သားကြီးမောင်ဇေယျ - စကားတခွန်း ၊ စာလုံးတစ်လုံး၊ သတင်းတပုဒ်

သားကြီးမောင်ဇေယျ - စကားတခွန်း ၊ စာလုံးတစ်လုံး၊ သတင်းတပုဒ်
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၅

“၂၀၀၈  ဖွဲ့စည်းပုံကြီးကို သစ္စာခံရတော့မှာလား”

စာရေးဆရာသမဂ္ဂကိုယ်စား ကျနော့်ကို မီဒီယာကောင်စီအဖွဲ့ဝင်အဖြစ်အရွေးချယ်ခံရပြီဆိုကတည်းက အဲဒီစိုးရိမ်မှုက ရှိနေ တာပါ။

စာရေးဆရာသမဂ္ဂဥက္ကဋ္ဌ ဆရာထက်မြက်နဲ့တွေ့တော့ ကျနော့်ရင်ထဲကအပူကို ထုတ်ပြောဖြစ်ပါတယ်။

“မောင်ရင် မစိုးရိမ်ပါနဲ့ ကျုပ်တို့က ယုံကြည်မှုနဲ့ဂုဏ်သိက္ခာကို အထိခိုက်ခံမှာ မဟုတ်ပါဘူး” တဲ့။

ဒါပေမယ့် ကျနော့်စိုးရိမ်စိတ်က လျော့မသွားပါဘူး။

မီဒီယာကောင်စီအစည်းဝေးခန်းထဲကို အဲဒီ စိုးရိမ်စိတ်တွေ တနင့်တပိုးထမ်းရင်း လေးပင်တဲ့ခြေလှမ်းတွေနဲ့ဝင်လာခဲ့ရတာပါ။

အခန်းဝကလှမ်းကြည့်လိုက်တော့ အခန်းထဲမှာလူတော်တော်စုံနေပါပြီ။ လူ ၂၀ လောက် ထိုင်ခုံအပြည့်နီးပါး။ အခန်းထဲရောက် တော့ ဆရာဖေမြင့် ရေးသားပြုစုထားတဲ့ ကတိသစ္စာပြုချက်ကိုဖတ်လိုက်တဲ့အခါကျမှ ရင်ထဲအေးသွားပါတော့တယ်။

ဆရာရေးတဲ့ ကတိသစ္စာပြုချက်ထဲမှာ ပြည်ထောင်စုသမ္မတ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်သစ္စာစောင့်သိရိုသေ၍ နိုင်ငံ တော်၏ဥပဒေသများကို လည်းလေးစားလိုက်နာပါမည်တဲ့။

တော်သေးတာပေါ့ ၂၀၀၈ ဖွဲစည်းပုံကြီးကို လေးစားလိုက်နာပါမည်ဆိုတာကြီးမပါလို့။

ဒို့တာဝန်အရေးသုံးပါးဆိုတာကြီးအစား သတင်းမီဒီယာလွတ်လပ်ခွင့်ပြည့်ဝရေး၊ သတင်းမီဒီယာအရည်အသွေး တိုးတက် ကောင်းမွန်ရေး၊ သတင်းမီဒီယာကျင့်ဝတ်ကို စောင့်ထိန်း၍ တာဝန်ယူမှုရှိသော စာနယ်ဇင်းများ ထွန်းကားရေးဆိုတာတွေ အစားထိုးပါဝင်လာပါတယ်။

မီဒီယာသမားတွေရဲ့ အမှန်တကယ်ထမ်းဆောင်ရမယ့် တာဝန်တွေကို လိမ်လိမ်မာမာပါးပါးနပ်နပ် ရှင်းရှင်းလင်းလင်းရေးသား ထားတာကိုတွေ့ရပါတယ်။  အပြောင်းအလဲကာလမှာ စကားတစ်ခွန်း၊ စာလုံးတလုံးဟာ အလွန်အရေးကြီးပါတယ်။ အကဲ ဆတ်တဲ့ကာလမဟုတ်လား။

အစည်းဝေးကတော့ ထုံးစံအတိုင်း ပြီးခဲ့တာတွေကိုသုံးသပ်၊ ရှေ့လုပ်ငန်းစဉ်တွေကိုဆွေးနွေး။ ကျနော့်အတွေးတွေကတော့ အစည်းဝေးခန်းထဲကနေ ခုန်ခုန်ထွက်နေပါတယ်။

