မောင်လူရေး - အရုဏ်လော ဆည်းဆာလော


မောင်လူရေး - အရုဏ်လော ဆည်းဆာလော
(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၅

တိုင်းပြည်တွင် အရေးကိစ္စမျိုးစုံရှိ၏။ လူတွေ၏ စိတ်ဝင်စားမှုကလည်း မတူကြ။ တချို့က ခေါင်းလောင်းဖော်ရေး စိတ်ဝင်စားကြ၏။ ခေါင်းလောင်းပေါ်ရေး အားပေးဝန်းရံ၏။ တချို့က ကယ်ဆယ်ရေး စိတ်ဝင်စားကြ၏။ ကယ်ဆယ်ပေးကြ၏။ တချို့က သင်ကြားရေး စိတ်ဝင်စားကြ၏။ ပညာဒါနကြ၏။  တချို့က နာရေးစိတ်ဝင်စားကြ၏။ တချို့က သာရေးစိတ်ဝင်စားကြ၏။ တချို့ဘာသာရေး စိတ်ဝင်စားကြ၏။ ယင်းကိစ္စများတွင် တဦးချင်းနိုင်သလောက် ပါဝင်ကြသည်များလည်း ရှိသည်။ သဘောတူရာ မိတ်ဆွေတချို့နှင့် ပူးပေါင်းလုပ်ဆောင်ကြသည်များလည်းရှိသည်။ တချို့ကျ ဖွံ့ဖြိုးရေးစိတ်ဝင်းစားကြသည်။ INGOs  CSOs  CBOsတွေမှာ ဝင်လုပ်ကြသည်။ မြုပ်နှံကြသည်။ အသက်မွေးဝမ်းကျောင်းအနေနှင့် ရပ်တည်ကြသည်။

တချို့သူများကျ လက်ပတောင်းအရေးစိတ်ဝင်စားကြသည်။ မြစ်ဆုံအရေးစိတ်ဝင်စားကြသည်။ အမျိုးသားရေးစိတ်ဝင်စားကြသည်။ ပညာရေးပြုပြင်ပြောင်းလဲမှု စိတ်ဝင်စားကြသည်။ လူ့အခွင့်အရေး စိတ်ဝင်စားကြသည်။ တိုင်းပြည်အုပ်ချုပ်ရေးစနစ် ပြောင်းလဲလိုကြသည်။ 

သူတို့ကျ တက်ကြွလှုပ်ရှားသူများနှင့် တွဲကြရသည်။ ငွေကြေးထုတ်ပေးနိုင်သူ နည်းပညာ ပံ့ပိုးပေးနိုင်သူများနှင့် ပေါင်းစပ်ရသည်။ နိုင်ငံရေးသမားအဖြစ် အသွင်ပြောင်းကြသည်။ နိုင်ငံရေးနေရာ ယူကြသည်။ တဦးတယောက်တည်းမရသော အရေးများဖြစ်သည့်အပြင် ကိုယ့်တနိုင်တပိုင်ငွေကြေးနှင့်လည်း မလုံလောက်သောအရေးများဖြစ်သည်။ တအုပ်စု တဖွဲ့မက ပူးပေါင်းပါဝင်လာသည်။ နိုင်ငံလုံးချီ လှုပ်ရှားမှုမျှသာမက ကမ္ဘာ့အခြေအနေများနှင့်ပါ ဆက်စပ်လာသည်။

တချို့သူများသည် အရေးကိစ္စတော်တော်များများတွင် နေရာရလာကြပြီး တချို့လူများသည် ရပ်ကြည့် ဝန်းရံအဆင့်မှာဘဲရှိနေတတ်သည်။ ယင်းတို့ကြားတွင် ပါဝင်ပတ်သက်ခွင့်မညီမျှမှုကိုမြစ်ဖျားခံသော ရှုမြင်သုံးသပ်ပုံကွဲပြားမှုများလည်း အားကောင်းလာသည်။

တချို့သူများသည် အရေးကိစ္စများကို စိတ်ဝင်စားပြီး ပါဝင်လိုသော်လည်း ဖြတ်လျောက်လောက်သာလုပ်နေရသည်ကို သည်းမခံနိုင်တော့ဘဲ ကိုယ့်ပုံစံနှင့်ကို လုပ်ဆောင်လာကြတော့သည်။ အိုင်တီက ယင်းအခြေအနေကို အားပေးသည်။ 

ထိုအခါတွင် ထိုသူတို့ကို သေးသိမ်ချိုးနှိမ်သော တံဆိပ်များကပ်လာကြသည်။ ယင်းတို့ကို ချိုးနှိမ်သူများသည် ယင်းတို့ကို လိုသည့်နေရာ သုံးခဲ့သူများလည်း ဖြစ်နေပြန်ရာ ပိုမိုရှုပ်ထွေးလာပြီး နှစ်ဖက်လုံးကို စောင့်ကြည့်ကာ လိုသလိုအသုံးချမည့်သူများ၏ ခလောက်ဆံမှုများလည်း ရောထွေးပေါ်ပေါက်လာပြန်သည်။

