ဗိုလ်ထက်မင်း - ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေး မဟာဗျုဟာနည်းဗျူဟာ အစီအစဉ်တိုက်တွန်းချက် - ၁


ဗိုလ်ထက်မင်း - ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေး မဟာဗျုဟာနည်းဗျူဟာ အစီအစဉ်တိုက်တွန်းချက် - ၁
(မိုးမခ) ဇန်န၀ါရီ ၂၉၊ ၂၀၁၆


၁။ မြန်မာနိုင်ငံဒီမိုကရေစီသို့ အသွင်ကူးပြောင်းရာမှာ မကြာမှီ အနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရသစ်ဖွဲ့ပြီး ခြေလှမ်းရတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခဲ့စဉ်က ပြောင်းလဲချိန်တန်ပြီ လို့ ခေါင်းစဉ်တင်ခဲ့ရာ ပြည်သူလူထုကလည်း အပြောင်းအလဲငတ်မွတ်နေမှူကို မဲရလာဒ်နဲ့ တခဲနက် ထောက်ခံပြသခဲ့ပြီးဖြစ်ပါတယ်။ အစိုးရအနေနဲ့ပြောင်းလဲရမဲ့ လုပ်ငန်းစဉ်များစွာရှိတဲ့အနက် အုပ်ချုပ်ရေးယန္တရားကို မလွှဲမသွေ ကိုင်တွယ် ပြောင်းလဲရမည်ဖြစ်တယ်။ ပထဝီနိုင်ငံရေးအရ Super Power နိုင်ငံကြီးတွေရဲ့ Power Game မခံရစေရန် အရေးကြီးတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာကဏ္ဏတွေမှာ အမှုမဲ့အမှတ်မဲ့ မေ့လျော့နေသည်ဖြစ်စေ၊ ဆန္ဒစောလို့ လုပ်မိကိုင်မိရင်ဖြစ်စေ၊ မလိုလားအပ်တဲ့ဖြစ်စဉ်များ မဖြစ်ပွားစေရေးအတွက် ကိုးကားမှီငြမ်းလေ့လာလို့ရအောင် မြန်မာနိုင်ငံလက်ရှိ အုပ်ချုပ်ရေးကဏ္ဏ၊ တပ်မတော် ပြင်ဆင်ထားနိုင်မှု၊ ထောက်လှမ်းရေးကွန်ယက်တွေရဲ့ အခြေအနေနဲ့ နိုင်ငံတကာဖြစ်စဉ်တွေကို နှိုင်းယှဉ်သုံးသပ် သုတေသနလုပ် တင်ပြသွားပါ့မယ်။

၂။ ဒါ့အပြင် ဦးသိန်းစိန် လက်ထက် ထောက်လှမ်းရေးကွန်ယက် ထိန်းချုပ်ဖို့ ကြိုးစားရင်း အငြင်းပွားဖွယ်ရာ
ဖြစ်စဉ်နဲ့NLD အနေနဲ့ ထောက်လှမ်းရေးကွန်ယက်ကို ဘယ်လိုကိုင်တွယ်သွားသင့်သလဲ တိုက်တွန်းမှာဖြစ်ပါတယ်။ နိုင်ငံတကာဖြစ်စဉ်များကို တင်ပြရာမှာ ချက်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို နမူနာယူထားပါတယ်။ ချက်သမ္မတနိုင်ငံ ကွန်မြုနစ်အစိုးရ လက်ထက်ကတည်းကပင် မြန်မာ့တပ်မတော်မှ လက်နက်ခဲယမ်းဝယ်ယူခဲ့သလို အစိုးရချင်း (ယနေ့အစိုးရအထိ)လည်း ဆက်စပ်မှူရှိတဲ့အပြင် ဒီမိုကရေစီရရှိပြီး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထောက်ခံခဲ့တာတွေ့ရပါတယ်။ ချက်နိုင်ငံ ဒီမိုကရေစီလိုလားသူများက သုညဖြေရှင်းနည်းကို မသုံးဘဲ အောင်မြင်မှုများ ရရှိအောင် ဘယ်လို ပြောင်းလဲ အကောင်အထည်ဖေါ်သွားကြတယ်။ တချို့ကဏ္ဏတွေမှာ မြန်မာနိုင်ငံနဲ့ ချက်နိုင်ငံတို့ဖြတ်သန်းပုံ၊ ဖိနှိပ် ခံစားရပုံခြင်း တူညီပြီး အသွင်ပြောင်းလဲရာမှာ ထောက်လှမ်းရေး ကဏ္ဏလိုတွေမှာ အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားခဲ့လို ဘယ်လို ခက်ခက်ခဲခဲ ပြောင်းလဲတည်ဆောက်ရတာတွေကို ထိပ်တန်းအရာရှိကြီးတွေရဲ့ အတွေ့အကြုံနဲ့ ရှင်းပြထားပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံနဲ့မတူုညီနိုင်တာက လုပ်ပိုင်ခွင့်အာဏာ ချက်မှာ အပြည့်အဝရရှိပြီး ပြည်ထဲရေးဌာနကို စိတ်ကြိုက် အကောင်အထည်ဖေါ်ခွင့်ရပါတယ်။

