ဖြိုးသီဟချို - ရွေးကောက်ပွဲကော်မရှင်ရဲ့တာဝန်တွေနဲ့ မူဘောင်ကြီးတစ်ခုလုံးကို ပြင်ရမှာ (အင်တာဗျူး)

မကြာသေးမီက ရန်ကုန်မြို့တွင်တွေ့ရသော ယုံကြည်ရသောရွေးကောက်ပွဲများပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှု အဖွဲ့ (PACE) ၏  အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့် (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)
 
ဖြိုးသီဟချို - ရွေးကောက်ပွဲကော်မရှင်ရဲ့တာဝန်တွေနဲ့ မူဘောင်ကြီးတစ်ခုလုံးကို ပြင်ရမှာ (အင်တာဗျူး)
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၅

ယခုတွေ့ဆုံမေးမြန်းခန်းအား Myanmar Now မှ ရယူပါသည်။
 
ရန်ကုန် (Myanmar Now) - မြန်မာနိုင်ငံဒီမိုကရေစီကူးပြောင်းရေးကာလ၏ မှတ်တိုင်ဟုခေါ်ဆိုနိုင်သည့် ၂ဝ၁၅ ရွေးကောက် ပွဲ ကျင်းပပြီးစီးခဲ့သည်မှာ တစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ပြည်သူအများ မျှော်လင့်ခဲ့သည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဏာရပါတီကို မဲအပြတ်အသတ်ဖြင့်အနိုင်ရပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်း နိုင်ရန်အတွက်လည်း ပြင်ဆင်နေသည်။

ဤအခြေအနေတွင် စစ်ဗိုလ်ချုပ်ဟောင်းများအကြိုက် ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်၏ အခန်းကဏ္ဍ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် အရပ်ဘက်အဖွဲ့အစည်းများ၏ လွတ်လပ်မှုတို့နှင့်ပတ်သက်ပြီး မေးခွန်းထုတ်ဖွယ်ရာအချက် များ ရှိနေသည်။

စောင့်ကြည့်သည့် အဖွဲ့များထဲတွင် ယုံကြည်ရသောရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) လည်း ပါဝင်သည်။ ရန်ကုန်အခြေစိုက် PACE သည် အနာဂတ်ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ပေါ်ပေါက် ရေးအတွက် လေ့လာနေသည့်အဖွဲ့လည်း ဖြစ်သည်။

Myanmar Now သတင်းထောက် ဖြိုးသီဟချိုနှင့် မကြာသေးမီက တွေ့ဆုံစဉ် PACE ၏ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော် စွာမြင့်က ၂ဝ၁၅ ရွေးကောက်ပွဲကာလ မဲရုံပေါင်း ၁,ဝဝဝ ကို စောင့်ကြည့်လေ့လာခဲ့သည့် အတွေ့အကြုံများကို ပြောပြခဲ့သည်။   

မေး -  ၂ဝ၁၅ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခဲ့တဲ့အပေါ် ကျေနပ်မှုရှိခဲ့ပါသလား။
ဖြေ -    ပြည်တွင်းမှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ နိုင်ငံတကာအဖွဲ့အစည်းတွေ စောင့်ကြည့် လေ့လာခွင့်ပြုခဲ့တယ်။ ဒါကတော့ ကျေနပ်စရာကောင်းတယ်။ ဒါ အရေးကြီးတဲ့အရွေ့၊ အရေးကြီးတဲ့ တိုးတက်မှုလို့ မြင်ပါတယ်။ ဒါပေမယ့်   ဒါကို ညွန်ကြားချက်အမိန့်ကြေညာစာအနေနဲ့ ထုတ်ထားတာပဲ ရှိသေးတယ်၊ ဥပဒေထဲမှာ မရှိသေးဘူး။  အခြေခံအကျဆုံး အချက် ဖြစ်တဲ့ ရွေးကောက်ပွဲကို ဘယ်နေ့ကျင်းပမယ်ဆိုတာမျိုး တရားဝင်ညွှန်ပြထားတာမရှိဘူး။ နိုင်ငံရေးအရလည်း ဒါဟာ ပြော စရာတစ်ခုဖြစ်နေတယ်။ နိုင်ငံရေးပါတီတွေ၊ စောင့်ကြည့်လေ့လာမယ့် အရပ်ဘက်အဖွဲ့အစည်းတွေ ပြင်ဆင်ဖို့ အခက်အခဲ အများကြီးဖြစ်နေတယ်။ ပြုပြင်ပြောင်းလဲမှုကြီးကြီးမားမား လုပ်ရမယ်လို့ ထင်ပါတယ်။

