ရန်လိုကျွဲ - ဒုက္ခသီရိ ဒိုင်ယာလော့

ရန်လိုကျွဲ - ဒုက္ခသီရိ ဒိုင်ယာလော့
 ဒီဇင်ဘာ ၁၄၊ ၂ဝ၁၅

(ရန်လိုကျွဲ၏ အမှာစာ - ဒီသရော်စာကို ယခုတပတ်ထုတ် မန္တလေးအခြေစိုက် Friday Times ဂျာနယ်မှာလည်း ဖတ်ရှုနိုင်ပါတယ်။ ဒီသရော်စာ စပြီး ရေးတော့ ခေါင်းထဲမှာ ဆင်ဖြူတော်ပဲ ရှိပါတယ်။ ကျန်တာတွေကတော့ စာရေးနေချိန် စိတ်ကူးပေါ်လာတာတွေ ချရေးလိုက်တာပါပဲ။ ကွန်ပြူတာသုံးပြီး စာရေးစ ကတည်းက အကျင့်ပါနေတာကတော့ စာရေးနေချိန် တခြား အင်တာနက်စာမျက်နှာတွေ လျှောက်ဖတ်ခြင်းပါ။ အဲဒီလို လုပ်တဲ့အတွက် အားနည်းချက်အဖြစ် .. ရေးလက်စ အဆုံးမသတ်ဖြစ်တော့တာမျိုး ကြုံရတာ မကြာခဏပါ။ အားသာချက်ကတော့ ရေးလက်စ စာမူအတွက် အထောက်အကူပြုတဲ့အချက်တွေ မတော်တဆ တွေ့တတ်ခြင်းပါ။ ဒီစာမှာ ဖတ်ရမယ့် ဘီယာဆိုင်လုပ်ငန်းရှင်တွေအတွက် နိုင်ငံတော်က အဆင်ပြေအောင် လုပ်ပေးထားတဲ့ အပိုင်းကိုတော့ အယ်ဒီတာ့အာဘော်တပုဒ် ကြားဖြတ်ဖတ်ရင်း တွေ့တာနဲ့ ကောက်ထည့်ဖြစ်ပါတယ်။ သရော်စာရေးတဲ့အခါ  ထုံးစံအတိုင်း ခက်ခဲတာက နိဂုံးပိုင်း ဖြစ်ပါတယ်။ ဘယ်လို နိဂုံးချုပ်ရင် ကောင်းမလဲ ဆိုတာ ထိုင်လိုက် ထလိုက် သုံးခါလောက် လုပ်ပြီးချိန်မှာ စိတ်ကူးရတဲ့အတိုင်း ရေးလိုက်ပါတယ်။ အဲဒါကလည်း မကြာသေးခင်က ပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်ကို စဉ်းစားမိပြီး ရလာတဲ့ စိတ်ကူး ဖြစ်ပါတယ်။ ဤတွင် အမှာစာ ပြီး၏)

ဒုက္ခသီရိနေပြည်တော်တွင် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတို့ ပေါ်ပေါက်လျက်ရှိသည်။
ရွေးကောက်ပွဲအနိုင်ရ ပေါ်ပြူလာပါတီ၏ ခေါင်းဆောင်ဖြစ်သူက တွေဆုံလိုသည်၊ ဆွေးနွေးလိုသည်ဟု ကမ်းလှမ်းရာ အာဏာစက်ပိုင်ရှင်တို့က အလွယ်တကူပင် သဘောတူကြ၊ လက်ခံတွေ့ကြလေသည်။

ယခင်က ထိုသို့ ကမ်းလှမ်းလျှင် မကြားချင်ယောင်ခြင်း၊ အချိန်ဆွဲခြင်းတို့သာ ပေါ်ပေါက်လာလေ့ရှိ၏။ ယခုမူကား ထိုနည်းလမ်းဟောင်းများ မသုံးဘဲ ပြေးတွေ့သည့်နည်းကို သုံးသဖြင့် စောင့်ကြည့်အကဲခတ်သူအပေါင်း မျက်စေ့လည်ကုန်၏။
မျက်စေ့ထပ်လည်စရာ နောက်ဆုံးပေါ်ဖြစ်ရပ်တစ်ခု ရှိနေသည်။
ယင်းမှာ ပေါ်ပြူလာပါတီ ခေါင်းဆောင်ဖြစ်သူကို စကားပြောဆို ညှိနှိုင်းသည့် ထိပ်သီးများထဲတွင်  ဝါရင့်ချိုကုပ်ဒူးကြီး ပါဝင်လာသောကြောင့်တည်း။