၃။ မြန်မာနိုင်ငံမှာ၂၀၀၈ခုနှစ်အခြေခံဥပဒေအရ ပြည်ထဲရေးဌာနကို တပ်မတော်က ကိုင်တွယ်ထားတာမို့ အမျိုးသားလုံခြုံရေးကဏ္ဏမှာ NLD ကို တပ်မတော်က ဘယ်လို ချဉ်းကပ်၊ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းတည်ငြိမ်မှူ ရှိအောင် ပြုလုပ်နိုင်မလဲ ဆိုတာ နည်းဗျုဟာ ရှာဖွေအကြံပြုထားပါတယ်။ ဒါဟာလည်း သိမ့်မွေစွာ ပြောင်းလဲမှူ တစ်ရပ်ဖြစ်တယ်လို့စာရေးသူ ယုံကြည်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံပုံစံကို မြန်မာနိုင်ငံ ဗိုလ်ချုပ်ကြီးများက အခြေခံဥပဒေ ရေးဆွဲကတည်းက လေ့လာ ရေးဆွဲထားတာဖြစ်ပြီး မကြာသေးမှီကာလကပင် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ၊ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများနဲ့ တပ်မတော်မှ ဗိုလ်ချုပ်နှစ်ဦးတို့ လေ့လာရေးခရီး သွားရောက်ခဲ့ပါသေးတယ်။

၎။ မြန်မာနိုင်ငံနဲ့အင်ဒိုနီးရှားနိုင်ငံတွေဟာ အာရှတိုက်ဖြစ်တာနဲ့ရေမြေသဘာဝနီးစပ်ပြီး အာဆီယံအဖွဲ့ဝင်များဖြစ်သလို လွတ်လပ်ရေးဖြတ်သန်းပုံ၊ အာဏာရှင်အုပ်ချုပ်တဲ့ ကာလ၊ တပ်မတော်က ချုပ်ကိုင်ထားပုံ တူညီရာ တပ်က တဖြေးဖြေးခြင်း နောက်ဆုတ်သွားပုံ တာတွေကို တင်ပြပါ့မယ်။ ဒီနေရာမှာ မတူညီတာက မြန်မာနိုင်ငံမှာ လူမျိုးစုပေါင်းစုံ ပိုမိုများသလို ပါတီစုံ၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များစွာ ရှိနေပါတယ်။ အနိုင်ရပါတီနဲ့ တပ်မတော်တို့လေ့လာနိုင်ဖို့ တပ်မတော်အရာရှိ (ငြိမ်း)များနဲ့ အင်ဒိုနီးရှားနိုင်ငံမှ ဗိုလ်ချုပ်ကြီးတို့ဆွေးနွေးချက်များကို တင်ပြသွားပါ့မယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေး လုပ်ရာမှာ ပထမအကြိမ် တပ်က အဆင့်သင့်ဖြစ်ခဲ့ပြီး ဒုတိယအကြိမ်ကျတော့ ဖုတ်ပူမီးတိုက်လုပ်ရပုံ၊ အရပ်သားအုပ်ချုပ်ဖို့စစ်တပ်အကြောင်း သိဖို့လိုပြီး၊ အချိန်ယူဖို့လိုတာတွေ ဆွေးနွေးခဲ့ပါတယ်။ တပ်မတော်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းစေဖို့ဘယ်လိုပံ့ပိုး ကူညီသင့်သလဲ၊ NLD က STANDARD ARMYဖြစ်ဖို့တပ်မတော်ကို ဘယ်လို ပံ့ပိုး ကူညီပေးသင့်တယ်ဆိုတာ ရှုထောင့်ပေါင်းစုံနဲ့မြန်မာအခင်းအကျင်း ဘက်က စဉ်စားတင်ပြဖို့စီစဉ်ထားပါတယ်။