မေး -  အဝေးရောက်မဲတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
ဖြေ -  ဥပဒေမူဘောင်တွေပြင်ဖို့လိုသလို လုပ်ထုံးလုပ်နည်းတွေကိုလည်း ပြင်ဖို့လိုပါတယ်။   မဲစာရင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်သည် ကြေညာရမယ်လို့ ပြောထားတယ်။ ကျွန်တော်အထင်ကတော့ မဲစာရင်းပြုစုတာနဲ့ပတ်သက်ပြီး ကြီးကြီးမား မား ပြုပြင်ပြောင်းလဲတာမျိုးလုပ်ဖို့ လိုမယ်။ မဲစာရင်းပြုစုတာကို ကျွန်တော်တို့ ဒီထက်ပိုပြီးတော့စော စောလုပ်ရင်ကောင်း မလား၊ ဒါဆို ကျွန်တော်တို့ သိရမယ်၊ ဘယ်သူတွေကတော့ ဘယ်မှာရှိနေကြတယ်၊ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ ပေါ့။  အင်ဒိုနီးရှားလိုနိုင်ငံမျိုးမှာဆိုရင် ပြည်ပရောက် မဲဆန္ဒရှင်တွေကို စီမံခန့်ခွဲဖို့ကို ကော်မရှင်တစ်ရပ် သပ်သပ်ရှိတယ်၊ အဲဒါနဲ့ထိန်းကျောင်းနေတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း   ရွေးကောက်ပွဲနား နီးလာတဲ့အခါမှာ ယာယီကော်မရှင်ဖွဲ့တာမျိုးပေါ့၊ အဲဒါမျိုး တစ်ခုခု လုပ်ရလိမ့်မယ်လို့ထင်ပါတယ်။

မေး -  အဝေးရောက်မဲပေးခွင့်တွေ ဘယ်လောက်များ ဆုံးရှုံးခဲ့တယ်လို့ သိရပါသလဲ။
ဖြေ -  အဲဒီရာခိုင်နှုန်းကတော့   ကော်မရှင်ကိုယ်တိုင်မှာရော အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ ကိုယ်တိုင်မှာ ရော မရှိသေးပါဘူး။ အားလုံးက ခန့်မှန်းနေကြတာပဲရှိတယ်။ လာမယ့်နှစ်တွေမှာ အဲဒါမျိုးကိုလုပ်ဖို့ စနစ်တကျ လေ့လာဖို့ လိုနေတယ်။

မေး -  PACEအဖွဲ့က တစ်နိုင်လုံးအတိုင်းအတာအရ ဘယ်လောက်ထိ လွှမ်းခြုံပြီးတော့ ရွေးကောက်ပွဲကို လေ့လာနိုင်ခဲ့ပါသလဲ။
ဖြေ -    ပုံမှန်အတိုင်းဆိုရင်   ဝေးတဲ့နေရာကို ကြည့်ကြတယ်၊ ဝေးတဲ့နေရာက မဲလိမ်နိုင်တယ်။  ပဋိပက္ခဖြစ်ခဲ့တဲ့နေရာတွေကို ကြည့်တယ်။  ကော့မှူးလို နေရာမျိုး။ ဝန်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေ ဝင်ပြိုင်တဲ့နေရာမျိုးတွေ အရေးကြီးတဲ့၊   နိုင်ငံရေးအရ အရေးပါတဲ့နေရာမျိုးတွေကို ကြည့်ကြတာ များတယ်။ ကျွန်တော်တို့နည်းကတော့ အဲဒါတွေကို ဂရုမစိုက်ဘူး။ ကျွန်တော်တို့ အခေါ်ကတော့ နမူမှုနာအခြေပြုစောင့်ကြည့်လေ့လာရေးပေါ့။ မဲရုံ  ၄ဝ,ဝဝဝ   လုံးကို ကျွန်တော်တို့မကြည့်ဘဲနဲ့ ကိုယ်စားပြု တဲ့မဲရုံ ၄၄ဝ ကို ရွေးလိုက်တယ်။    ကချင်ပြည်နယ်ရဲ့ အင်ဂျားယန်၊  ရန်ကုန်က လသာ၊    ရှမ်းပြည်နယ် မိုင်းဆတ်လိုမြို့က ရွာလေးတစ်ရွာလည်း ဖြစ်ချင်ဖြစ်မယ်။  တစ်နိုင်ငံလုံးကိုလွှမ်းခြုံတဲ့အဖြေ ရတယ်။