စာနယ်ဇင်းတို့က ဒုက္ခသီရိနွေဦးသည် ကျက်သရေအပေါင်း ခညောင်းသည့် တွေ့ဆုံပွဲတို့ဖြင့် အစပြုလေပြီဟု   ရေးသား ထုတ်လွှင့်ကြလေသည်။

ဝါရင့်ချိုကုပ်ဒူးကြီး၏ နန်းတော်သို့ ရွေးကောက်ပွဲအနိုင်ရ ပေါ်ပြူလာပါတီ၏ ခေါင်းဆောင် ရောက်သွားသည်၊ တွေ့သည်၊ ဆုံသည်၊ ဆွေးနွေးသည် ဆိုသော ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်ရပ်မှာ ဇာတ်ဆရာ ဝါရင့်ချိုကုပ်ဒူးကြီး ကြိုတင်စီစဉ်ထားသည့် ကကွက်တစ်ခုသာဖြစ်သည်ဟု အကဲခတ်တချို့က ဆို၏။
တချို့ကလည်း ... နောင်လာနောက်သားတို့၏ အနာဂတ်အတွက် တွေ့ရခြင်းဖြစ်သည်ဟု ကောက်ချက်ချ၏။

အသံချဲ့စက် ဆင်မထားသော၊ မှတ်တမ်းတင်သူ မပါသော နန်းတော်အတွင်း တွေ့ဆုံခြင်းက တရင်းတနှီးရှိလှသည်။

ဝါရင့်ချိုကုပ်ဒူးကြီး။     ။ ငါ့တူမကြီးတို့ပါတီက ရွေးကောက်ပွဲမှာ ကမ္ဘာပြို မိုးပြို နိုင်သွားတဲ့အတွက် ဂုဏ်ယူဝမ်းသာပါတယ်။

ပေါ်ပြူလာပါတီခေါင်းဆောင်။      ။ ဟုတ်ကဲ့ရှင့်၊ ကျေးဇူးတင်ပါတယ်ရှင့်။

ဒူးကြီး။     ။ အခုလို ခေါ်ယူ ဆွေးနွေးရခြင်း အကြောင်းရင်းကတော့ အစိုးရဖွဲ့တော့မယ့် တူမကြီးတို့ပါတီကို အကူအညီပေးချင်လို့ပါ။ အထူးသဖြင့်  အုပ်ချုပ်ရေးနည်းနာတွေနဲ့ ပတ်သက်ပြီး အဘ ကူညီနိုင်တာပေါ့ကွယ်။

ခေါင်းဆောင်။     ။ ဟုတ်ကဲ့ပါရှင့်။ အဘတို့ရဲ့ အတွေ့အကြုံတွေက အများကြီး တန်ဘိုးရှိမှာပါ။ ဒုက္ခသီရိလည်း အဘတို့ကြောင့်  အပြောင်းအလဲတွေ အများကြီး ကြုံခဲ့ရတယ်မဟုတ်လား။

စကားဝိုင်းက တဖြည်းဖြည်း စိုပြေလာသည်။ ပေါ်ပြူလာပါတီကို ယခင်က အပြင်းအထန် နှိပ်ကွပ်ထားရခြင်းမှာ အကြောင်းရှိသည်ဟု ဝါရင့်ချိုကုပ်ဒူးကြီးက ရှင်းပြသည်။

ဒူးကြီး။     ။ ဆင်းရဲခြင်းဒဏ်ကို ခံနိုင်ရည်ရှိဖို့ဆိုတာ မလွယ်ဘူး။ အဘတို့က တူမကြီးတို့ပါတီနဲ့ဆက်စပ် ပတ်သက်သမျှကို နှစ်ပေါင်း ၂ဝ ကျော် အကြီးအကျယ် ဖြုတ်ထုတ်ရှင်းခဲ့တာ အခု ဆိုရင် ပါတီက အင်မတန်ကို ခံနိုင်ရည်ရှိလာတာ တွေ့ရတယ်။
ဒါဟာ တူမကြီးတို့ပါတီ နိုင်ငံနဲ့ ပြည်သူ့အကျိုး ဆောင်ရွက်တဲ့နေရာမှာ အများကြီး အထောက်အကူဖြစ်တာပေါ့ကွယ်။ အခက်အခဲတွေကြောင့်ပဲ တူမကြီးတို့ပါတီက အင်အားကောင်းလာတာပဲ။ ပါတီက အခုလို အားကောင်းမောင်းသန်ဖြစ်နေတဲ့အတွက် နိုင်ငံကို ဦးဆောင်ရာမှာ အဆင်ပြေတာပေါ့၊ မဟုတ်ဘူးလား။