၅။ ဒါ့အပြင် ဖေါင်းပွနေတဲ့ ဝန်ကြီးဌာနတွေဟာ ဘယ်လိုပေါင်းစပ်ရင် ကောင်းနိုင်မလဲဆိုတာနဲ့အုပ်ချုပ်ရေး အဓိကဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို ဘယ်လို ပြောင်းလဲရင်ကောင်းမလဲ ဆိုတာ တိုက်တွန်းသွားပါ့မယ်။

ချက်သမ္မတနိုင်ငံ
၆။ ချက်နိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လုံခြုံရေးတပ်ဖွဲ့များ အသွင်ကူးပြောင်းရေးရေး လုပ်ငန်း၊ ထောက်လှမ်းရေးအဖွဲ့ ပြုပြင် ဖွဲ့စည်းခြင်း၊ စတဲ့လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲံ့ရတဲ့ ယန်းဖရိုးလစ်ဂျန်ရမ်လ်၊ ပီတာဇီမန်းတို့ဟာ ချက်သမ္မတနိုင်ငံ အရေးပါတဲ့ ပြည်ထဲရေးဌာနနဲ့ ထောက်လှမ်းရေးဌာနတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိကြီးများဖြစ်ခဲ့သည့် အားလျော်စွာ အဲဒီလုပ်ငန်းစဉ်တွေကို ခက်ခဲစွာ ကျော်ဖြတ်ရတာမို့ သူတို့ရဲ့အတွေ့အကြုံများဟာ နိုင်ငံအတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားလှပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာလည်း အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ရ။ အာဏာရှင်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းလာချိန်မှာတော့ ပြည်သူလူထုက ထောက်လှမ်းရေးနှင့် ရဲတို့ကို ရွံကြောက်လာပြီး အပြီးအပိုင် ဖျက်သိမ်းဖို့ တောင်းဆိုလာကြပါတယ်။ ဒီလို ဖျက်သိမ်းလိုက်တဲ့အတွက် အသစ် ပြန်လည်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းတွေဟာ မျက်ကန်းတစ္ဆေ၊ ကြက်မျက်သင့်သလို ဖြစ်လာကာ စမ်းတ၀ါးဝါး ဖြစ်ကုန်ကြပြီး နိုင်ငံတော်ရဲ့ လုံခြုံရေး ကွန်ယက်ကြီး ပေါက်ပြဲကာ နောက်ဆုံး နိုင်ငံတော် ပြိုကွဲသည်အထိ ပေးဆပ်ခဲ့ရတဲ့ ချက်နိုင်ငံမှ ပြန်လည် စုဖွဲ့ပုံတွေကို တင်ပြမှာဖြစ်ပါတယ်။

၈။ ယန်းဖရောလစ်ဟာ ပရာ့(ဂ်) မြို့ရှိ ချားလ်စ်တက္ကသိုလ်မှ သမိုင်းဘွဲ့ရရှိခဲ့ကာ သူ့ကို နိုင်ငံတော်အား ဆန့်ကျင်သော လုပ်ရပ်များ အတွက် ဖမ်းခဲ့ပြီး ထောင်၂ နှစ် ကျခဲ့ပါတယ်။ ၁၉၉၀ တွင် ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ အကြံပေး အရာရှိ တာဝန်ကို သူ စတင် ထမ်းဆောင်ခဲ့ပြီး ၊ ၁၉၉၈ ခုနှစ် စက်တင်ဘာတွင် ပြည်ထဲရေး ဝန်ကြီးဌာန နိုင်ငံတော် လုံခြုံရေး တပ်ဖွဲ့များမှ စာရွက်စာတမ်းများကိုကိုထိန်းသိမ်းရသော မော်ကွန်းတိုက်မှူးအဖြစ် တိုးမြှင့်ခံရပြီးနောက် သူ့အတွေ့အကြုံကို ရှင်းလင်းထားပါတယ်။