နောက်တစ်မျိုးကတော့ နိုင်ငံရေးအရ အရေးကြီးတဲ့နေရာတွေကို အချိုးကျကြည့်တယ်။ အဲဒါက နေရာပေါင်း ၅၄ဝ ကို ကြည့်တယ်။ စုစုပေါင်း မဲရုံ ၁,ဝဝဝ ကို စောင့်ကြည့်ခဲ့တယ်။

မေး -  ရွေးကောက်ပွဲကော်မရှင်ဥပဒေပါ အချက်အလက်တွေမှာ ပြင်စရာအချက်တွေ တွေ့ထားတာ ရှိပါသလား။
ဖြေ -  ရွေးကောက်ပွဲကာလမတိုင်ခင်မှာ ကျွန်တော်တို့အားလုံးပြောကြတာက   ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဗိုလ်ချုပ် ကြီးဟောင်းဖြစ်တယ်ပေါ့။   ရွေးကောက်ပွဲကော်မရှင်ရဲ့ လွတ်လပ်မှု၊ ကြားနေမှုကို လိုချင်တယ်ဆိုရင်  ပုဂ္ဂိုလ်ရေးဆိုင်ရာ နိုင်ငံရေး ရှုမြင်ပုံမျိုးကို ကျော်မြင်ဖို့လိုတယ်။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်တယ်။ (ကော်မရှင်မှာ) ဗိုလ်ချုပ်တွေများတယ် ဆိုတာ လည်း အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။ ကော်မရှင်ဥက္ကဋ္ဌကို သမ္မတက ခန့်အပ်တယ်၊  သမ္မတနဲ့က သက်တမ်းကလည်း တူတူပဲ။ အစိုးရတစ်ခုခု ပြောင်းတိုင်းမှာ အဲဒီကော်မရှင်က အဲဒီအစိုးရကို သစ္စာခံတဲ့ကော်မရှင်ဖြစ်နေမှာပဲ။ ကျွန်တော် တို့နိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို ပိုပြီးတော့ ဒီမိုကရေစီဆန်စေချင်တယ်၊  ပိုပြီးတော့ သမာသမတ်ကျတဲ့ကော်မရှင် ဖြစ်စေ ချင်တယ်ဆိုရင် လူကိုလဲတာထက် အဲဒီ ဥပဒေကိုပါ ပြင်ဖို့လိုပါတယ်။

