ဒီလူည - ခပ်ဝေးဝေးက အော်နေတဲ့ကဗျာ



ဒီလူည - ခပ်ဝေးဝေးက အော်နေတဲ့ကဗျာ
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၅

ညကို ခပ်နက်နက်တူးကြည့်လိုက်တယ်
ဟိုင်းဝေးသွားနေတဲ့ကားတွေလို
ဒီလူကူးမျဉ်းကြားတွေကြား သွားလာနေပုံတွေက
ရွှေရည်စိမ်ထားသလို
အပြုံးတွေ
မျက်နှာတွေ
မျက်ရည်တွေ
ဖေးမမှုတွေ
ဘာလိုအပ်မှုက ဆယ့်နှစ်ရာသီအဖျားကြီးတယ်
အရေပြားပေါ်ထင်ကျန်နေတဲ့အမာရွတ်
အရေပြားပေါ် မကျက်နိုင်တဲ့သွေးနုသားနု နာကျင်မှုတွေ
ချုံခိုတိုက်ခိုက်ခံနေရတဲ့ ချွေးစက်တွေ
လိုင်းမမိဘူး
မမိတဲ့လိုင်းပေါ် ဘဝကိုချိတ်လိုက်တာ
ပြခန်းထဲက ပန်းချီကားတစ်ချပ်လို
စုတ်ချက်တွေကြမ်းကြမ်း
ကြမ်းပြင် ပေါ်ပြန့်ကြဲနေတဲ့ နေရောင်တွေအောက်
ပိုးမွှားတွေ
ရေတွေစီးဆင်းနေသလို စီးဆင်း
ဒီမြစ်ထဲ
ဒီအရစ်ထဲ
မှတ်ပုံတင်မထားတဲ့ဆေးဝါး
မှတ်ပုံတင်မထားတဲ့ အစားအစာ
မှတ်ထားတာတွေ ပုံနေတဲ့ဘဝ
လွမ်းစရာ
အရမ်းကာရော ဘာသာမပြန်မိအောင်
ပိတ်ထားတဲ့တံခါးဆီ တိုးဝင်ခဲ့ကြတယ်
အခန်းစဉ်အလိုက်
ကျက်နည်းမှတ်နည်းတွေ လက်မှာရေးပြီး
အချပ်ပိုစာမျက်နှာပေါ်က ကြော်ငြာတွေလို
နေရာအခက်အခဲကြား
ငါတို့
တစ်ယောက်ကိုတစ်ယောက်
ကောက်သင်းကောက်သလို ကောက်ခဲ့ကြ
ငါတို့
တစ်ယောက်ကိုတစ်ယောက်
ကောက်ရိတ်သလို ရိတ်ခဲ့ကြ
ဖြည့်စွက်ထားတဲ့ သင်ရိုးသစ်အတိုင်း
လရိပ်ထဲ ဝင်မအိပ်နိုင်လောက်အောင်
ပူလောင်အိုက်စပ်
လမ်းမကြီးပေါ်။    ။

ဒီလူည