၉။ ပထမဆုံး ကျင်းပတဲ့ ကွန်မြူနစ် ခေတ်လွန် ရွေးကောက်ပွဲတွေ မတိုင်မီ ရေရာသေချာမှုလည်း မရှိ၊ အပြောင်းအလဲလည်း အင်မတန်မြန်တဲ့ ဝန်းကျင် အနေအထားထဲမှာ ရွေးကောက်ပွဲ အနိုင်ရမယ်လို့ အတိုက်အခံတွေက အပိုင်တွက်ဆထားပါတယ်။ ဒါပေမဲ့ စိုးရိမ်ပူပန်နေတဲ့ အတိုက်အခံ ခေါင်းဆောင်တွေဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေထဲကို ပြုပြင်ပြောင်းလဲရေး သတိထားကိုင်တွယ် ဖြေရှင်းခဲ့ကြရပါတယ်။ အဲဒါကတော့ တဘက်က ရဲတပ်ဖွဲ့ကို အဖွဲ့ရဲ့လုပ်ငန်း လုပ်ဆောင်နိုင်စွမ်း အရှိန်အဟုန်ကို ဘယ်လိုနည်းနဲ့မှ ထိခိုက်စေခြင်း မရှိဘဲ၊ တဘက်မှာလည်း နက်ရှိုင်းတဲ့ ဖြုတ်ထုတ်ရှင်းမှုတစ်ခုကို ပြုလုပ်ရေးပဲ ဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းတာဝန် နှစ်ရပ်ဟာ တစ်ပြိုင်တည်းလုပ်လို့ မရတဲ့ လုပ်ငန်းနှစ်ရပ်ဖြစ်လို့ ခက်ခဲလှတယ်လို့ သူကဆိုပါတယ်။ ဒါကြောင့် အကျိုးဆက်အဖြစ် ဖြုတ်ထုတ်ရှင်းဖို့နဲ့ ရဲအဖွဲ့ရဲ့ ရာဇဝတ်မှုဆိုင်ရာနဲ့ တရားဥပဒေ စိုးမိုးရေး ယူနစ်အဖွဲ့တွေကို အသွင် ပြောင်းဖို့ ကြိုးစားမှုတွေဟာ (တရားဝင် မဟုတ်ပေမဲ့) လက်တွေ့မှာ စိန်ခေါ် ထားခြင်း ခံရတယ်။ အကျင့်ပျက်ခြစားပြီး အားမကိုးရတဲ့ အရာရှိကြီးတွေကို ရဲအရာရှိသစ်တွေနဲ့ တဖြည်းဖြည်းချင်းပဲ အစားထိုး ခန့်ထားဖို့ သူကြံရွယ်ခဲ့ဟန်တူပါတယ်။

၁၀။ ၁၉၉၀ခုနှစ် စက်တင်ဘာလမှာ သူ့ကို ပြည်ထဲရေး ဝန်ကြီးဌာန မော်ကွန်းဌာနရဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခြင်း ခံရတော့ ဘယ်သူ့ကို ဌာနမှာ ဆက်ထားရမယ်၊ ဘယ်သူ့ကို ဖယ်ရှားပစ်ရမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး သူ့မှာ ရှင်းလင်းတဲ့ စိတ်ကူးစိတ်သန်း တစ်ခု ရှိထားခဲ့ဟန်တူပါတယ်။ ရဲအကယ်ဒမီဆိုတာဟာ လုပ်ငန်းကျွမ်းကျင်မှု အလေ့အကျင့်တွေ၊ ဝန်ဆောင်မှုဆီသို့ ဦးတည်တဲ့ သဘောထားတွေနဲ့ အနာဂတ်ရဲအရာရှိတွေရဲ့ ဖြောင့်မတ်တည်ကြည်မှု တွေကို ရရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