သတင်းကို သတင်းနဲ့တိုက်ဆိုတဲ့ ဆိုင်းဘုတ်တွေ တဖြည်းဖြည်းမှေးမှိန်နေပါပြီ။ လွတ်လပ်စွာသတင်းရယူ ရေးသားခွင့် ဆို တဲ့ ပိုစတာတွေနဲ့ တောင်းဆိုသံတွေ ပိုပိုများပြား ကျယ်လောင်လာပါပြီ။ သတင်းမီဒီယာကောင်စီဟာ မိုးပေါ်ကကျလာတဲ့ အမိန့်ကိုနာခံနေရတဲ့ အဖွဲ့မဟုတ်ဘူးဆိုတာ ထင်ထင်ရှားရှား  ပြသခွင့်ရပါပြီ။  သတင်းပရိသတ်ရဲ့ ဆန္ဒကိုဖြည့်ဆည်းရင်း  သတင်းသမားတွေဖက်က မားမားမတ်မတ်ရပ်တည်ဖို့ အားသစ်တွေ မွေးခွင့်ရပါပြီ။

NLD ပါတီ တောင်ပြိုကမ်းပြို အနိုင်ရပြီးတဲ့နောက် ကာချုပ်နဲ့သမ္မတဟာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပါပြီ။  ပြည်သူ့ ဆန္ဒကိုအလေးထားလို့ နှစ်ဖက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါပြီ။

ခုတလော ဒီသတင်းတွေနဲ့ပဲ ကျနော့်ရင်တွေ တသိမ်သိမ့်ခုန်နေတာပါ။

အစည်းဝေးပြီးဆုံကြောင်းကြေငြာလိုက်တဲ့အခါမှာတော့ ကျနော့်ဘေးနားက အသားညိုညိုမျက်နှာဝိုင်းဝိုင်း ပိုင်ရှင် ဆရာမျိုး ကိုမျိုးရဲ့ လက်ကိုဆွဲထားပြီး ကာချုပ်နဲ့သမ္မတတို့ ဒေါ်အောင်ဆန်းစုကြည် တွေဆုံတဲ့အပေါ် သဘောထားအမြင်ကို ပြောပေး ဖို့ နားပူလိုက်ပါတယ်။ ဆရာကိုမျိုးကိုမျိုးကလည်း သူရဲ့သမဂ္ဂ ဂျာနယ်ဖေါင်ပိတ်ရမယ့်အလုပ်ကို စိတ်ထဲက ခဏထုတ်ထားပြီး ကျနော်မေးသမျှကို စိတ်ပါလက်ပါဖြေပါတယ်။ သူရဲ့မျက်လုံးမှာ ပြုံးရိပ်တွေသန်းလို့။

“ဒါဟာနိုင်ငံအတွက် အင်မတန်ကောင်းတဲ့အခြေအနေပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလို ဒိုင်ယာလော့ကိုတောင်း ဆို တာ နှစ်ပေါင်း အစိတ်ကျော်ပါပြီ။ ဒီတွေဆုံမှုကနေ နိုင်ငံရေးစာမျက်နှာသစ်ဖွင့်လှစ်ဖို့ ထူးခြားတဲ့ အခွင့်အရေးတွေရလိမ့် မယ်လို့ မျှော်လင့်ပါတယ်။”

 Street view ဂျာနယ်က ဒေါ်သင်းသင်းသာကလည်း မျက်မှန်ကလေးကိုဝင့်ကာဝင့်ကာနဲ့

“NLD အစိုးရဖွဲ့နိုင်တဲ့ အခြေနေမှာတွေ့ခွင့်ရတာပါ။ အစိုးရဖက်ကလည်းညင်ညင်သာသာ လက်ခံလိုက်တဲ့သဘောပါ။ ဥပ ဒေက ဘယ်လိုပဲ ပြောထားပြောထား  ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ကြပါတယ်။  ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ညင်ညင်သာသာကူးပြောင်းရေးကိုပဲ အလေးထားဆွေးနွေးသွားတာတွေ့ရတယ်လို့ ပြည်သူတွေဖက်က အသံကိုကြားရပါတယ်” လို့ ပြောပါတယ်။

နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေ မထူ မပါး မျက်မှန်တ၀င်ဝင့်နဲ့ အရွယ်နုပျိုသလောက် တည်တည်ခန့်ခန့်နေတတ်တဲ့ ဆရာဇေယျာလိုင်က

“တွေဆုံပွဲအပြီးမှာ ကျနော်တို့မီဒီယားသမားတွေ ကြားချင်တဲ့အချက်အလက်တွေ မရဘူးပေါ့လေ။ ဘာပဲဖြစ်ဖြစ် အာဏာ လွှဲပြောင်းရေးဟာ အရမ်းအရေးကြီးတယ်။ သမ္မတနဲ့ တွေ့ဆုံပုံနဲ့ တပ်နဲ့ တွေ့ဆုံပုံ ကွာတာပေါ့နော်။ ထိုင်တဲ့ sitting plan က အစကွာပါတယ်။ ကာချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ယောက်ကြားမှာ တကယ့်ကို အပေးအယူမျှခဲ့တယ်လို့ မြင်ရတယ်”

သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဆရာသီဟစောပြောတာကတော့

“အရင်က အာဏာကို ကိုယ့်လူကိုယ်လွဲပြောင်းခဲတာရှိတယ်။ ဒါမှမဟုတ်ပြသနာဖြစ်တာရှိတယ်။ အခုတော့ သမ္မတကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ပြောတယ်၊ အဲဒါကြောင့် အပေါင်း လက္ခဏာဆောင်တယ်လို့ ကျနော်ယူဆပါတယ်”

သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဆရာကြီးဖိုးသောကြာကတော့

“မီဒီယာတွေဆီက ကြားရတဲ့ သတင်းတွေ တကယ်ဖြစ်ရင်တော့ ကောင်းတာပေါ့၊ ပြောတဲ့ အတိုင်း အကောင်အထည်ဖေါ်နိုင် လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒါပေမယ့်ခေါင်းသွားတိုင်း ကိုယ်မပါမှာကိုတော့ စိုးရိမ်တယ်ဗျာ။ ခေါင်းက သိပ်ကောင်း တယ်၊ ဆွဲအားလည်းကောင်းတယ်။ ကိုယ်ပါဖို့တော့ လိုတယ်လို့ ကျနော်မြင်ပါတယ်။ ကျနော်တို့နိုင်ငံမှာ ခေါင်းတွေကောင်း ပေမယ့် နောက်လိုက်ကောင်းတွေ သိပ်မရှိဘူးလို့ မြင်တယ်။ ဒီအပေါ်မှာစိုးရိမ်မှုရှိတယ် အထူးသဖြင့်ဝန်ထမ်းပိုင်းပေါ့”

ဆရာကြီးက သန့်ရှင်း တည်မြဲတုန်းက အကြောင်းတွေ၊ ရွေးကောက်ပွဲကာလအကြောင်းတွေကို ဥပမာပေးရင်း ကျနော့်ကို အေးအေးဆေးဆေးရှင်းပြပါတယ်။ ဆရာကြီးဟာ ဖဆပလခေတ်၊ မဆလခေတ်၊ စစ်အစိုးရခေတ်တွေကိုဖြတ်သန်းခဲ့ရတဲ့ သတင်းသမားတစ်ယောက်ဖြစ်ပါတယ်။

ကျနော်တို့ ရွေးကောက်ပွဲမတိုင်ခင်က မဲစာရင်းအမှားမှားအယွင်းယွင်းတွေကြောင့် လူထုထောက်ခံတဲ့ပါတီ မနိုင်မှာကိုစိုးရိမ် ခဲ့တာပါ။

ရွေးကောက်ပွဲ အပြတ်အသတ်နိုင်ပြီးတော့လည်း အာဏာကိုလျှောလျှောရှူရှူ လွှဲပေးပါ့မလားလို့ စိတ်ပူခဲ့မိပါတယ်။

အာဏာကိုသိမ်သိမ်မွေ့လွဲပေးတော့မယ်ဆိုပြန်တော့လည်း စစ်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားအိုကြီးကို ဘယ်လိုမောင်း နှင်မလဲဆိုတဲ့ သောကတွေရှိနေပြန်ပါပြီ။

သောကတွေ၊ ဗျာပါဒတွေ၊ သံသယတွေနဲ့ဖွဲ့စည်းခဲ့ရတဲ့ ကျနော်တို့အတိတ်ဘ၀ဟာ လက်ရှိအချိန်ထိ သက်ရောက်နေပါသေး တယ်။

ကာလသုံးပါးလုံးကို အပြန်ပြန်လှန်လှန် လေ့လာသုံးသပ်ရင်း ဘ၀ရပ်တည်နေကြတဲ့သတင်းသမားတွေဟာ သာမန်လူတွေ ထက်ပိုပြီး စိုးရိမ်နေမိတာ သဘာဝကျပါတယ်။

သတင်းသမားတစ်ယောက်ရဲ့ စကားတခွန်း၊ စာလုံးတစ်လုံး၊ သတင်းတပုဒ်ဟာ သူတို့ရဲ့ဘ၀။

သူတို့ရဲ့ဘ၀တွေဟာ ပြည်သူတွေရဲ့ဘ၀။

သားကြီးမောင်ဇေယျ (၄-၁၂-၂၀၁၅ )


photo source : abc.net