မေး -  ၁၉၉ဝ ရွေးကောက်ပွဲတုန်းက အရပ်ဘက်လူကြီးတွေနဲ့ ဖွဲ့ခဲ့တာရှိပါတယ်။ အခုကော်မရှင်နဲ့ ဘယ်လိုများ ကွာပါသလဲ။
ဖြေ -  ၁၉၉ဝ ရွေးကောက်ပွဲတုန်းကလည်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (စစ်ကောင်စီ) ကပဲ ဖွဲ့ခဲ့တာ။ အဲဒီကော်မရှင်မှာ ပါတဲ့လူတွေက လူတွေကြည်ညိုလေးစားတဲ့လူတွေ ဖြစ်နေတဲ့အတွက် အထိုက်အလျောက် လက်ခံလို့ရတဲ့ လူတွေ ဖြစ်လို့ လူတွေက ဘာမှမပြောကြတာ။  စဉ်းစားရမှာက ဘယ်လို ရွေးချယ်ခန့်ထားလဲ ဆိုတာပါ။ ဥပမာအားဖြင့်ဆိုရင် အရပ်ဘက် လူ့အဖွဲ့အစည်းတွေက တင်တာလား၊ နိုင်ငံရေးပါတီတွေက တင်တာလား။ နည်းအမျိုးမျိုးတော့ ရှိမှာပေါ့၊ နိုင်ငံရေးပါတီတွေဘက်က ပါတီဝင် မဟုတ်တဲ့ ၅ ယောက်၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေက ၅ ယောက်၊ သမ္မတက ၅ ယောက် တင်သွင်းတယ်ပေါ့။ အဲဒီ ၁၅ ယောက်ကို မဲပြန်ခွဲသလားပေါ့။ ကျွန်တော်မြင်တာကတော့ အဲဒီလိုရွေးချယ်တာမျိုး မရှိသေးဘူး။ 

မေး -  ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရော ရခဲ့ပါသလား။
ဖြေ -  ပြည်ထောင်စုအဆင့်မှာကတော့ အတိုင်းအတာတစ်ခုထိတော့ အဆင်ပြေပါတယ်။ ပြဿနာက ရွေးကောက်ပွဲကော် မရှင်ဆိုတဲ့ အဖွဲ့အစည်းမှာကိုက ပြုပြင်ပြောင်းလဲဖို့ လိုနေတာဖြစ်နေပါတယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲ ပြက္ခဒိန်  သူ့ဆီမှာ မရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ကတောင်းလည်း သူ မပေးတာ ဥပဒေနဲ့ညီနေတယ်။  မဲရုံစာရင်းတွေလိုချင်တယ်၊ ကော်မရှင်အနေနဲ့က မဲရုံစာရင်းတွေ ပြုစုဖို့ သူ့မှာ တာဝန်မရှိဘူး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မဲရုံစာရင်းတွေ ရှိရမယ်လို့ နည်းဥပဒေတွေ၊ ဥပဒေတွေမှာ မပါဘူး။ မဲရုံစာရင်းတွေ၊ မဲစာရင်းတွေက မြို့နယ် (အဆင့် ကော်မရှင်အဖွဲ့ခွဲ) တွေမှာရှိရင်ရပြီ။   ရွေးကောက်ပွဲကော်မရှင်ရဲ့တာဝန်တွေနဲ့ မူဘောင်ကြီးတစ်ခုလုံးကို ပြင်ရမှာ။

မေး -   ကော်မရှင်ရဲ့ ဘက်ဂျက်သုံးစွဲပုံကိုရော ဘယ်လိုထင်ပါသလဲ။ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ဝင်တွေက လည်း သူတို့ဟာ စေတနာ့ဝန်ထမ်းတွေပါလို့ ဆိုပါတယ်။
ဖြေ -  သူတို့ရဲ့ဘဏ္ဍာရေးအစီရင်ခံစာကို ကြည့်ရဦးမှာပါ၊ သူတို့က သမ္မတဆီကို တင်ရဦးမယ်။ မဲရုံဝန်ထမ်းတွေကို ဘယ်လောက်ပေးလဲ၊ မြို့နယ်မဲရုံခွဲတွေကို ဘယ်လောက်ပေးလဲပေါ့။ ဘက်ဂျက်တွေကို လုပ်ငန်းစကတည်းက ချပေးတာ လား၊ ရွေးကောက်ပွဲနီးမှ ချပေးတာလား၊ ရွေးကောက်ပွဲကော်မရှင် ဘက်ဂျက်က သမ္မတရုံးဘက်ဂျက်ကနေ လာတာ။   ရွေးကောက်ပွဲကော်မရှင်က သမ္မတနဲ့ အရမ်းကိုနီးကပ်တယ်။ သမ္မတကို သစ္စာခံတဲ့သဘောမျိုးဖြစ်နေတယ်။ ဒီအချက်ဟာ လည်း ရေရှည်မှာ  ပြုပြင်ပြောင်းလဲရမယ့် အချက်တစ်ခုပါပဲ။      ။