၁၁။ ဒါပေမဲ့ ရဲအကယ်ဒမီသိပံ္ပကိစ္စမှာ သူက ဝင်ရောက်ကြီးကြပ် တာဝန်ယူ ဆောင်ရွက်ရာမှာ ဒီကြံရွယ်ချက်ကို အကြီးအကျယ် ဟန့်တားခံခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီ နက်နက်ရှိုင်းရှိုင်း အရေးပါတဲ့ စစ်ပွဲဟာ စ ခဲ့ပြီဆိုတာကို မသိလိုက်ခင်မှာပဲ ရှုံးနိမ့်နေခဲ့ပြီဆိုတာ သူသိလိုက်ရပါတယ်။ အဲဒီ မိသားစု မျိုးနွယ်စုတွေဟာ ပြည်ထဲရေးဝန်ကြီးဌာန ခေါင်းဆောင်သစ်ရဲ့စတင်မဲ့ ခြေလှမ်း သစ်တွေကို ကြိုတင် ခန့်မှန်းနိုင်စွမ်း ရှိကြပြီး မကြာခဏ ဆိုသလို အဲဒီ ခြေလှမ်းသစ်တွေကို ကြိုတင် တုံ့ပြန်လေ့ ရှိကြပါတယ်။ သူအငိုက်မိသွားတာက သူအလုပ် စဝင်တဲ့အချိန်မှာ ထုတ်ပယ် ဖယ်ရှားရမဲ့သူ တစ်ယောက်မှ မကျန်တော့တဲ့ အခြေအနေကို တွေ့လိုက်ရပါတယ်။ သူ့ အတွေးထဲမှာ မဖြစ်မနေ အနားပေးရမယ်လို့ စဉ်းစားထားသူတွေရဲ့ နုတ်ထွက်လွှာတွေက သူ့စားပွဲပေါ်ရောက်နှင့်နေပြီးသား ဖြစ်နေကြပါပြီ။ သူတို့ဟာ သူ့ရဲ့ ရည်မှန်းချက်တွေကို သူတို့ရဲ့ မျိုးနွယ်စု တွေကတဆင့် ကြိုတင် သိရှိထားကြတာကြောင့် သူတို့ရဲ့ လုပ်သက်ခံစားခွင့် မဆုံးရှုံးစေဖို့အတွက် သူတို့ သဘောနဲ့ သူတို့ အလုပ်က နုတ်ထွက်ခွင့် တောင်းထားကြတာ ဖြစ်ပါတယ်။ အဲဒီကွန်ယက်ကို ဖေါ်ထုတ်ဖို့ အင်မတန် ခက်ခဲပြီး ဖြစ်ရပ် တစ်ခုချင်း အခြေခံပေါ်သာ ဖေါ်ထုတ်ဖို့ ဖြစ်နိုင်တယ်လို့သူကဆိုပါတယ်။

၁၂။ ယန်းဖရောလစ်က ပြည်ထဲရေးဝန်ကြီးဌာနကို အသွင်ပြောင်းဖို့ ကြိုးစားနေချိန်မှာ ခေါင်းဆောင်သစ်တွေဟာ ကံမကောင်း အကြောင်းမလှစွာပဲ ဒုတိယ ဝန်ကြီးများ အုပ်ချုပ်တဲ့စနစ်ကို ဖျက်သိမ်းပြီး အဲဒီ စနစ်နေရာကို ဦးဆောင်အဖွဲ့ ပုံစံနဲ့ အစားထိုးမဲ့ လုပ်ငန်း အကောင်အထည်ဖေါ်ရာမှာ အောင်မြင်မှု မရခဲ့တာတွေ့ရတယ်လို့ဆိုပါတယ်။ ဒုတိယ ဝန်ကြီးရာထူးကို ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးရက်တွေကျမှသာ ဖျက်သိမ်းနိုင်ခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကို ဝန်ကြီးရဲ့ လက်အောက်ခံအဖြစ် အရပ်ဘက် ဝန်ထမ်းတွေက ဦးဆောင်တဲ့ အဖွဲ့ခွဲ (၃) ခု အဖြစ်သို့ ခွဲခြားပစ်ခဲ့ပါတယ်။ ဒုတိယဝန်ကြီးရဲ့ ရာထူးသာ အပြောင်းအလဲ မရှိခဲ့ပေမဲ့ သူ့ရာထူးက ဥပဒေပြဌာန်းချက်အရ တည်ရှိတာ ဖြစ်ပါတယ်။ ဝန်ကြီးမရှိတဲ့နောက်  ဝန်ကြီးကိုယ်စား ဝန်ကြီးရဲ့ တာဝန်များကို ဆောင်ရွက်ရခြင်း အပြင် သူက ရဲတပ်ဖွဲ့များရဲ့ ညွှန်ကြားရေးမှူး ရာထူးကိုလည်း ရယူထားပါသေးတယ်။ လက်တွေ့မှာ သူဟာ ဝန်ကြီးရဲလက်ထောက်တစ်ဦး အဖြစ်ထက် ဝန်ကြီးဌာနတစ်ခုလုံးရဲ့ လက်ထောက်အဖြစ် တာဝန် ထမ်းဆောင်ရသူ ဖြစ်ပါတယ်။