ခေါင်းဆောင်။     ။ ဟုတ်ပါတယ်၊ ပါတီက တစ်ချိန်လုံး အထုအထောင်း ခံခဲ့ရလို့ တချို့ကတောင် နာမည်ပြောင် ပေးထားကြသေးတယ်၊ ငရုပ်ဆုံပါတီ တဲ့။

ဒူးကြီး။     ။ ကောင်းတာပေါ့။ ပြည်သူက ပေးတဲ့ နာမည် ဆိုတော့ ဂုဏ်ယူရမှာပေါ့။ ပြည်သူကိုတော့ အလေးထားရမယ်ကွဲ့ ငါ့တူမရဲ့။ အဘတို့ခေတ်တုန်းကဆိုရင် ပြည်သူကို ဘယ်လောက် အလေးထားတယ် ဆိုတာ ငါ့တူမကြီး အသိပဲ။

ခေါင်းဆောင်။     ။ ဟုတ်ကဲ့ရှင်... သိပါတယ်။

ဒူးကြီး။     ။  တူမကြီး သိတယ်ဆိုပေမယ့် အကုန်သိမှာ မဟုတ်သေးဘူး။ လေ့လာပေါ့ကွယ်။ အုပ်ချုပ်ရေးပညာဆိုတာ လေ့လာရတာ ဘယ်တော့မှ ဆုံးခန်းတိုင်တယ်ရယ်လို့ကို မရှိဘူး။ ပြည်သူအကြောင်း ဆက်ပြောရရင် ...
အဘတို့က ပြည်သူတွေကို အေးရာအေးကြောင်း နေထိုင်နိုင်အောင်လို့ သင်တန်းကျောင်းတွေ ဘာတွေကိုဆိုရင် သိပ်အားမပေးဘူး။ ဘီယာဆိုင်တွေ၊ လောင်းကစားရုံတွေကိုပဲ အားပေးတယ်။

ခေါင်းဆောင်။     ။ ရှင်.... ဒါကတော့ ကျွန်မ လိုက်မမီတော့ဘူး။

ဝါရင့်ချိုကုပ်ဒူးကြီးက အသက်မွေးဝမ်းကြောင်းပညာသင်တန်းများကို ဥပမာ ပေးသည်။ ထိုသင်တန်းများ ဖွင့်လှစ် လုပ်ကိုင်သူတို့ကို ထောက်ခံစာမျိုးစုံ ပြသခိုင်းခြင်းမျိုးကဲ့သို့သော စနစ်ဖြင့် ခက်ခဲအောင် လုပ်ထားသည်ဟု ဆိုသည်။
သင်တန်းများသည် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်သည်၊  ပြည်သူတို့ လွတ်လွတ်လပ်လပ် အေးရာအေးကြောင်း နေထိုင်နိုင်ရေးအတွက် သင်တန်းများ မရှိသင့်၊
စာသင်ကျောင်းများက ပညာကုန် သင်ပေးပြီးဖြစ်သည်၊ ထို့ကြောင့် သင်တန်းများ ဖွင့်ရ ခက်ခဲစေရန် အဟန့်အတားများ ထားရှိခြင်းဖြစ်သည်ဟု ရှင်းပြသည်။

ခေါင်းဆောင်။     ။ အဘတို့ရဲ့ စေတနာကတော့ လေးစားစရာပဲ။ သင်တန်းကျောင်းကို ထောက်ခံစာကိစ္စနဲ့ ပညာပေးထားတာတော့ ဟုတ်ပါပြီ။ လောင်းကစားဆိုင်တွေ၊
ဘီယာဆိုင်တွေ ပိုများအောင်၊ နေရာတကာမှာ ရှိပြီး သွားရ လွယ်အောင်လုပ်ထားတာက ဘာသဘောလဲ။