အများသူငါနှင့် ဆိုင်သောကိစ္စရပ်များတွင် လုပ်ပိုင်ခွင့်ကို မူပိုင်လုပ်လိုသူများ၊ ကိုယ့်ကိုယ်ကို လုပ်ပိုင်ခွင့်လိုင်စင်ရသူဟုထင်သူများ၊ မည်သူသည် မည်မျှသာလုပ်ရမည်ဟု လုပ်ပိုင်ခွင့်ခွဲတမ်းချလိုသူများ၊ တချို့သူများသည် အရေးကိစ္စတိုင်းကို စီရင်ဆုံးဖြတ်နေကြပြီး ယင်းဆုံးဖြတ်ချက်ကို လက်မခံသူများကို ဖျက်ဆီးသူများဟု သတ်မှတ်သူများ၊ ဟိုလိုလုပ်ပါလား သည်လိုလုပ်ပါလားများကြောင့် အရေးကိစ္စတခုကို အကြောင်းပြုရရှိလာမည့် အခွင့်အလမ်းကောင်းများ ဆုံးရှုံးရသည့်အပြင် နဂိုရှိရင်းစွဲအခြေအနေကောင်းများကိုပါ ထိခိုက်ပျက်စီးစေသည့် ညီညွတ်ရေးပြိုကွဲ နာကျင်မှုများဖြစ်ပေါ်စေလေသည်။ မတူညီသော လုပ်နည်းလုပ်ဟန်များကိုလည်း အလွဲအမှားဟု သတ်မှတ်ကာ အမှေးကွာ အနာဖြစ်ကာ သွေးမတိတ်တော့ပေ။

အငြင်းပွားစရာမရှိသည့် ရည်မှန်းချက်ဖြစ်သည့်၄၃၆ ပြင်ဆင်ရေးကြိုးပမ်းနေချိန်တွင် မျိုးစောင့်ဥပဒေအားကောင်းလာခြင်းမျိုးသည် နိုင်ငံရေး ဘာသာရေး ယဉ်ကျေးမှုအားလုံးကို ညှိုးချုံးစေလေခဲ့သည်။

ယခုအခါ ပြည်တွင်းပြည်ပ လိပ်ကျွန်းဖြစ်ရပ်နှင့်ပတ်သက်၍ ဆန္ဒပြမှုများသည် ထိုင်းနိုင်ငံ၏ဆိုးဝါးသောတရားစီရင်ရေးနှင့် လူကုန်ကူးမှုစသော အခြားရှုပ်ထွေးမှုများနှင့် မြန်မာ့စစ်အစိုးရအဆက်ဆက်၏ညံ့ဖျင်းနိမ့်ကျမှု၊ တိုင်းပြည်ကို လွှတ်ချထားမှုကို ကမ္ဘာကြီးအား ဖွင့်ထုတ်ပြသလိုက်ခြင်းဖြစ်ရုံသာမက နှစ်နိုင်ငံ၏ ရာဇဝင်ဆိုင်ရာ ဂုဏ်သိက္ခာပြဿနာဖြစ်လာသည်။ ထို့ကြောင့် လက်မောင်းဒါးနှင့် လှီးကာ သွေးနှင့်ရေး၍ ဆန္ဒပြသလိုမျိုး ကိုယ့်ခံစားမှုနှင့်ကို ထုတ်ဖော်လာကြသည်များသည် တစထက် တစ အားကောင်းလာပြီဟုဆိုရပေမည်။

တပြိုင်နက်ထဲမှာပင် ဖားကန့်နယ်မြေတွင် လူတွေအစုလိုက် အပြုံလိုက် အသတ်ခံနေရသည်။ လူပေါင်းရာကျော်သေဆုံးပြီးသည့်နောက် ယင်းသေဆုံးမှုကို ဖေ့ဘွတ်စတေ့တပ်တင်သည့် အမှုလောက်မျှ အရေးယူဆောင်ရွက်မှုမရှိဘဲ အစိုးရ၏မျက်စိအောက်မှာပင် မြေကော် မြေသယ်ယဉ်ကြီးများ ထပ်မံရောက်ရှိလာပြီး မနေမနားထုပ်ယူနေကြခြင်းကြောင့် လူသတ်မှုဟုပင် ဆိုရတော့မည်။ ယင်းကျောက်စိမ်းလက်ဝါးကြီးအုပ်ထုပ်ယူမှုသည် မြန်မာပြည်သူတရပ်လုံး၏အကျိုးစီးပွားအပေါ်ကျူးလွန်သည့် လက်နက်ကိုင်သူများ ခရိုနီများ၏ ကမ္ဘာသိရာဇဝတ်မှုကြီးတခုဖြစ်သည်။ ယင်းဖြစ်ရပ်သည် မြန်မာ့ဒီမိုကရေစီရှေ့ခရီးကို မထီမဲ့မြင်ပြုနေသည်။

ထို့ပြင် သမတတိုက်ရိုက်ရွေးချယ်ခွင့်မရသည့်မြန်မာလူထု၏ အနည်းငယ်မျှသောအခွင့်အလမ်းကို တနည်းအားဖြင့် လူထုတရပ်လုံး၏ဆန္ဒမဲကို မဖွယ်မရာပြုမည့် ကာလုံဥပဒေပြဌာန်းဖို့လည်း ကြိုးစားနေချိန်ဖြစ်သည်။ လွှတ်တော်တွင်း၌ တပ်အမတ်နှင့် ကြံ့ခိုင်ရေးအမတ်များသာ အားကောင်းနေသည့် မျက်မှောက်မြန်မာပြည်အဖို့ ဥပဒေမုဒိမ်းအကျင့်ခံနေရသည့်အချိန်လည်း ဖြစ်နေပြန်သည်။

တကယ့်ကို ညီအကို မသိတသိအချိန်ပင်။

ယင်းဝိုးတဝါးသည် အမှောင်ခြမ်းကို လှမ်းမည့် ညနေဆည်းဆာချိန်ဖြစ်မည်လော။

မနက်အလင်းကို ချဉ်းမည့် အရုဏ်တက်ချိန်ဖြစ်မည်လော။

ကျွန်တော်တို့၏ သဘောထားမျှတမှုအပေါ်သာ မူတည်ပါလိမ့်မည်။


မောင်လူရေး