၁၃။ ပြည်ထောင်စု ပြိုကွဲပြီးတဲ့နောက် ချက်သမ္မတ နိုင်ငံရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနမှာ ဒုတိယ ဝန်ကြီး ရာထူးကို ပြန်လည်ထားရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဒုတိယ ဝန်ကြီးဟာ အစိုးရအဖြစ် ဖွဲ့စည်းထားတဲ့ ညွှန့်ပေါင်းအဖွဲ့ရဲ့ ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီနည်းနဲ့ ဒုတိယဝန်ကြီးရာထူးဟာ နိုင်ငံရေး ရာထူးတစ်ခုဖြစ်လာခဲ့ပြီး သူတို့ရဲ့ လုပ်ဆောင်မှုတွေကို အကဲဖြတ်ရာမှာ ဝန်ကြီးဟာ နိုင်ငံရေးအပိုင်းက ကိစ္စတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ သူလိုအပ်လာခဲ့လို့ဆိုပါတယ်။ ညွှန့်ပေါင်းအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုကို ထည့်သွင်းစဉ်းစားရတာမျိုး ဖြစ်တယ်လို့သူကပြောပါတယ်။ အခြား အတွေ့အကြုံ တစ်ခုကတော့ ဗဟိုလူသား အရင်းအမြစ်ဌာနကို အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်ပုံ စနစ်ထဲ ပေါင်းစပ် ထည့်သွင်းမှုနဲ့ ဆက်စပ်နေပါတယ်။ ဝန်ထမ်းရေးရာဌာနဟာ ဗျူရိုကရေစီ ယန္တရားမှန်သမျှရဲ့ အတွင်းသား အမာခံနဲ့ အထူးသဖြင့် အသွင် ကူးပြောင်းရေး ဖြစ်စဉ် အတွင်း အရေးအပါဆုံး ဖြစ်ပါတယ်။ အဲဒီအကြောင်းကြောင့်  ဒီဌာနဟာ ဝန်ကြီးဆီကို တိုက်ရိုက် အစီရင်ခံသင့်ပါတယ်။ ဝန်ကြီးအတွက် တာဝန်ကြီးလှတဲ့ အလုပ် အထုပ်အပိုးကြီး ဖြစ်မယ် ဆိုရင်တောင် သူ့ဆီကိုပဲ တိုက်ရိုက် အစီအရင်ခံသင့်ပါတယ်။ ဝန်ကြီးက ဒီဌာနအပေါ် တိုက်ရိုက်ချုပ်ကိုင် ထားသင့်ပါတယ်။ အကြောင်းကတော့ ဝန်ထမ်းရေးရာ မူဝါဒနဲ့ ဝန်ကြီးဌာနရဲ့ ဝန်ထမ်းပိုင်း ဆိုင်ရာ ရုပ်သွင်ဟာ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ လိုအပ်တဲ့ မရှိမဖြစ်တဲ့ လက်နက်ကိရိယာ တန်ဆာပလာတွေအနက် တစ်ခု ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)