ဒူးကြီး။     ။  လောင်းကစားဆိုင်ဆိုတာက မလိုသူတွေက နာမည်ဖျက်တာပါ။ အဲဒါတွေက ဂိမ်းဆိုင်တွေပါ။ ဂိမ်းဆော့တာ ကောင်းတယ်။ ဥာဏ်ပွင့်လင်းတယ်။ ဖြတ်ထိုးဥာဏ်ရှိအောင် လူတိုင်း ဂိမ်းဆော့သင့်တယ်။ ဒါကြောင့် ဂိမ်းဆိုင်တွေ ပေါပေါများများ ရှိအောင် စီစဉ်ထားပေးတာပေါ့ကွဲ့။
ဘီယာဆိုင်တွေလည်း ဒီလိုပါပဲ... အခုဆိုရင် လူလတ်ပိုင်းတွေ၊  လူငယ်တွေ သူတို့ရဲ့ အားလပ်ချိန်တွေကို ဘီယာဆိုင်တွေမှာ ကောင်းကောင်း အသုံးချနေတာ တွေ့လိမ့်မယ်။
ဘီယာဆိုင်မှာ တိုင်ပင်မယ်၊ ဆွေးနွေးမယ်၊ အပမ်းဖြေမယ်၊ ဘောလုံးပွဲကြည့်မယ်၊ ဘယ်လောက်ကောင်းသလဲ။ အခုလို သူတို့တွေ သာသာယာယာ ဖြစ်နေရခြင်းက ဘီယာဆိုင် နေရာတကာ ရှိနေလို့ပဲ။ ဒီလိုရှိနေတာကလည်း   ဘီယာဆိုင်ဖြစ်မြောက်ရေးအတွက် အကန့်အသတ်တွေ  အကုန် ရိုက်ချိုးထားလို့ပဲ။ ဟဲဟဲ... အဘတို့ စေတနာတွေကတော့ အကုန်လုံး အကောင်းတွေချည်းပဲ။

ခေါင်းဆောင်။     ။ ဟုတ်ပါရဲ့ ... အဘတို့ခေတ်အကြောင်း ပြန်ပြောရရင် အကောင်း မကုန်တော့ဘူး။

ဒူးကြီး။     ။ ဟုတ်တယ်၊ အဘတို့ခေတ်မှာ အားလုံးသိတဲ့အတိုင်း ဆင်ဖြူတော်ပေါ်ပေါက်တာ ဆယ်စီးတိတိ ရှိတယ် ငါ့တူမကြီးရဲ့။ ဒါဟာ အဘတို့ ဘုန်းကံကြီးမားတဲ့အတွက်၊  မင်းကျင့်တရား ဆယ့်ငါးပါးနဲ့အညီ ကျင့်ကြံအုပ်ချုပ်တဲ့အတွက် ဆင်ဖြူတော် ပေါ်ပေါက်တာပဲကွဲ့။

ခေါင်းဆောင်။     ။ မင်းကျင့်တရားက ဆယ်ပါးပဲရှိတာ မဟုတ်လား။

ဒူးကြီး။     ။ ဒါက ရှေးတုန်းက ဘုရင်တွေအတွက်ပါ။ အခုခေတ်မှာ ငါးပါး ထပ်တိုးတယ်။
ဆိုက်ကားသမားတွေ သန်းကြွယ်သူဌေးဖြစ်အောင်၊ ဒေသတစ်ခုကို စင်္ကာပူနဲ့တူအောင်၊ လူတိုင်းလူတိုင်း အသုံးစရိတ် တစ်နေ့ နှစ်ထောင်နဲ့ လုံလောက်ကြအောင် စသဖြင့် စီစဉ် အုပ်ချုပ်နိုင်တာတွေကိုလည်း မင်းကျင့်တရားထဲ ထည့်သင့်တာပေါ့ တူမကြီးရဲ့။ ဒီအစဉ်အလာကို တူမကြီးတို့ပါတီအစိုးရဖွဲ့အုပ်ချုပ်တဲ့အခါ ဆက်ပြီး ထိန်းသိမ်းသင့်တယ်။
အဲ... စောစောက ဆင်ဖြူတော်အကြောင်း ဆက်ပြောရရင် တကယ်တော့ ဆင်ဖြူတော်တွေက တောထဲရှိတာ ကြာလှပေါ့။ အဘတို့ခေတ်ရောက်မှ သစ်တောတွေ ပြောင်တလင်းခါအောင် ခုတ်ပစ်တော့ ဒီဆင်တွေလည်း ပုန်းနေလို့ ဘယ်ရတော့မလဲ။ လူမြင်ကွင်း ထွက်လာရတာပေါ့။

