က သူ့ဘွဲ့ကို လုံးဝ မလွမ်းဘဲ.. ခု အလုပ်ထဲမှာ ကျွမ်းကျင်တာကိုပဲ ဂုဏ်ယူလို့။ ကျမက .. ကံကောင်းချင်တော့ ဒီရောက်စမှာ ကိုယ်သဘောကျတဲ့ ရေဒီယိုအလုပ်လေး လုပ်ခွင့်ရခဲ့..။ နောက် မြန်မာစာဆရာမ အလုပ်တစ်ခု ပြောင်းရ။ ခုလည်း ပြောက်တိပြောက်ကျား မြန်မာစာ ဆရာမ လုပ်.. ။ ဒီလိုပဲ အိမ်စရိတ် ပူရ.. ကားစရိတ်ပူရ..။ ပိုက်ဆံပို တစ်ပြားမှ မရှိ။ ဒါပေမဲ့ မျက်လုံးပြူး မျက်ဆန်ပြူး .. လောဘ ဒေါသ သိပ်မရှိ ။ ကလေး ပညာရေး အတွက် သိပ် မပူရ။ ခုနေ ကျမ တို့ မိဘ နှစ်ပါး သေသွားရင်တောင် ကျမ ကလေးတွေ ပညာရေး ခါးပြတ်မသွားနိုင်တဲ့ အစိုးရ စနစ်ထဲမှာ ကျမ အသက်ရှူ ဝ တာ အမှန်ပါ။
ဟုတ်တာပေါ့။ ဒါတွေဟာ ကိုယ့်မိသားစုအရေးသာ စဉ်းစားတာမို့ တကိုယ်ကောင်းဆန် တယ် ဆိုပါစို့ ။ ကျမ ကိုယ့်တိုင်းပြည်မှာတုန်းကတော့ ကိုယ့်မိသားစုကိုတောင် တရား သဖြင့် ပိုက်ဆံနဲ့ မထောက်ပံ့နိုင်…။ ကိုယ့်အမေ နေမကောင်းလို့မှ ဆေးမကုနိုင်။ ပြီးတော့ ကျမ ၀န်းကျင်မှာ ဒေါသ လောဘ မောဟတွေနဲ့။ အချင်းချင်းတွေ ခုတ်ကြ ထစ်ကြ ပါးပါး လှီးကြ.. အရက်ခွက်တွေ ထိခတ်ပြီး အမနာပတွေ ပြောရင်း စိတ်ဖြေကြ ရ။ အချင်းချင်း အပြစ်ရှာရင်း ထိုးကြ ကျိတ်ကြ ခေါင်းရိုက်ခွဲကြ။ တချို့ကတော့ အချင်းချင်း ချစ်ချစ်ခင်ခင် တယောက်ဒဏ်ရာ တယောက် ကျပ်ပူထိုးပေးကြ..။ စင်ပေါ်က မတရားသဖြင့်တွေ နဲ့ စင်အောက် မြေပြင်မှာ ဒဏ်ရာရနေတဲ့ တရားသဖြင့် တွေကို ကျမ ဘယ်လိုမှ မကြည့်နိုင်တော့တဲ့အချိန်…။ ထားပါတော့.. ကျမ ကိုယ်လွတ် ရုန်း ခဲ့တယ်..။ ပြည်ပြေးခဲ့တယ်ပေါ့..။ ဒါဆိုရင် ကျမကို (ကျမလို ပြည်ပရောက်သူများ ကို) အဲလိုဆိုကြသော အဲလို မြင်ကြသော..သူ အများစုရော.. ကျမထက်ပို .. ကျမတို့တွေထက် ပိုလို့.. တိုင်းပြည် အတွက် တာဝန်ကျေနိုင်ခဲ့ကြပြီလား.. အဲဒီမေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးကြဖို့ ကောင်းပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ ခုလို နိုင်ငံရေးအကူးအပြောင်းကာလ .. ခေါင်းဆောင်ပိုင်းတွေက ပြည်ပရောက်နေသူတွေ ပြန်လာပြီး ကိုယ့်တိုင်းပြည်အတွက် တဘက်တလမ်းက လုပ်ပေးကြပါတော့လို့ ပြောနေချိန်မှာ..။ အဲဒီပြည်တွင်းမှာ ရှိကြသူတွေကရော ကျမတို့ ပြည်ပကနေ ပြန်သွားကြမယ့်သူတွေကို ဘယ်လို ပုံစံနဲ့ လက်ခံမယ်ဆိုတာက သိပ် အရေးကြီး လာပါပြီ။ တချိန်တည်းမှာပဲ ပြည်ပကနေ ပြန်သွားမယ့်သူတွေကလည်း ဘယ်လို စိတ်ထားတွေ.. ခံယူချက်တွေ ရည်ရွယ်ချက်တွေနဲ့ ပြန်မယ်ဆိုတာ အရေးကြီး လာပါပြီ။ တကယ်တော့ ပြန်လည်ရင်ကြားစေ့ရေးက ကျမတို့ အချင်းချင်းကြားမှာကို အရေးတင်္ကြီးလိုအပ်နေတာပါ။ ကျမ ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်လို ကျမတို့ဟာ ခေတ်က ခွဲလို့ ကွဲခဲ့ရတဲ့ သွေးတွေပါ...
++++++
ကျမကို သူငယ်ချင်းတချို့က ပြောတယ်။ ကိုယ့်တိုင်းပြည်ကို မလွမ်းဘူးလားတဲ့။ ပြောရရင် ကျမက ကိုယ့်တိုင်းပြည်မှာ တကယ် တန်အောင် နေခွင့်ကြုံခဲ့တဲ့သူပါ။ ရူးလောက်အောင် တန်ဖိုးကြီးတဲ့ ကိုယ့်တိုင်းပြည်လေးထဲက ရှမ်းပြည်၊ ကရင်ပြည်၊ မွန်ပြည် နဲ့ ပုဂံ တွေမှာ ကိုယ့်အိမ် လို နေခဲ့တဲ့သူ..။ ဧရာဝတီ မြစ်ကို အရှေ့ခြမ်း အနောက်ခြမ်း ရွာသိမ် ရွာငယ်လေး တွေပါ မကျန် နှမ်းနှမ်းမွှေ .. စိမ်ပြေနပြေ သွားခွင့် ရခဲ့ဖူးသူ။ ကျမလောက် လွမ်းစရာ များတဲ့သူ …။ ဒါပေမဲ့ ဆရာငြိမ်းကျော်ကို တုပြောရရင် လွမ်းရမှာကိုလည်း အားနာပါတယ်လေ.. ပေါ့။ ကိုယ်ထားချင်လို့ ထားခဲ့ပြီးမှ လွမ်းကြောင်းဆွေးကြောင်း ရက်လွန်ဆောင်းရမှာ.. အားနာလှပါတယ် ..။ ဒါနဲ့ပဲ…..
(ပန်းချီ - ဘဌေးကြည်)