ခေါင်းဆောင်။     ။ အင်း... ဒီဆင်တွေကို ကြိုးချည်မထားဘဲ သစ်ထုတ်လုပ်ရေးမှာ သုံးရင် နိုင်ငံအတွက် အကျိုး မဖြစ်ဘူးလား။

ဒူးကြီး။     ။ ငါ့တူမကလည်း အသက်ကြီးလာပြီလို့ မပြောရဘူး၊ အခု ပြော၊ အခု မေ့တော့တာပဲ၊ သစ်တောတွေ ပြောင်အောင် ရှင်းလိုက်ပါပြီ ဆိုမှတော့ သစ်ထုတ်လုပ်ရေး လုပ်စရာ မလိုတော့ဘူးလေကွယ်။

ခေါင်းဆောင်။     ။ အနောက်တိုင်းထုံးစံအရ ဆိုရင်တော့ ဆင်ဖြူတော်ရှိတာ အလကားပဲလို့ ဆိုတယ်။ ခိုင်းစားရလည်းခက်၊ ဒီအတိုင်းကျွေးထားရတာလည်း စားရိတ်ကြီးတာကြောင့် ဟုတ်မလိုလိုနဲ့ ဘာမှမဟုတ်တဲ့ဟာကြီးလို့ ဆိုကြတယ်။
ဒီတော့ ဆင်ဖြူတွေ အများကြီးရှိတဲ့ထဲက တစ်ကောင်လောက်ကို အိမ်နီးချင်းနိုင်ငံ လက်ဆောင်ပေးလိုက်ရင် မကောင်းဘူးလား။ သူတို့ကလည်း ခဏငှားပါလို့ ပြောဖူးတယ်လေ။ မငှားဘဲ အပိုင်ပေးလိုက်ရင် အဲဒီအကောင်အတွက် ကုန်ကျစားရိတ်တော့ သက်သာသွားမှာပေါ့။

ထိုသို့ လက်ဆောင်ပေးရေးကိစ္စကို ဝါရင့်ချိုကုပ်ဒူးကြီးက  သဘောမတူပေ။ ထိုအိမ်နီးချင်းနိုင်ငံကို ထာဝရမိတ်ဆွေအဖြစ် သဘောမထားနိုင်ကြောင်း၊ ထိုနိုင်ငံနှင့် ပတ်သက်ပြီး ပေါက်ကရ လျှောက်ရေးထားသည့် သမိုင်းစာအုပ်ကိုပင် ဖျက်သိမ်းခြင်း မပြုသေးဘဲ စာသင်ကျောင်းတွင် ဆက်လက် ပြဋ္ဌာန်းထားဆဲ ဖြစ်ကြောင်း ရှင်းပြသည်။ ၎င်းတို့ လုပ်ကိုင် ဆောင်ရွက်ခဲ့သမျှသည် နိုင်ငံနှင့် လူထုအတွက်ချည်းသာဖြစ်သည်ဟုလည်း သူက ဆက်ရှင်းပြသည်။

ဒူးကြီး။     ။ သေချာတာကတော့   သမိုင်းဆရာတွေက အဘတို့ကို ချီးကျူးကြလိမ့်မယ်။ ဒုက္ခသီရိပြည်သူလူထု အဆင်ပြေရေးအတွက် အဘတို့ ဘယ်လောက် စေတနာထား စီစဉ်၊ အုပ်ချုပ်ခဲ့သလဲ ဆိုတာ သူတို့ ချီးကျူးလိမ့်မယ်။

တကယ်တော့ ပေါ်ပြူလာပါတီခေါင်းဆောင်မှာ အဘတို့အကြောင်း နောကျေအောင် သိထားပြီးသားဖြစ်သည်။ စကားဝိုင်း အဆင်ပြေစေရန်အတွက် အလိုက်သင့် ပြောဆိုနေခြင်းသာဖြစ်သည်။
ဒုက္ခသီရိကို အဘတို့ နှစ်ပေါင်းများစွာ အုပ်ချုပ်စဉ်  အခွင့်အရေးမှန်သမျှ ဝိုင်းဝန်းလက်ကုန်နှိုက်၊ ဝေစား၊ မျှစား၊ သိမ်းကြုံးစားကြသဖြင့် အကြီးအကျယ် ချမ်းသာသွားကြပုံကို အများသူငါ သိရှိပြီး ဖြစ်သလို သူလည်း သိရှိပြီး ဖြစ်လေသည်။

ဝါရင့်ချိုကုပ်ဒူးကြီးမိသားစု၏ ကြွယ်ဝချမ်းသာမှုက အံ့မခန်းပင်။ ဒုက္ခသီရိနေပြည်တော်၏ အရပ် ၁၆ မျက်နှာတွင် လုပ်ငန်းကြီးမျိုးစုံ လုပ်ကိုင်သောကြောင့် ဝင်ငွေ ဒလဟော ရရှိနေသည့် မိသားစုဖြစ်၏။ ဝင်ငွေကောင်းသဖြင့် တန်ဘိုးကြီးစိန်ရွှေရတနာတို့ကို ဝယ်ယူဆင်မြန်း၏။  သမီးတော်တစ်ပါး၏ ဈေးအပေါဆုံး စိန်နားကပ်ကပင် ဒုက္ခသီရိ လူချမ်းသာအရပ်ရှိ ဇိမ်ခံအိမ်တစ်လုံး၏တန်ဘိုးနှင့် ညီမျှသည် ဟူ၏။ စိန်ထည်ပစ္စည်းများကို ခရစ်စမတ်သစ်ပင်ကဲ့သို့ ဝတ်ဆင်နိုင်ကြ၏။  ထိုအကြောင်းကို ပေါ်ပြူလာပါတီခေါင်းဆောင် သဘောပေါက်ပြီး ဖြစ်၏။

ပေါ်ပြူလာပါတီခေါင်းဆောင်နှင့် ဝါရင့်ချိုကုပ်ဒူးကြီးတို့   တွေ့ဆုံစကားပြောခြင်းမှာ  ထမင်းအိုး သုံးလုံးချက်ခန့် ကြာလာပြီ ဖြစ်သောကြောင့် အဆုံးသတ်တော့မည် ဖြစ်သည်။

ဒူးကြီး။     ။ ကဲ... စကားပြောရတာလည်း ကောင်းတယ်ကွယ်။ ထပ်ပြီး ပြောရရင် ငါ့တူမကြီးတို့ပါတီက ရွေးကောက်ပွဲမှာ ကမ္ဘာပြို မိုးပြို နိုင်သွားတဲ့အတွက် ဂုဏ်ယူဝမ်းသာပါတယ်။

ခေါင်းဆောင်။     ။ ဟုတ်ပါတယ်၊ စကားပြောဆိုရတာ အင်မတန် အကျိုးရှိလှပါတယ်။ ဒီစကားဝိုင်းက နိုင်ငံနဲ့ ပြည်သူတွေအတွက် အများကြီး အကျိုးဖြစ်မှာ သေချာပါတယ်။ ပိုပြီး အကျိုးဖြစ်ဖို့ဆိုရင် အဘ ကိုယ်တိုင် ကျွန်မတို့ပါတီဝင်လိုက်ရင် ကောင်းမယ်လို့ ထင်ပါတယ်။

ဒူးကြီး။     ။ အေးအေးဆေးဆေး စာဖတ်ပါရစေကွယ်။ ပါတီဝင်လိုက်မှ ငါ ဒုက္ခများနေလိမ့်မယ်။

ခေါင်းဆောင်။     ။ ရှင်.. ဘာကြောင့်၊ ဘယ်လို ဒုက္ခများမှာလဲ။ အခု ကျွန်မတို့ပါတီမှာ အမှိုက်ကောက်ခိုင်းတာကို ပြောတာလား။

ဒူးကြီး။     ။ လမ်းလျှောက်၊ အမှိုက်ကောက်တာက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ် ငါ့တူမကြီးရယ်၊ ငါရတဲ့ ဝင်ငွေထဲက ၂၅ ရာခိုင်နှုန်း ပါတီကို လှူရမယ် ဆိုရင်တော့ ... အဲဒါကတော့ ကျန်းမာရေးနဲ့ ညီညွတ်မှာ မဟုတ်ဘူးကွ၊ ဟားဟားဟားဟား။


ခေါင်းဆောင်။     ။ ဟီးဟီးဟီးဟီး။     ။